Print

အအေးမိတာလား၊ တုပ်ကွေးလား

  09-Jan-2024
Preview Image

အအေးမိတာရော၊ တုပ်ကွေးကရော ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းကူးစက်ရောဂါတွေဖြစ်ပါတယ်။ နှစ်ခုလုံးဟာ လူတိုင်းလိုလို မကြာခဏ ကြုံရတတ်ပြီး ခွဲခြားသိဖို့လည်း ရောနေတတ်တာတွေ့ရပါတယ်။ ဒါကြောင့် တုပ်ကွေးုဖြစ်တာလား၊ အအေးမိတာလား သိရအောင် လက္ခဏာတွေကို သေချာလေ့လာကြည့်ရအောင်။

တကယ်လို့ အအေးမိရင် ကြုံရတတ်တဲ့လက္ခဏာတွေကတော့ နှာစေးတာ၊ နှာပိတ်တာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်တွေ ကိုက်ခဲတာ၊ နှုံးတာ တွေ ကြုံရတတ်ပါတယ်။

တုပ်ကွေးကတော့ ချောင်းခြောက်ဆိုးမယ်၊ လူတိုင်းမဖျားပေမယ့် ဖျားတဲ့သူတွေ အဖျားကြီးတတ်တယ်၊ လည်ချောင်းနာမယ်၊ ချမ်းတုန်မယ်၊ ကိုက်တွေလက်တွေ ပြင်းပြင်းထန်ထန် ကိုက်ခဲမယ်၊ ခေါင်းကိုက်မယ်၊ နှာရည်ယို၊ နှာစေးမယ်၊ ပျို့တာ၊ အန်တာ၊ (အထူးသဖြင့်ကလေးတွေမှာ) ဝမ်းသွားတာမျိုးတွေ ဖြစ်မယ်။ 

အအေးမိတာက ရက်အနည်းငယ်လောက်ဆို ပျောက်သွားတတ်တယ်။ တုပ်ကွေးလောက် မဆိုးဘူး။ တပတ် ဆယ်ရက်လောက်ဆို ကောင်းသွားပါတယ်။ ချောင်းဆိုးတာလို လက္ခဏာတွေကတော့ ၂ ပတ်လောက် ကြာတဲ့အထိ ကျန်နေတတ်တယ်။

တုပ်ကွေးကတော့ ကောက်ကာငင်ကာ ထဖြစ်တတ်ပြီး ဖြစ်ရင်လည်း အအေးမိတာထက် ပိုခံရတယ်။ တစ်ပတ်နှစ်ပတ်လောက်ကြာတတ်တယ်။ 

အအေးမိတယ်ဆိုတာ ဘာလဲ

အအေးမိတယ်ဆိုတာ အသက်ရှူလမ်းကြောင်း အထက်ပိုင်းကို ဗိုင်းရပ်စ်ပိုးဝင်ရောက် ကူးစက်တာပါပဲ။ အအေးမိစေတဲ့ ဗိုင်းရပ်စ်အမျိုးပေါင်း ၂၀၀ ကျော်ရှိပါတယ်။ အဲ့ထဲမှာမှ Rhinovirus ကတော့ ကူးစက်မှုပြင်းထန်ပြီး အဖြစ်အများဆုံးဆိုတာ တွေ့ရတယ်။ တစ်နှစ်ပတ်လုံး ဘယ်အချိန်မဆို အအေးမိနိုင်ပေမယ့် အအေးမိစေတဲ့ ဗိုင်းရပ်စ်တွေဟာ စိုထိုင်းမှုနည်းတဲ့အခါမှာမှ ကောင်းကောင်းရှင်သန်နိုင်တဲ့အတွက် ဆောင်းတွင်းဘက်မှာတော့ အဖြစ်အများဆုံးလို့ပြောရမယ်။

အအေးမိတာဟာ တုပ်ကွေးလိုမျိုး ချောင်းဆိုး၊ နှာချေတဲ့ာအမှုန်အမွှားတွေကနေတဆင့် ကူးစက်တာပါပဲ။ အဲဒီအမှုန်အမွှားတွေ တင်ကျန်နေတဲ့အရာဝတ္ထုတွေကို ထိမိ၊ ကိုင်မိရာကနေ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတွေကို ပွတ်သပ်မိပြီး ကူးစက်တတ်ပါတယ်။ ဒီလို အအေးမိဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့ပြီးရင် ၂ ရက်ကနေ ၄ ရက်အတွင်းမှာ ဖျားတော့တာပါပဲ။

