Print

Missed abortion ကိုယ်ဝန်ပျက်ခြင်း တမျိုး

  17-Mar-2022
Preview Image

၁။ ဆရာရှင့် ကျမအသက် ၄ဝ ပါ။ ကိုယ်ဝန် ၇ ပတ်ပါ။ ult ရိုက်တော့ ကလေးကြီးထွားနှုန်းနှေးနေတယ်လို့ ပြောပါတယ်။ သွေးနည်းနည်းဆင်းနေတာ ၅ ရက်ရှိပါပြီရှင်။ ကိုယ်ဝန်လည်းအပ်ထားပြီးပါပြီရှင်။ အခု folic acid, premaston, fenza သောက်နေပါတယ်ရှင်။ ကိုယ်ဝန်ပျက်ကျနိုင်သလား။ သန္ဓေသားကြီးထွားအောင် ဘာတွေလုပ်ဆောင်ရမလဲရှင်။ threatened misscarisge ဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာရှင်းပြပေးပါဦးရှင်။

 

၂။ ဆရာရှင့် ကျမကအသက် ၃၁ နှစ်ရှိပါပြီ။ သားနှစ်ယောက်မွေးပြီးနောက် ကိုယ်ဝန်သုံးကြိမ် miss abortion ဖြစ်တယ်။ အခု နောက်ဆုံးတစ်ကြိမ်ဖြစ်တာ ၃ လရှိပါပြီဆရာ။ ကလေး ထပ်ယူချင်လို့ ဘာတွေစစ်ဆေးဖို့လိုပါသလဲဆရာ။ ကျမက abortion ဖြစ်တိုင်း ကိုယ်ဝန် ၅ လမှာဖြစ်တယ်။ ကလေးက နှလုံးမခုန်တော့ဘူးလို့ ပြောပါတယ်ဆရာ။ ထပ်မဖြစ်အောင် လိုအပ်တဲ့အကြံလေးပေးစေချင်ပါတယ်။

  

၃။ Missed abortion အကြောင်းနဲ့ ထပ်မဖြစ်အောင် ကာကွယ်လို့ ရနိုင်မဲ့နည်းလမ်းရှိရင် သိခွင့်ရချင်ပါတယ်ရှင်။

 

ကိုယ်ဝန်လဲရှိနေပြီး မလွဲမသွေပျက်တော့မယ်ဆိုတာကို Missed abortion ခေါ်တယ်။ ကိုယ်ဝန်ပျက်ခြင်းတမျိုး ဖြစ်တယ်။ သွေးတော့ မဆင်းသေးဘူး။ ဗိုက်နာတာလဲ မရှိသေးပါ။ ကိုယ်ဝန်က ဆက်ပြီး ကြီးထွားမလာတော့ပါ။ ကိုယ်ဝန်ရှိတယ်သာ ပြောရတာ သန္ဓေသားက ဖြစ်ချင်မှ ဖြစ်လာအုံးမယ်။ ဖြစ်လာပြီးရင်လဲ အသက်မဝင်တော့ဘူး။ ဒါက သဘာဝတရားလို့ ခပ်လွယ်လွယ်ပြောနိုင်တယ်။ တခုခု လုပ်လိုက်လို့ ဥပမာ ဖျက်ဆေးသောက်တာ၊ ချော်လဲတာ၊ ပိုးဝင်တာ ဘာမှမလုပ်ရပါဘဲနဲ့ သူ့သဘောသူဆောင်ပြီး ပျက်တာကို ဆိုလိုတယ်။ ဒီအခြေအနေတွေ့ရင် ဆရာဝန်က စောင့်မနေတော့ဘဲ ဆေးနဲ့ဖြစ်ဖြစ် ခြစ်ထုတ်တာဖြစ်ဖြစ် လုပ်ပေးမယ်။ ဆရာဝန်နဲ့ မတွေ့သူမှာ သွေးဆင်းလာမယ်။ ဒါကိုတော့ Miscarriage လို့ သတ်မှတ်တယ်။

