Print

ဆောင်းရာသီမှာ ကျန်းမာလှပဖို့

  18-Dec-2023
Preview Image

ဆောင်းရာသီမှာ ကျန်းမာလှပဖို့

ဆောင်းတွင်းဝင်လာပြီဆိုတော့ အပူချိန်တွေကျဆင်းပြီး ရာသီဥတုကလည်း အေးမြလာပါတယ်။ ဒီလိုအေးလာတာနဲ့အမျှ ကျမတို့ရဲ့ကျန်းမာရေးမှာလည်း အပြောင်းအလဲလေးတွေ ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်းတွေမှာ မကျန်းမမာဖြစ်ဖို့ပိုပြီးအလားအလာရှိပါတယ်။ ဒီတော့ ဆောင်းရာသီဟာ ကျွန်မတို့ ခန္ဓာကိုယ်မှာ ဘယ်လိုသက်ရောက်မှုတွေရှိလဲဆိုတာကို ကြည့်ကြရအောင်လား။

နှလုံးနဲ့ သွေးလှည့်အဖွဲ့

ဆောင်းတွင်းရောက်တဲ့အခါ ရာသီဥတုကအေးလာတဲ့အတွက် ကျမတို့ခန္ဓာကိုယ်မှာ ရှိရင်းစွဲအပူဓာတ်လေးတွေ ဆုံးရှုံးသွားမှာစိုးတဲ့အတွက် သွေးကြောလေးတွေက ကျဉ်းပေးပါတယ်။ Vasoconstriction ပေါ့။ ဒီလိုကျုံ့လိုက်တဲ့အတွက် သွေးထဲမှာ ဖိအားတက်လာတာကြောင့် သွေးတိုးတာ၊ သွေးပေါင်ချိန်တက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အပူချိန်ကို ထုတ်ပေးနိုင်ဖို့အတွက် နှလုံးက ခါတိုင်းထက်ပိုပြီး ပင်ပင်ပန်းပန်းအလုပ်လုပ်ရတဲ့အတွက် နဂိုနှလုံးရောဂါအခံရှိတဲ့သူတွေဆို Heart Attack ရတတ်ပါတယ်။ ဒါကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါရှိတဲ့သူတွေဆို ပိုသတိထားရပါမယ်။ ဒါကို ကာကွယ်ဖို့အတွက်ဆိုရင် သိပ်အအေးမခံဘဲ နွေးနွေးထွေးထွေးနေဖို့ အကြံပေးလိုပါတယ်။

ပန်းနာရင်ကြပ်

လေအေးအေးကို ရုတ်တရက်ရှူရှိုက်လိုက်ရတဲ့အခါ ကျမတို့ရဲ့လေပြွန်ဟာ ရုတ်တရက် ကျဉ်းလိုက်ပါတယ်။ ဒီအတွက် နှာချေတာ၊ အသက်ရှုမဝတာ၊ မောတာတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် နဂိုကတည်းက ပန်းနာရင် ကြပ်ရှိတယ်ဆိုရင် ပိုဂရုပြုသင့်ပါတယ်။ ပုံမှန်ဆေးရှူ၊ ဆေးသောက်တာ၊ ရှုဆေးကို ကိုယ်နဲ့မကွာ ဆောင်ထား တာ၊ လည်ပင်းတဝိုက်ကို ပဝါလေးပတ်ထားတာ၊ နွေးနွေးထွေးထွေးဝတ်ဆင်တာတွေ ပြုရပါမယ်။

ရာသီတုပ်ကွေး

ရာသီအကူးအပြောင်းမှာ ဖျားနာတာ၊ ချောင်းဆိုး၊ နှာစေးတာ၊ လည်ချောင်းနာတာ၊ ကိုယ်လက်ကိုက်ခဲတာတွေ ကို ကြုံရတတ်ပါတယ်။ ဘယ်တုပ်ကွေးမဆို ဗိုင်းရပ်စ်ကြောင့်ဖြစ်တာဖြစ်ပြီး များသောအားဖြင့် Anti-viral ဆေးတွေ ပေးလေ့မရှိပါဘူး။ အဲဒီအစား ရောဂါလက္ခဏာသက်သာစေမယ့် ဆေးလေးတွေပဲပေးပါတယ်။ ကိုယ်ပူတာ၊ ခေါင်းကိုက်တာ၊ ကိုယ်တွေလက်တွေနာတာက ထိရောက်တဲ့ အဖျားပျောက်ဆေး၊ အကိုက်ခဲပျောက် ဆေးနဲ့တင် လုံလောက်ပါတယ်။ အခုဆိုရင် ဖျားတာအပြင် ချောင်းဆိုး၊ နှာစေးတာ ကိုပါ ပျောက်တဲ့ combined drug တွေ ပေါ်နေပါပြီ။

