Print

နှလုံးသွေးကြောပိတ်ခဲ့ရင်

  20-Sep-2023
Preview Image

နှလုံးကလည်း တခြားကြွက်သားတွေနည်းတူ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေလိုအပ်ပါတယ်။ နှလုံးမှာ သွေးလွှတ်ကြောသုံးခုရှိပါတယ်။ အဲဒီထဲမှာ ၂ ချောင်းဟာ သွေးကြောအကြီးစားတွေဖြစ်ပြီး နှလုံးကြွက် သားတွေအတွက် အောက်ဆီဂျင်ပို့ပေးပါတယ်။ တကယ်လို့ အဲဒီသွေးကြောနှစ်ခုထဲက တစ်ခုပိတ်သွားမယ်ဆို ရင် နှလုံးကြွက်သားဟာ အောက်ဆီဂျင်မရတော့ဘဲ တဖြည်းဖြည်းကြာလာရင် ပုပ်ပြီးကြွက်သားသေဆုံးသွား ပါတယ်။ ဒါကို Heart Attack ရတယ်လို့ ခေါ်ကြပါတယ်။ Myocardial Infarction ပေါ့။ ဒီလိုဖြစ်ပြီဆို ရင်ဘတ်အောင့်တယ်ဆိုပြီး ပြောလာလေ့ရှိပါတယ်။ တချို့လည်း ဘာလက္ခဏာမှ မပြတာလည်းရှိတယ်။

မောတာ၊ အသက်ရှူမဝတာ၊ မူးလဲတာ၊ ခေါင်းမူးတာ၊ ပျို့တာ၊ တချို့တွေမှာဆို ရင်ဘတ်တောက် လျှောက်မအောင့်ဘဲ ပျောက်လိုက် အောင့်လိုက်ဖြစ်တာ၊ အမျိုးသမီးတွေမှာဆို ရင်ပြည့်သလိုလိုနဲ့ လက်မောင်း၊ ဇာတ်ကြော၊ နောက်ကျောနဲ့ မေးရိုးတလျှောက်အောင့်တာ နာတာမျိုးဖြစ်လေ့ရှိပါတယ်။ နှလုံးသွေးကြောမှာ အဆီတွေများလာတဲ့အခါ ဒီအဆီခဲလေးတွေပေါ်မှာ ထုံးကျောက်ဓာတ်တွေပါ စုခဲလာတာကြောင့် သွေးကြောမာလာပြီး ပိတ်ဆို့လာတာပဲဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း သွေးခဲလေးပေါက်ထွက်သွားတာကြောင့်ဖြစ်စေ၊ ရှားရှားပါးပါး နှလုံးသွေးကြော ကျုံ့လိုက်လို့ (spasm) ဖြစ်စေ Heart Attack ရတတ်ပါသေးတယ်။ 
ဖြစ်စေနိုင်တဲ့အချက်တွေကတော့ သွေးပေါင်တက်တာ၊ သွေးတွင်းအဆီများတာ၊ အဝလွန်တာ၊ ဆေးလိပ်သောက်တာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ စိတ်ဖိစီးမှုများတာ၊ စိတ်လှုပ်ရှားတာ၊ ပင်ပန်းတာတွေ ဖြစ်ပြီး ဒါတွေက ထိန်းချုပ်လို့ရတာတွေ ချည်းပါပဲ။ ဆီးချိုရောဂါရှိနေတာ၊ မိသားစုဝင်မျိုးရိုးမှာ နှလုံးရောဂါရှိနေရင်လည်း Heart attack ရနိုင်ခြေပိုများပါတယ်။ ဒီလိုလူတွေက ပိုသတိထားနေထိုင်ရမှာပေါ့။