 

အမျိုးသမီး ကိုယ်ခန္ဓာကနေ အထဲမှာ ပျက်စီးသွားတာကို ထုတ်ပြစ်ဘို့ လုပ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အမျိုးသမီး ကိုယ်ခန္ဓာက သန္ဓေ သေသွားတာ မသိလိုက်ဘူး။ သန္ဓေတည်လိုက်တာတောင် သိချင်မှသိမယ်။ ဒါကြောင့် ထုတ်ပြစ်ရမဲ့ အလုပ်ကို လုပ်ရကောင်းမှန်း မသိဘူး။ ဒီလိုအခြေအနေကို Mayo Clinic ကနေ ဆေးဝေါဟာရတခုသုံးတယ်။ Missed miscarriage တဲ့။ တမင်တကာဖျက်တာကိုမှသာ Abortion ခေါ်ရတယ်။ သူ့အလိုလို ပျက်သွားတာကို Miscarriage လို့ခေါ်ရတယ်။ ဒါကြောင့် Missed miscarriage လို့သုံးတာ သင့်လျှော်တယ်။

 

Abortion (အဘောရှင်း) ဆိုတာ သုက်ပိုးနဲ့ မျိုးဥတို့ မျိုးစပ်ကြပြီးတဲ့နောက်မှာ ဆက်ဖြစ်လာနေတဲ့ သန္ဓေ (တစ်ရှူး) တွေဟာ တမင်လုပ်လို့ဖြစ်ဖြစ်၊ သူ့ဖါသူဖြစ်ဖြစ် ၂ဝ ပါတ် မတိုင်ခင် ဆုံးရှုံး-ပျက်စီးသွားခြင်းလို့ ခေါ်တယ်။ တကယ်လို့ သုက်ပိုးနဲ့ မျိုးဥ နှစ်ခုက ပေါင်းစပ်ကြမယ်။ (ဆဲလ်) တခုတည်းကနေ နှစ်ဆတိုးနည်းနဲ့ စဉ်တိုက်ဆက်တိုက် ပွါးများလာတယ်။ အချင်းနဲ့ အချင်းလွှာတွေဖြစ်လာမယ်။ ဒါပေမဲ့ သန္ဓေဖြစ်မလာဘူး။ ဒီအခြေအနေမျိုးကို Blighted ovum ပျက်စီးသွားသော မျိုးဥ လို့ ခေါ်တယ်။ သန္ဓေသာဖြစ်မလာတယ် အမျိုးသမီးမှာ ကိုယ်ဝန်ဆောင် လက္စဏာတွေတော့ ရှိလာတယ်။ ဆီး-သွေးထဲမှာ (hCG) ကိုယ်ဝန်ဟော်မုန်းပါနေပြီမို့ စစ်ရင် အပေါင်းပြမယ်။ ကိုယ်ဝန် ၁၂ ပါတ်အတွင်းဖြစ်တဲ့ ကိုယ်ဝန်အလိုလိုပျက်တာတွေထဲမှာ တဝက်ကျော်ကျော်မှာ ဒီလိုမျိုးဖြစ်တယ်။ ဖြစ်ရင် Spontaneous miscarriage ချက်ချင်းကိုယ်ဝန်ပျက်တာ ဒါမှမဟုတ် Missed abortion ကိုယ်ဝန် အလိုလိုပျက်ခြင်း ဆက်ဖြစ်လိမ့်မယ်။

 

ကိုယ်ဝန်ပျက်ခြင်း အမျိုးမျိုး

• Spontaneous Abortion အလိုအလျှောက်ပျက်ခြင်း၊

• Induced Abortion တမင်တကာဖျက်ပြစ်ခြင်း၊

• Threatened Abortion ကိုယ်ဝန်ပျ်ဘို့အန္တရာယ်ရှိခြင်း၊ ကိုယ်ဝန်က သားအိမ်ထဲမှာရှိနေသေးတယ်။ သွေးဆင်းမယ်။ သားအိမ်ဝက ပိတ်နေသေးတယ်။

