Print

ပေါင်ခြံကပွေး

  22-Dec-2019
Preview Image

ပွေးဆိုတာ အရေပြားမှိုကြောင့် ဖြစ်ရတာပါ။ ပေါင်ခြံပွေးဟာ အရေပြားမှိုတွေအနက် Tinea Rubra နဲ့ Tinea Mentagrophyts တို့ကြောင့် အဓိကဖြစ်ရတာပါ။ တစ်ခါတလေ ရိ(စ်)မှိုတစ်မျိုးဖြစ်တဲ့ ကန်ဒီဒါ (Candida) ကြောင့်လည်း ပေါင်ခြံ ယားနာစွဲတတ်ပါသေးတယ်။ အများစုမှာတော့ ပွေးစွဲရင် ယားပေမယ့် တချို့ကျတော့ဘယ်လိုမှ မယားပါဘူးတဲ့။ ယားတော့ ကုပ်တယ်။ ကုပ်တော့ ပျံ့တာပေါ့။ ပေါင်ခြံပွေးဆိုပေမယ့် ကြာရင် ပေါင်အတွင်းဘက်တွေ၊ ဆီးခုံနေရာတွေ၊ တင်ပါးတွေ၊ စအိုဝန်းကျင်တွေ အထိပါ ပြန့်နိုင်တာပါ။ ကြာလေ ပြန့်လေပါ။ ပြောရရင် ခါးပတ်လိုင်းရဲ့ အောက်ပိုင်းအထိ၊ လုံချည် တင်းတင်းစည်းတဲ့ ခါးတစ်လျှောက်အထိ ပြန့်နိုင်တာပါ။

ပွေးဆိုတာ တကယ်တော့ နီနီရဲရဲ အကွင်းပုံ အကွက်တွေပါ။ အနားသတ်နေရာကတော့ ခပ်ကြွကြွ၊ ခပ်ဖောင်းဖောင်းလေးရှိပေမယ့် အကွက်ရဲ့အလယ်နေရာကတော့ အရေပြားနဲ့ တစ်ပြေးညီဖြစ်နေတာမျိုးပေါ့။ Central Clearing ပေါ့။ အဝလွန်သူတွေ၊ ဆီးချိုရောဂါရှိသူတွေ၊ စတီးရွိုက်ဆေး ရေရှည်စွဲသောက်ရ သူတွေမှာလဲ ပေါင်ခြံမှာ ပွေးစွဲနိုင်ပါတယ်။ တချို့ကျတော့ စတီးရွိုက်လိမ်းဆေးတွေ စွဲလိမ်းရာကတစ်ဆင့် အရေပြား မှိုဝင်သွားတာမျိုး ရှိပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဆေးမကုဘဲ ထားခဲ့ရင် စောစောကပြောသလို ပြန့်သထက် ပြန့်လာပါတယ်။ ယားလို့ကုတ်ရာကတစ်ဆင့် လက်မသန့်တော့ ပြည်တည်နာတွေ ဖြစ်ပါလေရော။ တချို့ကျတော့ ရဲရာကနေ မည်းသွားပြီး အရေပြားဟာ ထူလပျစ်ဖြစ်ပြီး ပြန့်သွားပါလေရော။ အရှက်နေရာဆိုတော့ ဆေးမကုဘဲ လချီ၊ နှစ်ချီပြီး ဖုံးဖိထားသူတွေလည်း အများသား။ ကိုယ့်ရဲ့ အိမ်သူအိမ်သား တစ်ယောက်ယောက်က သိသွားတဲ့အခါမှာ အတင်းတိုက်တွန်းလို့ ဆေးခန်းသွားပြတတ်ကြပါတယ်။ ဖုံးလို့ရသလောက်တော့ ဖုံးကွယ်ထားတတ်ကြပါတယ်။ လူပျို၊ အပျိုပေါက်အရွယ်တွေဆို ပိုပြီရှက်တာပေါ့။ အဖေထက် တိုးတိုးဖော်အမေကို ခေါ်ပြီးမှ ဆေးခန်းလာပြတတ်ကြပါတယ်။