ဘယ်လိုကုသလဲ။
ပိတ်နေတဲ့ နှလုံးသွေးကြောကို ပြန်ချဲ့ဖို့အတွက် လက်မောင်း ဒါမှမဟုတ် ပေါင်မှာရှိတဲ့ သွေးကြောကနေ ပိုက်ပျော့လေးနဲ့ သွေးကြောကို balloon နဲ့ ချဲ့ပြီး stent လို့ ခေါ်တဲ့ ပြွန်လေး ထည့်လိုက်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ သောက်ဆေးအနေနဲ့ သွေးကျဲဆေး၊ သွေးခဲပျော်ဆေး၊ နှလုံးကြွက်သားတွေကို ပြေလျော့စေတဲ့ဆေး သွေးတွင်းကိုလက်စထရောကျဆေး၊ နှလုံးကို အောက်ဆီဂျင်အလုံလောက်ရအောင်  ထောက်ပံ့ပေးတဲ့ ဆေးတွေ၊ သွေးကြောကျယ်စေတဲ့ဆေး၊ နာကျင်တာ သက်သာစေတဲ့ဆေးတွေ ပေးပါလိမ့်မယ်။
အကြောင်းကြောင်းကြောင့် နှလုံးသွေးကြောပိတ်သွားခဲ့ရင် အဲဒီနောက်ပိုင်း ဘယ်လိုနေထိုင်ရမလဲ။ ဒါမှမဟုတ် နှလုံးသွေးကြောမပိတ်အောင် ဘယ်လိုကြိုတင်ကာကွယ်မှုတွေ လုပ်ရမလဲ။
(၁) ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ခန္ဓာကိုယ်မှာရှိတဲ့သွေးကြောတွေကို ထိခိုက်စေပါတယ်။ လေ့လာချက်တွေအရဆေးလိပ်ဆက်သောက်သူတွေဟာ ဆေးလိပ်ဖြတ်တဲ့သူတွေထက် နှလုံးသွေးကြောပိတ်ရောဂါ ထပ်ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်တာက အထိရောက်ဆုံး ကာကွယ်မှုတစ်ရပ်အနေနဲ့ တစ်ကမ္ဘာလုံးလိုက်နာကျင့်သုံးနေကြတာပါ။
(၂) ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာကို စားပါ။ ဒီလို စနစ်တကျ စားသောက်တတ်မယ်ဆိုရင် နှလုံးသွေးကြောပိတ်တာ ထပ်မဖြစ်အောင် ၅၀ ရာခိုင်နှုန်းအထိ လျော့ချနိုင်ပါတယ်။ သစ်သီးဝလံဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ တခြားဓာတ်တွေဟာ နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေတဲ့အဆီခဲတွေ မစုဝေးနိုင်အောင်တားဆီးပေးနိုင်ပါတယ်။ ဖြစ်နိုင်ရင် အသီးအရွက်တွေကို တစ်နေ့ ၅ ကြိမ်လောက် စားပေးသင့်ပါတယ်။ ပြီးတော့ အဆီများတဲ့အစားစာတွေကို ရှောင်ဖို့လိုပါတယ်။ ငါးကြီးဆီကလွဲလို့ တခြားတိရစ္ဆာန်အဆီတွေက ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါသရီးဖက်တီးအက်စစ်ဟာ သွေးကြောတွင်း အဆီခဲကြီးထွားတာကို ကာကွယ်ရုံတင်မကဘဲ သွေးမခဲအောင်တားဆီးနိုင်တာကြောင့် နှလုံးသွေးကြောပိတ်ရောဂါ ထပ်ဖြစ်နိုင်ခြေ လျော့နည်းသွားစေပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အစေ့အနှံ၊ white meat အဖြူရောင်အသားတွေဖြစ်တဲ့ ကြက်သား၊ ငါး စတာတွေကို ပိုစားသုံးပေးသင့်ပါတယ်။
(၃) ကိုယ်လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းလုပ်တာက နှလုံးကို ပိုမိုကျန်းမာသန်စွမ်းစေပါတယ်။ ဒါကြောင့်မို့ နှလုံးသွေးကြောပိတ်ထားတဲ့ ဝေဒနာရှင်တွေဟာ ကိုယ်လက်လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းတွေကို တဖြည်းဖြည်းချင်းစီကနေ တိုးတိုးလုပ်သွားပေးရပါမယ်။ သွေးကြောပိတ်ပြီး တစ်လခွဲ၊ နှစ်လလောက်ကြာတဲ့အခါ သာမန်နေ့စဉ် ကျန်းမာရေးလေ့ကျင့်ခန်းအတိုင်း  လုပ်ဆောင်လို့ရပါပြီ။ တစ်ပတ်မှာငါးရက်လောက်တော့ အထိုက်အလျောက်ပြင်းထန်လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။ တစ်ရက်ကို မိနစ်သုံးဆယ်၊ မိနစ်လေးဆယ်၊ တစ်နာရီ စသဖြင့် တိုးလုပ်သွားပါ။ မိနစ်သုံးဆယ်ကို တောက်လျှောက်မလုပ်နိုင်သေးရင် ဆယ်မိနစ် သုံးခါခွဲလုပ်ပေးလည်း ရပါတယ်။
(၄) အဓိကကကတော့ အရှေ့မှာဖော်ပြခဲ့သလို နှလုံးသွေးကြောပိတ်စေတဲ့အချက်လေးတွေကို ပြန်လည်ထိန်းသိမ်း ပြုပြင်နေထိုင်သွားရတာပါပဲ။ ဒါကြောင့် ကိုယ်က အဝလွန်နေတယ်ဆိုရင် ကိုယ်အလေးချိန်ထိန်းမယ်၊ ဝိတ်လျော့မယ်။ သွေးတိုးရှိရင် သွေးကျဆေးကို ပုံမှန်သောက်ပါ။ သွေးပေါင် မှန်မှန်တိုင်းတာမှတ်သားပြီ သွေးမတက်အောင် ထိန်းပါ။ ဆီးချိုရောဂါရှိနေရင်လည်း အလားတူစွာ ဆေးသေချာသောက်ပြီး အစားအသောက်ထိန်း၊ ဆီးချို ပုံမှန်တိုင်းရပါမယ်။