လည်ချောင်းနာတာအတွက် anti-viral တွေ၊ ပဋိဇီဝဆေးတွေ သောက်ဖို့မလိုပါဘူး။ ငုံဆေးငုံတာ၊ ဆားရေနွေးနဲ့ ပလုပ်ကျင်းတာဟာ ရောင်ရမ်းတာကို သက်သာစေပြီး လည်ပင်းတလျှောက်ချောမွေ့စေပါတယ်။ 

တုပ်ကွေးဟာ ချောင်းဆိုး၊ နှာချေလိုက်တဲ့ အမှုန်အမွားတွေဟာ အသက်ရှူလမ်းကြောင်းကနေတဆင့် ဝင်ရောက်ကူးစက် တတ်တာမို့ ဖြစ်နိုင်ရင် လူထူထပ်တဲ့နေရာတွေမသွားဘဲ အိမ်မှာနားနေပါ။ ချောင်းဆိုး၊ နှာချေတဲ့အခါမှာလည်း လက်ကိုင်ပဝါထက် တခါသုံးတစ်ရှူးလေးတွေကို သတိတရ အသုံးပြုသင့်ပါတယ်။ ဒါမှ ကိုယ့်မှာရှိတဲ့ ရောဂါပိုးတွေ တခြားသူတွေဆီ မကူးစက်တော့မှာဖြစ်ပါတယ်။ ဒါ့ပြင်နှာချေလိုက်တဲ့ အမှုန်အမွှား တွေဟာ စားပွဲခုံလို ပစ္စည်းတွေအပေါ် တင်ကျန်နေတဲ့အခါ ကိုယ်က ကိုင်တွယ်မိလိုက်ရင်လည်း ကူးစက်တတ် ပါတယ်။ ဒါကြောင့် တစ်ခုခုကိုကိုင်ပြီးတိုင်း လက်ဆေးတဲ့အကျင့်လေးကိုမွေးပါ။

နောက်ထပ် ဗိုင်းရပ်စ်ကြောင့်ဖြစ်တတ်တာတစ်ခုလည်းရှိပါသေးတယ်။ အဲဒီဗိုင်းရပ်စ်ကတော့ Noro Virus ပါ။ သူက အန်တာနဲ့ ဝမ်းလျောတာကို ဖြစ်စေတာကြောင့် ဆုံးရှုံးသွားတဲ့ ရေနဲ့ ဆားဓာတ်တွေကို ပြန်ဖြည့်ဖို့ ဓာတ်ဆားရည်ဂရုတစိုက်ပြန်သောက်ပေးဖို့ အရေးကြီးပါတယ်။ ဒီဗိုင်းရပ်စ်ကလည်း လူနေထူထပ်တဲ့ ကျောင်း၊ ဆေးရုံလိုနေရာတွေမှာ ပိုကူးစက်ပြန့်ပွားလွယ်ပါတယ်။

အဆစ်အမြစ်တွေကိုက်တာ

နောက်ထပ်ဖြစ်တတ်တာတစ်ခုကတော့ အဆစ်အမြစ်တွေ ကိုက်ခဲတာပါ။ အကြောင်းရင်းတိတိကျကျကို ရှာမရသေးပေမယ့် ရာသီဥတုအေးလာတဲ့အခါ အဆစ်အမြစ်တွေကိုက်ခဲလာတတ်ပါတယ်။ ဒါကြောင့် ဆေးလိမ်းပြီး နွေးနွေးထွေးထွေးနေဖို့ လိုပါတယ်။

