Print

ချောင်းဆိုးခြင်းရဲ့နောက်ကွယ်

  18-Dec-2023
Preview Image

ချောင်းဆိုးခြင်းရဲ့နောက်ကွယ်

လည်ချောင်း (သို့) အသက်ရှူလမ်းကြောင်းကို တစ်ခုခုက လာဆွတဲ့၊ လှုံ့ဆော်တဲ့၊ တနည်း ကလိတဲ့အခါမှာ အာရုံကြောတွေက ဦးနှောက်ကို အချက်ပေးလိုက်တယ်။ အဲဒီအခါမှ ဦးနှောက်ဟာ ရင်ဘတ်နဲ့ ဝမ်းဗိုက်က ကြွက်သားတွေကို ကျုံ့စေ၊ ညှစ်စေပြီး လေတွေတွန်းကန်ထုတ်အောင် စေခိုင်းလိုက်ပါတယ်။ ဒီဖြစ်စဉ်ကို ချောင်းဆိုးတယ်ခေါ်တာပေါ့။ ချောင်းဆိုးတယ်ဆိုတာ မသင့်တော်တဲ့အရာတစ်ခုခုကို ခန္ဓာကိုယ်က ပြန်လည်ဖယ်ရှားတဲ့နည်းတစ်ခုလို့ ဆိုရမှာပေါ.

ချောင်းဆိုးတာဟာ အချွဲတွေ၊ မီးခိုးတွေ၊ ဓာတ်မတည့်စေတဲ့ အမှုန်အမွှား၊ ဖုံမှုန့်တွေ၊ ဝတ်မှုန်တွေကို ဖယ်ရှားပြီး ခန္ဓာကိုယ်ကို ကာကွယ်ပေးတဲ့ ဖြစ်စဉ် (defensive reflex) တစ်ခုဖြစ်ပါတယ်။ ပြီးတော့ နေထိုင်မကောင်းတာ၊ ရောဂါတချို့ရဲ့ လက္ခဏာဆိုလည်းမမှားပါဘူး။ ဘာကြောင့်ချောင်းဆိုးရတာလဲဆိုတာ ခန့်မှန်းနိုင်ဖို့အတွက် ချောင်းဆိုးတာရဲ့ဝိသေသတွေကို ဆန်းစစ်ကြည့်လို့ရပါတယ်။ 

ဘယ်အချိန်မှ ချောင်းဆိုးတာလဲ၊ ဘာလုပ်မိလို့၊ ဘာကြောင့်ဆိုးတာလဲ။ ဥပမာ - ညဘက်တွေမှ ဆိုးတာလား၊ အစားစားပြီးချိန်မှာ ဆိုးတာလား၊ လေ့ကျင့်ခန်းလုပ်နေတုန်း ဆိုးတတ်တာလားပေါ့။ 

ချောင်းက ချောင်းခြောက်လား၊ သလိပ်ထွက်လား၊ ရှတတဖြစ်လား။

ချောင်းဆိုးတာ ဘယ်လောက်ကြာနေပြီလဲ၊ ၂ ပတ်အောက်လား၊ ၆ ပတ်လား၊ ဒါမှမဟုတ် ၈ ပတ်မက ကြာနေပြီလားပေါ့။

ချောင်းဆိုးတာကြောင့် ဆီးထွက်ကျတာ၊ အန်တာ၊ အိပ်ရေးပျက်တာတွေ အထိပါ ဖြစ်နေပြီလား။

ချောင်းဆိုးတာ ဘယ်လောက်ထိ ပြင်းထန်ဆိုးရွားလဲ။ အနှောက်ယှက်ဖြစ်ရုံလား၊ ကြာနေပြီလား၊ မထနိုင်အောင် ဖြစ်နေပြီလား။

ဒီအချက်တွေကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ တခါတလေကျရင် အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့နေတာ တစ်ခုခုရှိရင်လည်း ချောင်းဆိုးတတ်ပါတယ်။ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ့်ရဲ့ကလေးငယ်က ဖြစ်စေ လေလမ်းကြောင်းပိတ်စေတဲ့ တစ်ခုခုမြိုမိတာမျိုးရှိရင် ချက်ချင်းအရေးပေါ်ဖယ်ရှားဖို့လုပ်ပါ။ ဒီလို အသက်ရှူလမ်းကြောင်း ပိတ်နေပြီဆိုရင် အသားရေတွေ ပြာနှမ်းလာမယ်၊ သတိလစ်မယ်၊ စကားပြောလို့ အော်လို့မရတော့ဘူး၊ လေချွန်သံလိုလို၊ တရွှီရွှီမြည်နေသလို၊ အသက်ရှူသံတွေ ဆူညံနေမယ်၊ ချောင်းဆိုးထုတ်ပြီး ဖယ်ရှားပေမယ့် ချောင်းဆိုးအားက အားပျော့နေမယ်၊ လူကလည်း စိုးရိမ်ကြောက်လန့်နေလိမ့်မယ်။