ကုသမှု

အအေးမိတာကလည်း ဗိုင်းရပ်စ်ကြောင့် ဖြစ်တာမို့ ပိုးသတ်ဆေးပေးလို့ အလကားပါပဲ။ antihistamines, နှာစေးပျောက်ဆေး၊ acetaminophen ခေါ် ပါရာစီတမော၊ အကိုက်ခဲပျောက်ဆေး လေးတွေပေးပြီး လက္ခဏာတွေကို သက်သာစေပါတယ်။ ပြီးတော့ ရေများများသောက်ပေးဖို့ လိုပါတယ်။ ဗီတာမင်စီသောက်လို့ အအေးမိတာကို မကာကွယ်ပေမယ့် လက္ခဏာတွေကိုတော့ သက်သာစေပါတယ်။ ဗီတာမင် ဒီကတော့ အအေးမိတာကိုရော တုပ်ကွေးမိတာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ တပတ်ကြာတဲ့အထိ အအေးမိတာ မသက်သာလာရင်၊ အဖျားအရမ်းတက်ရင်၊ အဖျားမကျတော့ရင်  ကိုယ့်ဘာသာဆေးသောက်မနေဘဲ ဆေးရုံ၊ ဆေးခန်း သွားပြဖို့ လိုပါတယ်။

အအေးမိတာအတွက် ကာကွယ်ဆေးမရှိပေမယ့် ဆောင်ရန်၊ ရှောင်ရန်လေးတွေတော့ ရှိပါတယ်။ အအေးမိဖျားနာနေသူနဲ့ သိပ်နီးနီးကပ်ကပ်မနေသင့်ပါဘူး။ အသုံးဆောင်ပစ္စည်းတွေ၊ သွားပွတ်တံ၊ တာဝါ စတဲ့ တကိုယ်ရေသုံးပစ္စည်းတွေကို မျှမသုံးပါနဲ့။ ကိုယ်ဖျားနာရင်လည်း အိမ်မှာပဲ နားနားနေနေ နေပါ။ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊ ချောင်းဆိုး၊ နှာချေပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ရေနဲ့ စင်ကြယ်စွာ ဆေးကြောဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။ လက်နဲ့ မျက်နှာကို ခဏခဏပွတ်သပ်တာမျိုး မလုပ်ပါနဲ့။ ဒါမှမဟုတ်လည်း အယ်လ်ကိုဟောပါတဲ့ လက်သန့်ဆေးရည် သုံးပါ။

တုပ်ကွေးကတော့ တစ်နှစ်လုံး ဖြစ်ချင်တဲ့အချိန် ထဖြစ်နိုင်ပြီး ရာသီအကူးအပြောင်းတွေမှာ ပိုအဖြစ်များတဲ့အတွက် ရာသီတုပ်ကွေးလို့လည်း သုံးနှုန်းကြပါတယ်။ တုပ်ကွေးလည်း အသက်ရှူလမ်းောကာင်း အထက်ပိုင်းကို ဗိုင်းရပ်စ်ပိုးဝင်ရောက် ကူးစက်တာဖြစ်ပါတယ်။ တုပ်ကွေးနဲ့ အအေးမိတာက ကူးစက်ပုံချင်း တူညီပါတယ်။ ချောင်းဆိုး၊ နှာချေတဲ့အမှုန်အမွှားတွေကနေ ကူးတာပါပဲ။ ရောဂါပိုးကူးစက်ပြီး တစ်ရက်နေရင် တုပ်ကွေးစဖြစ်ပြီး ၅ ရက်၊ တပတ်လောက်အထိ ဖျားနာတတ်ပါတယ်။ ရာသီတုပ်ကွေးမကို ဖြစ်စေတဲ့ တုပ်ကွေးပိုး အေ၊ ဘီ၊ စီ ဆိုပြီး သုံးမျိုးထဲမှာမှ အေနဲ့ ဘီက အတွေ့ရအများဆုံးပါပဲ။ ပြီးတော့ ဗိုင်းရပ်စ်ပိုးက တစ်နှစ်နဲ့ တစ်နှစ် မျိုးစိတ်ပုံစံတွေ ပြောင်းပြောင်းသွားတဲ့အတွက် တုပ်ကွေးကာကွယ်ဆေးကလည်း နှစ်တိုင်း အသစ်အသစ်တွေ ထုတ်ရပါတယ်။