စိတ်ထိုင်းမှိုင်းလေးလံတာ

အင်မတန်အေးပြီး နေရောင်တောင်မြင်ရခဲတဲ့ အနောက်နိုင်ငံတချို့မှာဆိုရင် ဆောင်းတွင်းရောက် တာနဲ့ နေရောင်ခြည်နဲ့ကင်းကွာသွားတဲ့အတွက် စိတ်ဓာတ်ကျပြီး နွေဦးရောက်လို့ နေရောင်ခြည်မြင်ရင် ပုံမှန်အတိုင်းပြန်ဖြစ်တဲ့ စိတ်ကျရောဂါတစ်မျိုးတောင်ရှိပါတယ်။ ဒါကို Seasonal Affective Disorder (SAD) လို့ခေါ်ပါတယ်။ ကျမတို့ဆီမှာလည်းဆောင်းတွင်းအေးလို့ဆိုပြီး အိမ်တွင်း အောင်းနေတဲ့အခါ စိတ်ထိုင်းမှိုင်း လေးလံနေတာမျိုး၊ မလန်းဆန်းတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မနက် ၁၀ နာရီမတိုင်မီထွက်တဲ့ နေရောင်ခြည်နဲ့ ထိတွေ့ပေးမယ်ဆိုရင်ခန္ဓာကိုယ်က serotonin level တက်လာပြီး အကျဘက်ဦးတည်တဲ့ ခံစားချက်အတွေးမျိုးတွေကို ပျောက်ကင်းသက်သာစေပါတယ်။ တစ်နေ့ကိုအနည်းဆုံး ၁၅ မိနစ်လောက်တော့ နေရာင်ခြည်နဲ့ ထိတွေ့ပေးရင် လုံလောက်ပါပြီ။ 

Raynound’s Phenomenon

ဒါကတော့ သွေးကြောရောဂါရှိတဲ့သူတွေ၊ ဆီးချိုသမားတွေမှာ ပိုမြင်ရတတ်ပါတယ်။ အအေးနဲ့ထိတွေ့တဲ့အခါ ခြေလက်တွေဟာ ရုတ်ရက် ဖြူစုပ်သွားပြီး ပြာနှမ်းလာမယ်။ ပြီးတော့ နီရဲလာပြီး အင်မတန်နာကျင်လာတတ်ပါ တယ်။ ဒီအတွက် ခြေလက်တွေကိုနွေးထွေးနေအောင် လက်အိတ်ခြေအိတ်တွေ စွပ်ပေးထားပါ။

အသားအရေခြောက်သွေ့ကြမ်းတမ်းလာတာ

ပွဲတော်တွေ၊ ပိတ်ရက်တွေများတဲ့ ဆောင်းရာသီဟာ ကျမတို့အသားအရေအတွက်တော့ ပျော်ဖို့မကောင်းပါဘူး။ အေးမြတဲ့လေထုထဲမှာ စိုထိုင်းဆတွေနည်းပါးနေတဲ့အတွက် ကျမတို့အသားအရေက ရေဓာတ်ကို စက္ကန့်နဲကအမျှ ခိုးယူနေပါတယ်။ ဒါကြောင့် အသားအရေခြောက်သွေ့လာမယ်၊ အက်ကွဲလာမယ်၊ သိပ်ဆိုးလာရင် သွေးပါထွက်လာတတ်ပါတယ်။ အဲဒီအတွက် အသားအရေခြောက်သွေ့တာတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲ။ အရင်ဦးဆုံး ကိုယ့်အသားအရေဟာ ရေဓာတ်ခန်းခြောက်နေပြီလားဆိုတာ အရင် စစ်ကြည့်လိုက်ပါ။ လွယ်လွယ်လေးပါပဲ။ လက်မောင်းဖြစ်ဖြစ်၊ ခြေထောက်ဖြစ်ဖြစ်ကို လက်သည်းလေးနဲ့ ခပ်သာသာ ကုတ်ခြစ်ကြည့်လို့ အဖြူအဆင်းကြီးဖြစ်ပြီး အဖက်ဖက်တွေ ဖွာထွက်နေတယ်ဆိုရင်တော့ ဒါ ရေဓာတ်လိုအပ်နေပါပြီ။ 