ချောင်းဆိုးချွဲကျပ်ခြင်း (Wet Cough)

Wet cough လို့ခေါ်တာပေါ့။ ချောင်းဆိုးတာအပြင် သလိပ်ပါထွက်တယ်။ တချို့လည်း သလိပ်အသံတော့ ကြားရပြီး ထွက်မလာဘူး။ ဟတ်ထုတ်ရခက်တယ်။ သလိပ်ကပ်၊ ချွဲကြပ်နေတဲ့သဘောပေါ့။ အအေးမိတာ၊ တုပ်ကွေးမိတာကြောင့် ဒီလို ချောင်းအဆို ဆိုးလေ့ရှိတယ်။ အနှေးနဲ့အမြန်ပျောက်လေ့ရှိတယ်။ ချောင်းဆိုးချွဲထွက်တဲ့အပြင် နှာစေးတယ်၊ နှာရည်ယိုတယ်၊ မောပန်းနုံးချိတာတွေပါ ကြုံရလေ့ရှိပါတယ်။ ဒီအချွဲတွေက အသက်ရှူအဖွဲ့ပြင်ပ တနည်း လည်ချောင်း၊ နှာခေါင်း၊ လေပြွန်၊ အဆုတ်ရဲ့အပြင်ဘက်ကို တွန်းထုတ်လိုက်တာကြောင့်ပါ။ ချောင်းဆိုးချွဲကျပ်တဲ့အခါ  ရင်ဘတ်နဲ့ လည်မျိုမှာ တစ်ခုခု ကျပ်နေသလိုလို၊ တစက်စက်ကျနေသလို ခံစားရပြီး ချောင်းဆိုးတဲ့အခါ ပါးစပ်ထဲကို သလိပ်တွေ ရောက်လာမယ်။ တချို့လည်း ယာယီပဲ။ ၃ ပတ်မကျော်ဘူး။ ဒါကို acute ပေါ့။ တချို့လည်း နာတာရှည် ခေါ် chronic  ၈ ပတ်ထက် ပိုကြာမြင့်တတ်တယ်။ ကလေးတွေမှာဆို ၄ ပတ်ကျော်ရင် နာတာရှည် သတ်မှတ်တယ်။ ချောင်းဆိုးတာရဲ့ကြာချိန်က ဘာကြောင့်ဆိုးရတယ်ဆိုတဲ့ အကြောင်းရင်းကို သိစေနိုင်တယ်။

ဒီလိုမျိုး wet cough  ခေါ် ချောင်းအဆို ခေါ် ချောင်းဆိုးချွဲကြပ်ရတဲ့အကြောင်းရင်းတွေက အအေးပက်တာ၊ တုပ်ကွေးဖြစ်တာ၊ COPD ခေါ် Chronic Obstructive Pulmonary Disease နာတာရှည် အဆုတ်ရောင်ရောဂါ၊ လေပြွန်ရောင်တာ (acute/ chronic)၊ ပန်းနာရင်ကြပ်ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးငယ်လေးတွေမှာ ချောင်းဆိုးတာကတော့ အအေးမိတုပ်ကွေးကြောင့် ဖြစ်တာများပါတယ်။