• Inevitable Abortion ရှောင်လွဲမရဘဲ ကိုယ်ဝန် ပျက်ကိုပျက်တော့မယ်။

• Complete Abortion ကိုယ်ဝန်က ပျက်သွားပြီး ဆင်းစရာ-ထွက်စရာတွေလဲ အကုန်ထွက်ကျသွားပြီးဖြစ်တယ်။

• Incomplete Abortion ကိုယ်ဝန် ပျက်ကိုပျက်တော့မယ့် Inevitable Abortion အဆင့်ကနေ တချို့တဝက် ထွက်ကျနေပြီ။ ဒါပေမဲ့ ဆင်းစရာတွေ အထဲမှာကျန်နေသေးတယ်။

• Missed Abortion ကိုယ်ဝန်ရှိမှန်းတောင် မသိလိုက်ဘဲ၊ ရှိနေတာကလဲ ပျက်စီးသွားပြီ။

• Septic Abortion ကိုယ်ဝန်ပျက်စဉ် ပိုးဝင်ခြင်း။

• Recurrent or habitual Abortion ကိုယ်ဝန်ပျက်လေ့ရှိသူ။ ၃ ခါနဲ့ ၃ ခါမက ပျက်ကျနေသူကိုသာ သုံးသင့်တယ်။

 

ကိုယ်ဝန်ပျက် လက္စဏာများ

• ဗဂျိုင်းနာကနေ သွေးဆင်းမယ်။ နဲနဲကနေ များများဖြစ်နိုင်တယ်။

• ဆီးစပ်နာခြင်း။

• ကိုယ်ဝန်ရှိစ လက္စဏာတွေ အဆုံးသတ်သွားခြင်း။ ရင်သားနာတာ၊ ပျို့-အန်ချင်တာ၊ ချဉ်ခြင်းတပ်တာတွေ၊ ဆီးခဏခဏ သွားချင်တာတွေ ဆက်မရှိတော့ဘူး။

• ဘာဆိုဘာမှ မခံစားရဘူး။

• ကိုယ်ဝန်ဆီးစစ်တာကတော့ ပျက်သွားလဲ အပေါင်းဆက်ပြနေအုံးမယ်။

 

ဘာလို့ ကိုယ်ဝန်ပျက်ရသလဲ

• အများအားဖြင့် ဘာလို့ ပျက်သလဲ မပြောနိုင်ပါ။

• မျိုးဗီဇနဲ့ သဘာဝတရားကြောင့် ဖြစ်နိုင်တယ်။

• ဆေးလိပ်သောက်တာနဲ့ ကိုယ်ဝန်ဆောင်သူက အဝလွန်ကဲတာ၊

• စိတ်ဖိအားများတာကနေလဲ ဖြစ်နိုင်တယ်။

• မိဘလုပ်သူတွေ အသက်ကြီးနေကြတာ၊

• (ကိုကိန်း) သုံးစွဲတာ၊ အရက်သောက်တာ၊

• အများဆုံးသော အကြောင်းတရားဟာ ကြီးမားတဲ့ မျိုးဗီဇ-ချို့ယွင်းချက် ဖြစ်တယ်။ မျိုးဗီဇက ဘာလို့ အဲလိုဖြစ်ရသလဲဆိုတာ မပြောနိုင်သေးပါ။ ကံတရားပါဘဲ။

 