အအေးမိတာနဲ့ မတူတဲ့အချက်ကတော့ တုပ်ကွေးက ပြင်းထန်တယ်။ အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကိုယ်ခံအားနည်းသူတွေ၊ နာတာရည်ရောဂါရှိတဲ့သူတွေမှာဆို စိုးရိမ်ရပါတယ်။  ဘတ်တီးရီးယားဝင်တာ၊ အဆုတ်အအေးမိတာလို နောက်ဆက်တွဲတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုလူတွေ တုပ်ကွေးဖြစ်ရင် ဆေးရုံ၊ ဆေးခန်းပြဖို့အရေးကြီးပါတယ်။ အသက်ရှူမြန်တာ၊ အဖျား ၁၀၄ ဒီဂရီဖာရင်ဟိုက်ထက် ကျော်လာတာ၊ နှုတ်ခမ်းတွေပြာလာတာ၊ ဗိုက်အောင့်တာ၊ ချောင်းအရမ်းဆိုးတာ၊ ကိုယ်ပူချိန်မြင့်လွန်းတာတွေ ၊ တက်တာ၊ ဆီးမသွားတော့တာ ဖြစ်ရင် ဆေးရုံကို အမြန်သွားရပါမယ်။ ကာကွယ်နည်းတွေ၊ ကုသနည်းတွေနဲ့ ပတ်သက်ပြီး ရှေ့အပတ်တွေတုန်းက ဖော်ပြပြီးပြီမို့ အခုဆောင်းပါးမှာတော့ အအေးမိတာနဲ့ အဓိက ကွာခြားတာကိုပဲ ပြောပြပါတော့မယ်။

အအေးမိတာက ဖြစ်ရင် တစ်ရက်လောက် လည်ချောင်းနာချင်သလိုလိုကနေ တဖြည်းဖြည်း စပါတယ်။ တုပ်ကွေးကတော့ အဲလိုမဟုတ်ဘဲ ကောက်ကာငင်ကာ ဗြုန်းကနဲ ထဖြစ်တာပါ။ အအေးမိရင် အဖျားရှိတာမျိုး ရှားပါတယ်။ တုပ်ကွေးကတော့ ဖျားလေ့ရှိတယ်။ ကိုယ်လက်ကိုက်ခဲတာကတော့ အအေးမိတာမှာ သိပ်မဆိုးဘဲ တုပ်ကွေးမှာတော့ ပြင်းပြင်းထန်ထန် ခံရပါတယ်။ အအေးမိရင် ချမ်းတုန်တာမျိုး မရှိပေမယ့် တုပ်ကွေးမှာ နည်းနည်းပါးပါး ရှိတတ်တယ်။ နှာစေးတာ၊ နှာပိတ်တာ၊ လည်ချောင်းတာက အအေးမိရင် အဖြစ်များပြီး တုပ်ကွေးမှာတော့ တစ်ခါတစ်လေမှ တွေ့ရတတ်ပါတ.်။ ချောင်းဆိုးတာ၊ ရင်ဘတ်အောင့်တာက တုပ်ကွေးမှာ ပိုဖြစ်တတ်ပြီး အအေးမိရင်တော့ နည်းနည်းပါးပါးလောက်ပဲ ကြုံရပါတယ်။ တုပ်ကွေးမိရင် ခေါင်းကိုက်တတ်ပြီး အအေးမိရင်တော့ ခေါင်းကိုက်တာ ရှားပါတယ်။

များသောအားဖြင့် အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာက လက္ခဏာတွေ တူတာ၊ ထပ်တာတွေရှိတဲ့အတွက် ခွဲရခက်ပါတယ်။ နှစ်ခုစလုံးကတော့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာတွေမို့ နားနားနေနေ နေပြီး အာဟာရပြည့်အောင် စနစ်တကျစားသောက်တာ၊ လက္ခဏာသက်သာစေတဲ့ ဆေးတွေသောက်တာ၊ ရေများများသောက်တာတွေ လုပ်ပေးရင် သက်သာပျောက်ကင်းပါတယ်။ တုပ်ကွေးမှာတော့ စိုးရိမ်ရတဲ့လူတွေဆိုရင် antiviral ပေးတတ်ပါတယ်။ ပုံမှန်လူတွေကိုတော့ ပေးလေ့မရှိပါဘူး။