ရေချိုးတဲ့အခါ ရေနွေးနဲ့ ကြာကြာချိုးတာဟာ အရေပြားမှာရှိတဲ့ ပိုးမွှားတွေကနေအကာကွယ်ပေးနိုင်တဲ့ အဆီလွှာလေးကို ခမ်းခြောက်ပျက်စီးစေပြီး ကိုယ့်ရဲ့အသားရေကို မွဲခြောက်၊ ထိခိုက်လွယ်စေပါတယ်။ အကာကွယ်အဆီလွှာမရှိတော့တဲ့အတွက် ပိုးတွေ၊ အညစ်အကြေးတွေ ဝင်လွယ်ပါတယ်။ ဒါကြောင့် ရေသိပ်မူမအေး အနေထားနဲ့ချိုးတာက အသားရေအတွက်ပိုသင့်တော်ပါတယ်။ ပြီးတော့ ရေချိုးတာက ဆယ်မိနစ်ထက်လည်း ပိုမကြာသင့်ပါဘူး။ ရေချိုးပြီး စက္ကန့် ၃၀ အတွင်းမှာပဲ အစိုဓာတ်ခရမ်တစ်ခုခုကို လိမ်းပေးမယ်ဆိုရင် အသားအရေစိုထိုင်းဆကို ပိုမိုရစေပါလိမ့်မယ်။

ဆောင်းတွင်းဘက်မှာ ခါတိုင်းထက်ပိုပြီး ရေဓာတ်တွေလိုအပ်နေတာကြောင့် ဒီရေဓာတ်ကို ပြန်လည်ဖြည့်ဆည်းဖို့အတွက် နေ့စဉ်ရေသောက်နှုန်းကို မြှင့်ရပါမယ်။ တစ်နေ့ကို ရေဖန်ခွက် ၇ ခွက်နှုန်း သောက်ပေးရင် ပိုကောင်းပါတယ်။ အရည်ရွှမ်းတဲ့အသီးအရွက်တွေ များများစားပေးပါ။ အုန်းရည်၊ ဖရဲသီး၊ သခွားသီး၊ ကီဝီသီး မုန်လာဥနီ၊ နာနတ်သီး စတဲ့ အရည်ရွှမ်းတဲ့ သစ်သီးတွေ စားသုံးတာကလည်း ရေဓာတ်နည်းပါးတာကို ကာကွယ်ပြုပြင်ပေးနိုင်ပါလိမ့်မယ်။ 

ပြီးတော့ moisturizer ရေဓာတ်ဖြည့်ပေးတဲ့ ခရင်မ်မျိုး ဖြစ်ဖြစ်၊ သဘာဝထဲကဆိုရင် ရှားစောင်းလက်ပက်အနှစ်လိမ်းတာ၊ သခွားသီးကပ်တာဖြစ်ဖြစ် ပုံမှန်လုပ်ပေးလို့ရပါတယ်။ Water-based cream ထက် oil-based cream တွေလိမ်းပေးတာက အစိုဓာတ်ကို မဆုံးရှုံးအောင် ထိန်းပေးထားနိုင်ပါတယ်။ ဒါ့အပြင် ခြေလက်တွေ၊ တံတောင်ဆစ်၊ ဒူးတွေက ခနာကိုယ်ရဲ့ တခြားအစိတ်ပိုင်းတွေထက် ရေဓာတ်ပိုခမ်းခြောက်တတ်တာကြောင့် အစိုဓာတ်လိမ်းခရမ်ကို ဂရုစိုက်လိမ်းပြီး လက်ရှည်အကျီ၊ လက်အိတ်ဖြစ်ဖြစ် ဝတ်အိပ်မယ်ဆိုရင် မနက်ခင်းရောက်တဲ့အထိ အစိုဓာတ်ကို အပြည့်အဝ ရရှိပါလိမ့်မယ်။

အခုလို ဆောင်းတွင်းဘက် အထူးသဖြင့် အလွန်အေးတဲ့ တောင်ပေါ်ဒေသတွေမှာ heater လေးတွေ တပ်ထားလေ့ရှိပါတယ်။ ဒါပေမယ့် ဒီ heater ကြောင့်ပဲ အသားရေခြောက်သွေ့တာတွေက ပိုဆိုးလာပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်တော့ ဆောင်းတွင်းဘက် ကိုယ့်အခန်းထဲမှာ Heater ထက် အစိုဓာတ်ပေးတဲ့ humidifier လေးတပ်ဆင်ထားမယ်ဆိုရင် အသားရေ ခြောက်သွေ့ယားယံတာတွေကို သက်သာစေတဲ့အပြင် အသက်ရှူရတာကိုလည်း ပိုအဆင်ပြေစေပါတယ်။


ဆောင်းရာသီအတွက် အကောင်းဆုံးနေထိုင်မှုပုံစံ

အဓိကကတော့ ကိုယ်ခံအားကောင်း အောင်၊ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းအောင် ပြုမူနေထိုင်ဖို့ပါပဲ။

