Print

နားပြည်ယိုရောဂါ

  01-Apr-2020
Preview Image

ကလေးများတွင် နားကိုက်ခြင်း (သို့) နားတွင်အရည်ယိုခြင်းတို့မှာ နားပြည်ယိုရောဂါကြောင့် ဖြစ်ရသည်။ တစ်နှစ်အောက် ကလေးများတွင် မိခင်နို့ တိုက်ကျွေးခြင်းသည် နားရောဂါများကို ကာကွယ်ရာတွင် ကူညီကြောင်းတွေ့ရသည်။ နားပြည်ယိုရောဂါ မကြာခဏ ပေါ်ပေါက်စေသော အချက်များမှာ -

၁။ မိခင်နို့ကို မတိုက်ကျွေးခြင်း၊
၂။ ကလေးခြောက်လအရွယ် မရောက်မီနားပြည်ယို စဖြစ်ခြင်း၊
၃။ မိဘ (သို့) အစ်ကို၊ အစ်မများတွင် နားရောဂါဖြစ်ခြင်း၊
၄။ အာခေါင်ကွဲရောဂါရှိခြင်း၊ (ခွဲစိတ်ကုသပြီးသည့်တိုင်)

ရောဂါရှာဖွေခြင်း

၁။ နားမှပြည်များယိုနေခြင်း၊
၂။ နားကိုက်ခြင်း၊
၃။ နီရဲပြီး မလှုပ်နိုင်သော နားစသည်တို့ကို တွေ့ရပေမည်။ ထို့အပြင် ဖျားခြင်း၊ ဂနာမငြိမ်ခြင်း၊ မစားချင်မသောက်ချင်ဖြစ်ခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင်းတို့ပါ တွေ့ရ တတ်သည်။

ရောဂါကိုရှာဖွေရာတွင် အကောင်းဆုံးနည်းမှာ နားတွင်းကြည့် ကိရိယာ Otoscope ဖြင့် နားစည်နီရဲနေခြင်းနှင့် မရွေ့ရှားခြင်းစသည့် ရောဂါလက္ခဏာတို့ကို လေ့လာနည်းပင်ဖြစ်သည်။ သို့သော် နားထဲတွင် ပြည်တွေ့ရခြင်း၊ နားကိုက်ခြင်းတို့သည်လည်း ရောဂါရှိကြောင်း သက်သေပြသည့် အချက်များပင်ဖြစ်သည်။ ကလေးငယ်တွင် နားကိုက်နေပြီး နားနောက်ဘက်တွင် နာသောအလုံးအကျိတ်ရှိပါက နားစောင့်ရိုးနာ ဖြစ်နေကြောင်း သတ်မှတ်ကြသည်။ အဆိုပါ ကလေးများမှာ ခွဲစိတ်ကုသမှု ခံယူသင့်ပေသည်။ မခွဲစိတ်မီ ပဋိဇီဝဆေးများကို အလျင်ပေးထားပြီးမှ ဆေးရုံကို ချက်ချင်းလွှဲပေးသင့်သည်။

ကုသခြင်း

ဗက်တီးရီးယားပိုးများသည် နားပြည်ယိုရောဂါ၏ သုံးပုံနှစ်ပုံကို ဖြစ်စေသည်။ နားပြည်ယိုစေသော ဗက်တီးရီးယားပိုးများမှာ စထရက်တိုကော့ကပ်နမိုနီးယား Streptococcus Pneumoniae နှင့် ဟီမိုဖီးလပ် အင်ဖလူအင်ဇေ Haemophilus Influenaze တို့ဖြစ်ကြရာ နမိုးနီးယားရောဂါကို ဖြစ်စေသော ဗက်တီးရီးယားပိုးမွှားနှင့် အမျိုးတူပေသည်။

နားမှပြည်ယိုနေပါက ပြည်ကို ခြောက်သွေ့အောင်နားကိုဂွမ်းစဖြင့် ခြောက်အောင်ပြုလုပ်ပါ။

၁။ ဂွမ်းစကို မီးစာပုံသဏ္ဍာန်လို လုံးကျစ်ပါ။ ထိုသို့ပြုလုပ်ရာတွင် စက္ကူစ၊ တုတ်ချောင်းစများ မသုံးရပါ။
၂။ မီးစာပုံသဏ္ဍာန် ဂွမ်းစကို ကလေးငယ်၏ နားထဲတွင် စိုလာသည်အထိထားပါ။
၃။ ဂွမ်းစကိုထုတ်ပစ်ပါ။
၄။ ထို့နောက် ဂွမ်းစ (မီးစာ) အသစ်များကို နားခြောက်သွေ့တဲ့အထိ ဆက်ကာဆက်ကာ သုံးပါ။ ဤနည်းဖြင့် နားကို ခြောက်သွေ့အောင် တစ်နေ့သုံးကြိမ်ပြုလုပ်ပါ။

 

နားပြည်ယိုခြင်းရပ်ပြီး ခြောက်သွေ့အောင် တစ်နေ့သုံးကြိမ်ပြုလုပ်ပါ။ နားပြည်ယိုခြင်းရပ်ပြီး ခြောက်သွေ့အောင် ရက်သတ္တပတ် (သို့) နှစ်ပတ် အချိန်ယူရသည်။ မိဘများသည် လတ်တလော နားပြည်ယိုရောဂါ၏ လက္ခဏာများကို သတိထား ရမည်ဖြစ်ပြီး ချက်ချင်းဆေးကုသနိုင်ရန် လုပ်ဆောင်သင့်သည်။

Credit: ဒေါက်တာလှဖေ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။ 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18