ချောင်းဆိုးချွဲကျပ်ခြင်းအတွက် ဆေးဝါးများ

မွေးကင်းစကလေးတွေနဲ့ လမ်းလျှောက်တတ်ကာ ကလေးငယ်လေးတွေဖြစ်ရင် ရေနွေးငွေ့ပေးတာ၊ နှာခေါင်းထဲစလိုင်းအစက်ချတာ၊ နှာခေါင်းထဲကအချွဲတွေ စုပ်ထုတ်ပေးတာ စတဲ့ နည်းတွေ လုပ်ပေးနိုင်ပါတယ်။ နှစ်နှစ်အောက်ကလေးငယ်တွေကို ချောင်းဆိုးပျောက်ဆေးတိုက်တာ၊ အအေးမိဖျားနာပျောက်ဆေး တိုက်တာတွေ ကိုယ့်သဘောနဲ့ကိုယ် မလုပ်ရပါဘူး။ ၁ နှစ်နဲ့ အထက်ကလေးတွေကို အိပ်ခါနီး ပျားရည် တစ်ဇွန်းခွဲတိုက်ပေးတာဟာ ချောင်းဆိုးတာကို သက်သာစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အထောက်အကူဖြစ်ပါတယ်။ ရေငွေ့ပေးစက်လေး အခန်းထဲမှာ ဖွင့်ပေးထားသင့်တယ်။ ဆေးတွေကိုတော့ ကိုယ့်သဘောနဲ့ ကိုယ်မတိုက်ဘဲ ဆရာဝန်ကို မေးမြန်းပြီးမှသာ တိုက်သင့်တယ်။

အရွယ်ရောက်ပြီးသူတွေကတော့ ချောင်းဆိုးပျောက်ဆေး၊ အအေးမိဖျားနာပျောက်ဆေးတွေ အလွယ်တကူ ဝယ်သောက်နိုင်ပါတယ်။ တကယ်လို့ ချောင်းဆိုးတာ ၃ ပတ်ကျော်ကြာနေရင်တော့ ပိုးသတ်ဆေးသောက်ဖို့အတွက် စဉ်းစားရတော့မယ်။ ဒါကတော့ ဆရာဝန် ညွှန်ကြားတဲ့ပိုးသတ်ဆေးကို မှာထားတဲ့ရက်အတိုင်း ပြည့်အောင် အတိအကျ သောက်ဖို့လိုပါလိမ့်မယ်။

ချောင်းခြောက်ဆိုးခြင်း (Dry Cough)

သလိပ်မထွက်ဘဲ ခြောက်ကပ်ကပ်၊ အက်ရှရှချောင်းဆိုးလေ့ရှိပါတယ်။ ချောင်းခြောက်ဆိုးတာက နည်းနည်းပိုကြာတတ်တယ်။ အသက်ရှူလမ်းကြောင်းမှာ ရောင်ရမ်းနေပြီး လာဆွနေတဲ့တစ်ခုခုရှိနေပေမယ့် ချွဲမထွက်ဘဲ ချောင်းချည်းပဲ ဆိုးနေတာမျိုးပါ။ အထူးသဖြင့် အသက်ရှူလမ်းကြောင်း အထက်ပိုင်းကို ပိုးဝင်တာ ဥပမာ အအေးမိတာ၊ တုပ်ကွေးဖြစ်တာတွေကြောင့် ချောင်းခြောက် ဆိုးလေ့ရှိတယ်။ ကလေးရော၊ လူကြီးမှာပါ အအေးမိတာ၊ တုပ်ကွေးဖြစ်တာတွေ ပျောက်သွားတဲ့တိုင်အောင် ချောင်းခြောက်ဆိုးတာကြီးက ရက်တော်တော်ကြာ ကျန်နေတတ်ပါတယ်။ တခြားဖြစ်နိုင်တာကတော့ လေပြွန်ရောင်တာ၊ လည်ချောင်းနာတာ၊ ကြက်ညှာချောင်းဆိုးဖြစ်တာ၊ အာသီးရောင်တာ၊ ထိပ်ကပ်နာ၊ ပန်းနာရင်ကျပ်၊ ဓာတ်မတည့်တာ၊ gastroesophageal reflux disease (GERD) ခေါ် အစာအိမ်နဲ့ အစာရေမျိုကနေ ပြန်တက်တာ၊ ACEI အမျိုးအစားသွေးကျဆေးလို ဆေးဝါးတချို့ရဲ့ ဘေးထွက်ဆိုးကျိုး၊ ဖုန်မှုန့်၊ မီးခိုးနဲ့ လေထုညစ်ညမ်းတာတွေကြောင့် လည်း ချောင်းခြောက်ဆိုးနိုင်ပါသေးတယ်။