နဂိုအတိုင်း ပြန်လည်ကျန်းမာသန်စွမ်းလာအောင် ဘာတွေလုပ်ရမလဲ။
နှလုံးသွေးကြောပိတ်ပြီး ပထမတစ်ပတ်၊ နှစ်ပတ်မှာ နုံးတာ၊ မောပန်းတာ၊ ခန္ဓာကိုယ်နေရာအနှံ့အပြား နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။ အရင်ကတော့ နှလုံးသွေးကြောပိတ်တဲ့သူတွေကို အနားများများယူဖို့၊ သက်သက်သာသာနေဖို့ ပြောလေ့ရှိတယ်။ ဒါကို လူတွေက လိုတာထပ်ပိုပြီး စိုးရိမ်ပူပန်ပြီး  အလုပ်မလုပ်တော့ဘဲနေမိတတ်ပါတယ်။ တကယ်က ပုံမှန်လေ့ကျင့်ခန်းတွေ လုပ်မှသာ ဒီဝေဒနာတွေ သက်သာလျော့ပါးပြီး ပြန်နေကောင်းလာမှာ ဖြစ်ပါတယ်။ ပုံမှန်ကတော့ နှစ်လ၊ သုံးလလောက်နေတာနဲ့ နဂိုအလုပ်တွေ ပြန်လုပ်နိုင်ပါပြီ။ နှလုံးကြွက်သားပျက်စီးတာနည်းတဲ့သူတွေဆိုရင် ဒီထက်ပိုစောစော လုပ်နိုင်ကြပါတယ်။ ဒါကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အချိန်ဘယ်လောက်ကြာရင် အလုပ်ပြန်လုပ်ရမယ်၊ သက်သက်သာသာ နားနားနေနေ နည်းနည်းချင်းစီ တိုးလုပ်မယ်၊ မောပန်းလာရင် နားမယ် ဆိုတာတွေပေါ့။ တစ်လလောက်နေရင် ကားမောင်းလို့လည်းရပါတယ်။ ရင်ဘတ်ပြန်အောင့်ရင်တော့ ပျောက်ကင်းအောင် ကုပြီးမှ ကားပြန်မောင်းပါ။ ၆ လနေရင်တော့ လေယာဉ်စီးလို့ရပါပြီ။

အရေးကြီးတာက နှလုံးသွေးကြောပိတ်ပြီးနောက် ရင်ဘတ်မကြာခဏ ပြန်အောင့်တာ၊ နာတာရှိရင်၊ တစ်နေ့တစ်ခြား ပိုမောပန်းလာပြီး ခြေဖောက်ပါ ရောင်ရမ်းလာရင်၊ စိတ်အားငယ်တာ၊ စိတ်ကျတာ၊ စိုးရိမ်သောကများလာရင် ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ကုသသင့်ပါတယ်။

ဒီရောဂါမျိုးဟာ မဖြစ်ခင်ကကြိုတင်ကာကွယ်လို့ရတာမို့ ဖြစ်စေတဲ့လူနေမှုပုံစံတွေကိုရှောင်ကြဉ်ပြီး ကျန်းမာစွာစားသောက်နေထိုင်ပေးဖို့ အရေးကြီးပါတယ်။ ဖြစ်ခဲ့ရင်လည်း စိုးရိမ်ကြောင့်ကျမှု မများဘဲ ဆေးရုံကိုသာ အမြန်ဆုံးသွားပြီး ကုသမှုကို စောစီးလျင်မြန်စွာ ခံယူမှသာ အချိန်မီကယ်တင်နိုင်မှာ ဖြစ်ကြောင်းရေးသားဖော်ပြလိုက်ရပါတယ်။ 
အားလုံးကျန်းမာသက်ရှည်ကြပါစေ။

ဒေါက်တာစိမ့်


Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18