ရေဟာ ခန္ဓာကိုယ်က ဆဲလ်တွေအားလုံး သူ့အလုပ် သူကောင်းစွာလုပ်နိုင် ဖို့အတွက် အရေးကြီးတဲ့အတွက် ရေများများသောက်ပေးပါ။

တတ်နိုင်သမျှ ဓာတုဆေးတွေမပါဝင် တဲ့အစားစာမျိုးစားပါ။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပါ။ ဘီတာကယ်ရိုတင်းကြွယ်ဝတဲ့ ကန်စွန်းဥ၊ မုန်လာဥ၊ ဟင်းနုနွယ်၊ သင်္ဘောသီး၊ သရက်သီး၊ ပန်းဂေါ်ဖီ စိမ်း၊ ကီဝီသီး၊ ဒိန်ချဉ်၊ ပန်းငရုတ်တွေ စားပေးပါ။ Green Tea၊ သစ်သီးဖျော်ရည် စတာတွေ သောက်ပါ။

ကြက်သွန်နီ၊ ဂျင်းပြုတ်ရည်၊ ကြက်ပြုတ်ရည်၊ အာဟာရဖြည့်စွက်စာတွေ စားပေးပါ။

ကျမတို့အိပ်တဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ ပြုပြင်စရာရှိတာတွေ ပြင်ပြီး၊ အနားပေးစရာရှိတာတွေကို အနားပေးပါတယ်။ ကိုယ်ဒီညအိပ်လိုက်တဲ့အချိန်ဟာ နောက်တစ်နေ့ အသုံးချရမယ့်စွမ်းအင်ပမာဏ နဲ့တိုက်ရိုက်အချိုးကျပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ဖို့ အရေးကြီးပါတယ်။ ကိုယ်ခံအားကောင်းမွန်ပြီး ကျန်းမာနေဖို့ဆိုရင် တစ်ညကို အနည်းဆုံး ၈နာရီပြည့်အောင် အိပ်စက်သင့်ပါတယ်။

နောက်ထပ်လုပ်ဆောင်ရမှာကတော့ ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခန်းတစ်ခုခုပေါ့။ ကိုယ်လက်လှုပ်ရှားတာဟာ ကိုယ်ခံအားဆဲလ်တွေရဲ့ တိုက်ထုတ်နိုင်ချိန်ကို ပိုပြီးတာရှည်စေတယ်။ လှုပ်ရှားမှုလုပ်လိုက်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ အပူချိန်တက်လာမယ်။ ဒါဟာ ဘာအတွက်ကောင်းလဲ ဆိုရင် ရောဂါပိုးတွေကို ဝါးမြိုခြေဖျတ်ပေးတဲ့ macrphage ဆိုတဲ့ဆဲလ်တွေရဲ့ ခြေဖျတ်နိုင်စွမ်းကို တက်စေတယ်။ အရေးအကြီးဆုံးကတော့ ခန္ဓာကိုယ်ကို ဝင်လာတဲ့ မလိုအပ်တဲ့အရာတွေ၊ ပိုးမွှားတွေကို ဖယ်ရှားပေးတဲ့ ပြန်ရည်ကြောစနစ် (Lymphatic System) ကို ပိုမိုမြန်ဆန်အားကောင်းစေပါတယ်။ ဒါကြောင့် အိမ်မှာ မလှုပ်မရှားမနေဘဲ ချွေးထွက်စေမယ့် အားကစားတစ်ခုခု၊ လှုပ်ရှားမှုတစ်ခုခု လုပ်ဖို့တိုက်တွန်းလိုပါတယ်။

နောက်တစ်ခုကတော့ နေရောင်ခြည်နဲ့ထိတွေ့ပြီး ဗီတာမင် B3 ကိုရယူစေချင်ပါတယ်။ ဗီတာမင် B3 ဟာ ကိုယ်ခံ အားကောင်းစေရုံသာမ ရာသီတုပ်ကွေးကိုလည်း ကာကွယ်နိုင်ပါသတဲ့။

ဒါ့အပြင် လုံလောက်အောင်အနားယူဖို့လည်း လိုပါတယ်။ ဒါမှ stress တွေလျော့နည်းပြီး ကိုယ်ခံအားအတွက် အထောက်ပံ့ဖြစ်စေမှာပါ။

အားလုံးကျန်းမာလှပကြပါစေ။ 

For Your Health For Your Beauty 

ဒေါက်တာစိမ့်




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18