တစ်ခုသတိထားရမှာကတော့ -

ချောင်းခြောက်ဆိုးတာဟာ COVID-19 ရဲ့ရောဂါလက္ခဏာတွေမှာလည်း ပါဝင်တာမို့ COVID-19 ရဲ့ တခြားသောလက္ခဏာတွေရော ဖြစ်နေလားဆိုတာပါ ဆန်းစစ်ကြည့်ဖို့ပါ။ ချောင်းခြောက်ဆိုးတာအပြင် အဖျားရောရှိနေလား၊ အသက်ရှူကြပ်နေလား စတာတွေပေါ့။ တကယ်လို့ ကိုယ်က ဖျားနာနေတယ်၊ နေထိုင်မကောင်းဖြစ်နေတယ်၊ ကိုဗစ်လို့ သံသယရှိနေရင် အိမ်မှာပဲနေပြီး လူအများရှိတဲ့နေရာတွေကို မသွားပါနဲ့တော့။ မိသားစုဝင်တွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ သီးခြားခွဲနေပါ။ ချောင်းဆိုး၊ နှာချေတဲ့အခါ အုပ်ကာပြီးမှ ဆိုးပါ။ လူတွေနဲ့ တွေ့ရ၊ စကားပြောရတော့မယ်ဆိုရင် mask တပ်ဆင်ပါ။ ဆေးခန်းပုံမှန်ပြပါ။ လိုအပ်တဲ့ကုသမှုတွေ ခံယူပါ။ လက်ကိုမကြာခဏ ဆေးကြောပါ။ မိသားစုဝင်တွေနဲ့ ပန်းကန်ခွက်ယောက်၊ အသုံးဆောင်ပစ္စည်းတွေ အတူမျှသုံးတာတွေ မလုပ်တော့ဘဲ သက်သက်ခွဲသုံးပါ။ ပစ္စည်းတွေ မျက်နှာပြင်တွေ ပရိဘောဂတွေကို မကြာခဏ ပိုးသတ်သန့်စင်ပါ။ ကိုယ့်လက္ခဏာတွေကို သတိထားစောင့်ကြည့်ပါ။ တကယ်လို့ အသက်ရှူရ အရမ်းကြပ်လာတယ်၊ ရင်ဘတ်တင်းကျပ်လာတယ်၊ နှုတ်ခမ်းတွေ ပြာနှမ်းလာတယ်၊ အာရုံတွေ နောက်ကျိရှုပ်ထွေးလာမယ်ဆိုရင်တော့ အရေးပေါ်ဌာနကို အမြန်ဆုံးသွားပါတော့။

ချောင်းခြောက်ဆိုးတာက ဘာကြောင့်ဆိုးရလဲဆိုတာအပေါ်မူတည်ပြီး ဆေးဝါးတွေကွာပါတယ်။

ကလေးသေးသေးလေးတွေ ချောင်းခြောက်ဆိုးရင် ဆေးပေးဖို့သိပ်မလိုဘူး။ ရေငွေ့လေးပေးရှူလိုက်ရင် သက်သာတယ်။ ရေချိုးခန်းထဲမှာ ရေနွေးငွေ့အပြည့်ဖြစ်အောင် လုပ်ပြီး ကလေးကို ရှူစေတာမျိုး လုပ်ပေးလို့ရတယ်။ ဒါမှမဟုတ်လည်း အပြင်ထွက်ပြီး လေအေးအေးလေး ရှူခိုင်း။

နည်းနည်းကြီးတဲ့ကလေးတွေအတွက်လည်း humidifier လေးတပ်ထားရင် အဆင်ပြေတယ်။ လည်ချောင်းနာတာတွေ သက်သာဖို့ ချောင်းဆိုးပျောက်ဆေးရည်လေးတွေ တိုက်လို့ရတယ်။ ကလေးချောင်းဆိုးတာက ၃ ပတ်ထက် ပိုကြာနေရင်တော့ ဆရာဝန်နဲ့ သွားပြ။ ပိုးသတ်ဆေးဖြစ်စေ ပန်းနာရင်ကြပ်အတွက်ဆေးတွေ ဖြစ်စေ သောက်ဖို့ လိုရင်လိုနေလိမ့်မယ်။

လူကြီးတွေမှာ နာတာရှည်ချောင်းခြောက်ဆိုးနေရင်တော့ ဖြစ်နိုင်ခြေရှိတာတွေအများကြီးပဲ။ ကိုယ်သောက်နေတဲ့ ဆေးတွေရှိရင်လည်း ဆရာဝန်ကို သေချာပြောပြဖို့ လိုလိမ့်မယ်။

အပြင်းအထန်ချောင်းဆိုးခြင်း (Paroxysmal cough)