ကိုယ်ဝန်ပျက်တာမှန်သမျှ ၁၄ ပါတ်အတွင်းမှာ ၉၉% ဖြစ်တယ်။ ဆီးစစ်ရင် နောက်တကြိမ်ရာသီလာရမဲ့ရက်ထက် နောက်တပါတ်နေလို့မှ မလာချိန်ကစပြီး စစ်နိုင်ပြီ။ အဖို (သုက်ပိုး)-အမ (မျိုးဥ) တွေ့ကြပြီးတဲ့နောက် ၁ဝ ရက်ဆိုရင် အပေါင်းပြနိုင်တယ်။ အာလ်ထွာဆောင်းရိုက်ရင် ၅-၆ ပါတ်မှာ မြင်လာရမယ်။ Missed abortion ဖြစ်နေရင် သားအိမ်ထဲက မကောင်းတော့တဲ့ (တစ်ရှူး) တွေဟာ ၃-၄ ပါတ်နေရင် ထွက်ကျလာနိုင်တယ်။ ကိုယ်ဝန် ရင့်ရင် ရင့်သလို သွေးတွေ အများကြီးဆင်းနိုင်တယ်။ ကာရံမသင့်ရင် ပိုးဝင်နိုင်တယ်။ ဒါကြောင့် ဆရာဝန်က ဆေးနည်း၊ ခွဲနည်း တခုခု လုပ်ပေးတယ်။

 

 

ကိုယ်ဝန်ပျက်ရင် ဘယ်လိုကုသသလဲ

• Spontaneous Abortion အလိုအလျှောက်ပျက်ရင် ဘာမှ မလိုပါ။

• Complete Abortion ကိုယ်ဝန်က ပျက်သွားပြီးဖြစ်လို့ လုပ်ပေးစရာမလိုပါ။ သွေးအားနည်းနေရင် လုပ်ပေးရမယ်။

• Threatened Abortion ပျက်ချင်သလိုဖြစ်ရင် အိပ်ရာထဲမှာ နားနေပါ။

• Inevitable Abortion ကိုယ်ဝန် ပျက်ကိုပျက်တော့မဲ့သူ နဲ့ Incomplete Abortion ပျက်ကို ပျက်တော့မဲ့သူတွေကို Septic Abortion ကိုယ်ဝန်ပျက်စဉ် ပိုးဝင်တာ မဖြစ်အောင်လုပ်ရမယ်။ မဟုတ်ရင် အသက်အန္ကရာယ်ကို ထိခိုက်စေနိုင်တယ်။ သွေးဆင်းများသွားရင်လဲ (ရှော့ခ်) ရနိုင်တယ်။

• Incomplete Abortion ကိုယ်ဝန် တစိတ်တပိုင်းသာ ပျက်သေးဆာအတွက် D and C သားအိမ်ခြစ်တာ နဲ့ Medical abortion ဆေးပေးတာ ၂ နည်းလုပ်တယ်။ ဆေးပေးတာမှာ Oral misoprostol 600 micrograms ဆေးသောက်ခိုင်းမယ်။

 

ဘယ်လိုကာကွယ်မလဲ

• ကိုယ်ဝန်ဆောင်သမျှ ၁ဝ-၂ဝ% ပျက်နိုင်တယ်။

• သွေးအုပ်စုက Rh -ve အမျိုးအစားဖြစ်နေသူကို Anti-D ဆေး ထိုးပေးထားရင် နောင်အတွက် အဲဒီအကြောင်းကြောင့် ကိုယ်ဝန် မပျက်စေနိုင်ဘူး။ ဒီနည်းကို လေ့လာမှုတွေ ဆက်လုပ်နေဆဲ ဖြစ်တယ်။

• စိတ်ထိခိုက်မှုအတွက် စိတ်သက်သာရာရအောင် နည်းအမျိုးမျိုးလိုမယ်။

• ကိုယ်ဝန်ရှိမှန်းသိတာနဲ့ (အာလ်ထွာဆောင်း) စစ်ဆေးတာ ပုံမှန်လုပ်နေသင့်တယ်။ ကာကွယ်ဘို့တော့ မတတ်နိုင်ပါ။ ဖြစ်-ပျက်လာတာကို စောစောသိဘို့ ပြင်ဆင်ဘို့အတွက်သာ ဖြစ်ပါတယ်။

• ဒီလို ကံမကောင်း အကြောင်းမလှ ဖြစ်ရတာဟာ မိဘနှစ်ပါး အပြစ်မဟုတ်ပါ။ ကလေးရဲ့ ကံတရားအစစ် ဖြစ်ပါတယ်။ ဒါကြောင့် တခါဖြစ်တဲ့နောက် ကံကောင်းတဲ့ ကလေးကို စောင့်မျှော်နိုင်ကြပါတယ်။