အရေပြားလိမ်းဆေးတွေဟာ သောက်ဆေးတွေလောက် အရမ်းကာရော အန္တရာယ် မရှိဘူးလို့ ထင်နေတဲ့ အမှားပါ။ ပြောရရင် ပေါင်ခြံက ပွေးကို မှိုသတ်ဆေး လိမ်းရမယ့်အစား စတီးရွိုက် လိမ်းဆေးတွေ စွဲလိမ်းလို့ ပေါင်ကြောပြတ်သွားတဲ့လူတွေ အများကြီးပါ။ ဒီစတီးရွိုက်လိမ်းဆေးတွေဟာ ရောင်ရမ်းမှု၊ ယားယံမှုကို ချက်ချင်းသက်သာစေပေမယ့် အရေပြားမှိုကို သတ်နိုင်တဲ့ဆေး မဟုတ်ပါ။ ဒီတော့ ယာယီပဲ သက်သာပြီး မပျောက်တော့ပါဘူး။ ပြီးတော့ အရေပြားက ပါးလာတယ်။ ပွေးတွေက ပိုပျံ့တယ်၊ အကြောပြတ်တဲ့အစင်းတွေ ပေါ်လာတယ်။ မျက်နှာက ပွယောင်းယောင်းနဲ့ ဆီးချိုပါ ဝင်သွားနိုင်ပါတယ်။ ခက်တာက ဈေးကွက်ထဲရှိတဲ့ လိမ်းဆေးတွေထဲမှာ စတီးရွိုက်ဓာတ်ပါတယ်၊ မပါဘူးဆိုတာ သာမန်အရပ်သား တစ်ယောက်အနေနဲ့ သိဖို့မလွယ်ပါဘူး။ မြန်မာလိုရေးထားတာမှ မဟုတ်တာ၊ ဒါကြောင့် မသိနားမလည်တဲ့ လိမ်းဆေးတွေကို ဆရာဝန်နဲ့ ပြသပြီးမှ အသုံးပြုတာ အကောင်းဆုံးပါ။

ပွေးဆိုတာ ကူးစက်ရောဂါပါ။ တခြားတစ်ယောက်ဆီက ကိုယ့်ဆီ ကူးနိုင်သလို ကိုယ့်ဆီကလည်း နီးစပ်ရာတွေကို ကူးသွားနိုင်ပါတယ်။ လူအများ စုဝေးနေထိုင်ကြတဲ့ ဘော်ဒါဆောင်နေတဲ့သူတွေ၊ အကျဉ်းသားတွေ အလွန်ကြုံရတဲ့ ပြဿနာပါ။ အများသုံး
ရေချိုးခန်းတွေ၊ ရေသုတ်ပဝါတွေ၊ အိပ်ရာခင်းတွေ၊ အတွင်းခံ အဝတ်အစားတွေက တစ်ဆင့် ကူးစက်တာပါ။ ရေရှားတဲ့ဒေသတွေမှာလည်း တစ်ကိုယ်ရည် သန့်ရှင်းရေး ကောင်းကောင်း မလုပ်နိုင်ရင်၊ ရေမှန်မှန်မချိုးနိုင်ရင် ဖြစ်ကြတာပါပဲ။ နောက်ပြီး ပွေးရှိတဲ့သူတွေနဲ့ လိင်ဆက်ဆံရာက တစ်ဆင့်လည်း ကူးနိုင်တာမို့ အတော်သတိထားရမှာပါ။ လိင်ဆက်ဆံဖက်တစ်ယောက်မှာ ပေါင်ခြံပွေးရှိခဲ့ရင် တခြားတစ်ယောက်ကို အလွယ်တကူ ကူးသွားနိုင်တာမို့ပါ။

ပေါင်ကြား ချွေးထွက်စေမယ့်ကိစ္စမျိုးကို ရှောင်ရမှာပါ။ အတွင်းခံဘောင်းဘီပွပွ (Boxers) ပဲ ဝတ်ပါ။ မကြာခဏ လျှော်ဖွပ်ပါ။ နေလှန်းပေးပါ။ တစ်ယောက်အဝတ်အစားကို တစ်ယောက်ယူမသုံးပါနဲ့၊ မဝတ်ပါနဲ့။ ရေမှန်မှန်ချိုးပါ။ အများသုံး ရေချိုးခန်းသုံးရင် သီးသန့် ဖိနပ်စီးပါ။ အဝမလွန်ပါစေနဲ့။ ပေါင်ကြားကို ခြောက်သွေ့နေအောင် ဂရုစိုက်ပါ။ ဖြစ်နိုင်ရင် မှိုသတ်ပေါင်ဒါမှုန့် ထည့်ပေးပါ။ လုံချည်စိုစို၊ ဘောင်းဘီစိုစိုနဲ့ အကြာကြီး မနေပါနဲ့။ လိင်ဆက်ဆံဘက်မှာ ပွေးရှိခဲ့ရင် သတိထားပါ။ ဒါဆိုရင် ပေါင်ခြံပွေးကိစ္စက ကာကွယ်ပြီးသား ဖြစ်မှာပါ။

Credit : ဒေါက်တာဦးကျော်ကျော်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18