ဆိုးလိုက်၊ ရပ်လိုက်နဲ့ ဘယ်လိုမှ မထိန်းနိုင်မသိမ်းနိုင်အောင် ပြင်းပြင်းထန်ထန်ချောင်းဆိုးတာမျိုးကို paroxysmal cough လို့ခေါ်ပါတယ်။ အသက်တောင် မနည်းရှူရပြီး တချို့ဆို အန်ပါ အန်တယ်။ ကြက်ညှာချောင်း ဆိုးရင်လည်း အရမ်းပြင်းထန်ပြီး ဒီ paroxysmal cough အမျိုးအစား ချောင်းဆိုးတာပဲဖြစ်ပါတယ်။ ဘတ်တီးရီးယားဝင်လို့ ဖြစ်တာပါ။ ကလေးတွေမှာ ကြက်ညှာချောင်းဆိုးရင်တော့ နောက်ဆက်တွဲက ဆိုးပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးဖို့ ပြောတာပါ။ တခြားဖြစ်နိုင်တာကတော့ ပန်းနာရင်ကြပ်၊ နာတာရှည်အဆုတ်ရောဂါ၊ နမိုးနီးယား၊ တီဘီ၊ အသက်ရှူလမ်းကြောင်းကျပ်တာ တွေ ကြောင့်လည်း အပြင်းအထန် ဆိုးဆိုးရွားရွား ချောင်းဆိုးတတ်ပါတယ်။ 

ဒီလိုချောင်းဆိုးတာမျိုးတွေက ပိုးသတ်ဆေးသောက်ရပါတယ်။ ကြက်ညှာချောင်းဆိုးတာလိုပေါ့။ ကူးစက်တာလည်း ပြင်းထန်တာမို့ လူနာကို စောင့်ရှောက်ပေးရသူတွေကိုလည်း ကုသမှုပေးရလေ့ရှိတယ်။ ကြက်ညှာချောင်းဆိုးတာဟာ စောစောကုသမှုခံယူလေလေ ရလဒ်ကောင်းလေလေပါပဲ။

လေပြွန်ရောင်ရမ်း ချောင်းဆိုးခြင်း (Croup cough)

အသက် ၅ နှစ်နဲ့ ၅ နှစ်အောက်ကလေးတွေမှာဖြစ်လေ့ရှိတဲ့ ဗိုင်းရပ်စ်ရောဂါဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်း အထက်ပိုင်းကို ရောင်ရမ်းစေပြီး (အထူးသဖြင့် လေပြွန်) အသက်ရှူလမ်းကြောင့်း ကျဉ်းမြောင်းပြီး အသက်ရှူရ ခက်ခဲစေပါတယ်။ ချောင်းဆိုးတဲ့အခါ barking cough ခေါ် ခြောက်ကပ်ကပ်၊ အက်တက်တက် အသံမျိုးနဲ့ ဆိုးလေ့ရှိတယ်။ အသံအိုးတဝိုက်မှာ ဖူးရောင်နေတာတွေ ရှိတာကြောင့် အသက်ရှူသံတွေ ဆူညံနေတတ်တယ်။ တကယ်လို့ ကိုယ့်ကလေးဟာ croup cough ကြောင့် ချောင်းဆိုးနေစဉ်  အသက်ရှူရတာအရမ်းကိုခက်ခက်ခဲခဲ ရုန်းကန်နေရတယ်၊ အသက်ရှူတဲ့အခါ အသံအကျယ်ကြီး မြည်နေတယ်၊ အသက်ရှူအရမ်းမြန်နေမယ်ဆိုရင်တော့ ဒါ စိတ်ပူရပါတယ်။ ပြင်းထန်လွန်းရင် ကလေးငယ်က ဖြူဖျော့တာ၊ ပြာနှမ်းတာတွေအထိ ဖြစ်လာပါတယ်။

Croup cough ဆိုးနေရင် 

အိပ်ခန်းတွင်း ရေငွေ့ပေးစက်လေးနဲ့ ရေငွေ့အေးအေးဖြစ်အောင် လုပ်ပေးထားပါ။

ရေချိုးခန်းထဲမှာ ရေနွေးငွေ့ပူပူတွေနဲ့ ပြည့်နေအောင်လုပ်ပြီး ကလေးငယ်ကို ၁၀ မိနစ်လောက် ရှိနေပေးပါ။