အအေးမိ၊ တုပ်ကွေးဖြစ်ရင် ဘာတွေမှီဝဲသင့်လဲ။

ဇင့်ဖြည့်စွက်ဆေးတွေသောက်ပေးတာဟာ အအေးမိတာကို မြန်မြန်သက်သာစေတာတွေ့ရတဲ့အတွက် ဇင့်ပါတဲ့ ငုံဆေး၊ ဆေးရည်၊ စတာတွေကို နေမကောင်းစဉ် သောက်ပေးလို့သင့်တော်ပါတယ်။ ပြီးတော့ ပျားရည်ဟာလည်း ချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေကို သက်သာစေတဲ့အပြင် ဘတ်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို သတ်နိုင်တာကြောင့် ပျားရည်နဲ့ ရေနွေးနဲ့ ဗီတာမင်စီဓာတ်ပါတဲ့ လီမွန်ရည်တို့ရောပြီး သောက်ပေးသင့်ပါတယ်။ နောက်တစ်ခုကတော့ ကြက်သွန်ဖြူပါ။ ကြက်သွန်ဖြူဟာ အအေးမိတာ၊ တုပ်ကွေးဖြစ်တာတွေကို သက်သာစေပြီး ဗိုင်းရပ်စ်ကိုလည်း တိုက်နိုင်တာကြောင့် ကြက်သွန်ဖြူ များများပါတဲ့ဟင်းချက်စားတာ၊ ကြက်သွန်ဖြူစားတာ၊ ကြက်သွန်ဖြူကထုတ်တဲ့ ဖြည့်စွက်ဆေးသောက်တာမျိုး လုပ်ပါ။ ဗီတာမင် ဒီဟာ အအေးမိတာ တုပ်ကွေးဖြစ်တာကို သက်သာစေတယ်၊ ကာကွယ်ပေးတယ်လို့ အပေါ်မှာ ပြောခဲ့ပါတယ်။ အတိအကျပြောရရင် ဗီတာမင် D3 ပါ။ ဗီတာမင် D3 ကို ဖြည့်စွက်ဆေးအနေနဲ့ သောက်သုံးရရှိနိုင်သလို နေရောင်ခြည်ကိုထိတွေ့ခံယူရင် ရရှိနိုင်တဲ့အတွက် ကိုယ်လက်လှုပ်ရှားမှုလုပ်ရင်း မနက်အစော နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။ ဒါဟာ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးရာရောက်ပါတယ်။ ဗီတာမင် D3 ဟာ အစားသောက်ကနေ ရဖိုခက်တဲ့ ဓာတ်တစ်မျိုးပါ။ 

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပါ။ ဘီတာကယ်ရိုတင်းကြွယ်ဝတဲ့ ကန်စွန်းဥ၊ မုန်လာဥ၊ ဟင်းနုနွယ်၊ သင်္ဘောသီး၊ သရက်သီး၊ ပန်းဂေါ်ဖီစိမ်း ၊ ကီဝီသီး၊ ဒိန်ချဉ်၊ Green Tea ပန်းငရုတ် ကြက်သွန်နီ၊ ဂျင်း ပြုတ်ရည်၊ ကြက်ပြုတ်ရည်၊ အာဟာရ ဖြည့် တွေစားပေးပါ။

- fresh juice လိုမျိုး သစ်သီးဖျော်ရည် သောက်ပါ။

အရေးကြီးဆုံးအချက်ကတော့ စိတ်ဖိစီးမှုတွေ လျော့ချပြီး အိပ်ရေးဝေအောင် အိပ်ဖို့ပါ။ ဒါဟာ အအေးမိ တုပ်ကွေးမဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။  ကိုယ်ခံ အားကောင်းမွန်ပြီး ကျန်းမာနေဖို့ဆိုရင် တစ်ညကို အနည်းဆုံး ၈နာရီပြည့်အောင် အိပ်စက်သင့်ပါတယ်။ ဒါကြောင့်မို့ လူတိုင်းဖျားနာနေကြချိန်မှာ ဒါလေးတွေ ဆင်ခြင်ပြီး လိုက်နာနိုင်မယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ရရှိပါလိမ့်မယ်။ ကာကွယ်ဖို့က ရိုးရှင်းပါတယ်။ လိုက်နာဖို့ပဲ လိုတာပါ။

ဒေါက်တာစိမ့် ( For Your Health For Your Beauty)






Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18