 

ကိုယ်ဝန်ပျက်ပြီးနောက် အောင်မြင်တဲ့ ကိုယ်ဝန်ရနိုင်ပါတယ်။ ကိုယ်ဝန် ၃ ခါ ပျက်တဲ့သူတွေတောင်မှ ကိုယ်ဝန်ရလမ်း ၅၅% ရှိတယ်။ သဘာဝတရားကြောင့် ပျက်နိုင်သလို သဘာဝတရားကနေ ကုစားနိုင်တာတွေလဲ ရှိပါတယ်။

  

Amenorrhea ရာသီမလာတာကို စောင့်ရှောက်ခြင်း

ရာသီမလာတာ ၆-၁၄ ပါတ်မှာ ဆီးစစ်တော့ အပေါင်းပြနေတယ်ဆိုရင် ကိုယ်ဝန်အပ်ရမယ်။ (၂) မျိုးစစ်လိမ့်မယ်။

1. Hb Blood grouping လုပ်မယ်။ လိုအပ်ရင် Anti-D ဆေးထိုးရမယ်။

2. Ultrasound ရိုက်မယ်။

 

Ultrasound ရိုက်ရင် (၄) မျိုးဖြစ်နိုင်တယ်။

(၁) Viable intrauterine pregnancy သားအိမ်ထဲမှာ ရှင်သန်နေတဲ့ သန္ဓေရှိနေတာတွေ့မယ်။

(၂) Empty uterus သားအိမ်ထဲမှာ သန္ဓေမတွေ့တာဖြစ်မယ်။

(၃) Incomplete abortion ကိုယ်ဝန် တပိုင်းတစ ပျက်မယ်။

(၄) Missed abortion ဖြစ်နိုင်တယ်။

  

(၁) ကိုယ်ဝန်ဆက်ကောင်းနေတာဆိုရင် (ANC) ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ပုံမှန် ဆက်လုပ်နေရမယ်။

  

(၂) သားအိမ်ထဲမှာ သန္ဓေမတွေ့တာဆိုရင် Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်ခြင်းအတွက် ကုသရမယ်။ ခွဲစိတ်ရမယ်။ ပေါက်သွားမှဆိုရင် အရေးပေါ် ခွဲစိတ်ရမယ်။ သွေးလိုနိုင်တယ်။ (ရှော့ခ်) ရနိုင်တယ်။

  

(၃) ကိုယ်ဝန် တပိုင်းတစ ပျက်တာဆိုရင် သွေးတွေ ဆင်းမယ်။ ဗိုက်နာမယ်။ သားအိမ်ဝမှာရှိနေတာ Speculum ကရိယာသုံးပြီး ထုတ်ပေးမယ်။

ပြီးတာနဲ့ Ergometrine 0.5 mg ထိုးပေးမယ်။ သွေးဆင်းတာ မရပ်သေးရင် သားအိမ်ထဲကျန်တာတွေ ထုတ်ပေးမယ်။ ERPC (evacuation of retained products of conception) ခေါ်တယ်။

  

(၄) Missed abortion ဖြစ်တာဆိုရင် တိုင်ပင်ဆုံးဖြတ်ဘို့လိုမယ်။

(က) စောင့်အုံးမလား၊ စောင့်မယ်ဆိုတာ ၁ဝ ရက်နေရင် (အာလ်ထွာဆောင်း) တခါ ထပ်ရိုက်တာဖြစ်တယ်။ မကောင်းတာ သေခြာရင် (ခ) အတိုင်းလုပ်ရမယ်။

(ခ) မစောင့်ချင်ရင် ERPC (evacuation of retained products of conception) သားအိမ်ထဲကျန်တာတွေ ထုတ်ပေးမယ်။

 


Ref:
Dr. တင့်ဆွေ


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18