အပြင်ထွက်ပြီး လေကောင်းလေသန့် လေအေးအေးလေးတွေ ပေးရှူပါ။

ကားပြတင်းပေါက်မှန်ချပြီး ပြင်ပလေတိုက်တာကို ခံစားရှူရှိုက်ပါစေ။

အဖျားရှိရင်တော့ acetaminophen ခေါ် ပါရာလေးတိုက်ပေးလို့ရပါတယ်။

ကလေးကို ရေများများတိုက်ပါ။ ကောင်းကောင်းနားပါစေ။

ပြင်းထန်လူနာတွေမှာတော့ nebulizer ခေါ် အသက်ရှူစက်လိုကောင်း လိုနိုင်တယ်၊ ရောင်ရမ်းတာတွေ သက်သာဖို့ စတီးရွိုက်တွေပေးရနိုင်တယ်။

များသောအားဖြင့်ကတော့ ချောင်းဆိုးတာတွေက ဆေးခန်းပြဖို့မလိုတတ်ပါဘူး။ ဒါကလည်း ချောင်းဆိုးတာ ဘယ်လောက်ကြာလဲ၊ လူနာအသက်၊ ကျန်းမာရေးအခြေနေ ဒါတွေနဲ့လည်းဆိုင်သေးတယ်။ ပန်းနာရင်ကြပ်၊ နာတာရှည် အဆုတ်လေပြွန်ရောင်ရောဂါလို အဆုတ်ရောဂါရှိနေသူတွေကတော့ ပုံမှန်လူတွေထက် ပိုပြီးဂရုတစိုက် ကုသမှုခံယူဖို့လိုပါတယ်။

ကလေးတွေမှာဆိုရင်

ချောင်းဆိုးတာ ၃ ပတ်ကျော်နေရင်

ချောင်းဆိုးတာအပြင် အဖျားက ၁၀၂ ဒီဂရီ ဖာရင်ဟိုက် (၃၈.၈၉ ဒီဂရီစယ်စီရပ်) အထက်ရှိနေရင် (သို့) ၂ လနဲ့ ၂ လအောက်ကလေးငယ်တွေဆိုရင်

ဖြူဖျော့တာ၊ ပြာနှမ်းတာတွေ ရှိရင်

ရေဓာတ်ခန်းခြောက်နေရင် (သို့) အစာ မစားနိုင်၊ မမြိုနိုင်ရင်

အရမ်းမောပန်းနေရင်

ပြင်းပြင်းထန်ထန်ချောင်းဆိုးပြီး “ဝု” လို့ အဆုံးသက်မှာ အသံမြည်ရင် (ကြက်ညှာချောင်းဖြစ်နိုင်)

ချောင်းဆိုးတဲ့အပြင် အသက်ရှူသံက တရွှီရွှီမြည်နေရင်

မပေါ့ဆဘဲ ဆေးရုံ၊ ဆေးခန်းပြဖို့လိုပါတယ်။ ကလေးက သတိလစ်တာ၊ မနိုးဘဲမှိန်းလွန်းနေတာ၊ မတ်တပ်တောင်မရပ်နိုင်အောင် အားနည်းနေတာဆိုရင် အရေးပေါ်ကို အမြန်ဆုံးသွားပါ။

လူကြီးတွေကတော့

ချောင်းဆိုးနေတာမပျောက်ဘဲ ၈ ပတ်ကျော်နေရင်

ချောင်းဆိုးသွေးပါရင်

ချောင်းဆိုးတာအပြင် အဖျားက ၀၀၂ ဒီဂရီ ဖာရင်ဟိုက် (၃၈ ဒီဂရီစယ်စီရပ်) အထက်ရှိနေရင် 

စကားမပြောနိုင်၊ လမ်းမလျှောက်နိုင်လောက်အောင် အားနည်းနေရင်

ရေဓာတ်အလွန်အမင်းခန်းခြောက်နေရင်

ပြင်းပြင်းထန်ထန်ချောင်းဆိုးပြီး “ဝု” လို့ အဆုံးသက်မှာ အသံမြည်ရ

ချောင်းဆိုးတဲ့အပြင် အသက်ရှူသံက တရွှီရွှီမြည်နေရင်

အစာအိမ်အက်စစ်ပြန်တက်တာ၊ ရင်ပူတာ၊ အိပ်လို့မရအောင်ချောင်းတွေဆိုးနေတာ

မျိုးတွေရှိနေရင် ကိုယ့်ဘာသာ ဆေးသောက်မနေဘဲ ဆရာဝန်နဲ့ စနစ်တကျ ကုသမှုခံယူပါ။ သတိလစ်တာ၊ နှိုးမရတာ၊ မထနိုင်လောက်အောင် အားနည်းနေရင် အရေးပေါ်ကို အမြန်ဆုံးသွားပါ။


ဒေါက်တာစိမ့် (For Your Health For Your Beauty)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18