Print

အဆီပြန်သော အရေပြားရောင်ရမ်းခြင်းကို ဘယ်လိုပုံတွေ့ရမလဲ

  04-Oct-2019
Preview Image

ဦးရေပြားပေါ်တွင် အနားသတ်မထင်ရှားသော ခြောက်သွေ့သည့် ပန်းရောင် (သို့) အသားရောင် အကွက်များ အဖြစ်တွေရပြီး အဝါရောင် (သို့) အဖြူရောင် ကြေးခွံနုများရှိပါသည်။ အဆီပြန်ပြီး အကြေးခွံထနေသော သဏ္ဍာန်မျိုး
တွေ့ရတတ်ပါသည်။ ဦးရေပြားတစ်ခုလုံးလည်း ဖြစ်တတ်ပါသည်။ မျက်ခုံးမွေးများထဲ၊ မျက်ခွံထိပ်များ၊ နားရွက်အထဲ၊ နောက်နှင့် နှာခေါင်းဘေးရှိ အရေပြားချိုင့်များတွင် အဖြစ်များပါသည်။ ဆံစပ်တွင် ပန်းနုရောင်အပိုင်းကွက် လက်စွပ်ပုံအကွက်များအဖြစ်လည်း တွေ့နိုင်ပါသည်။ တစ်ခါတစ်ရံ ချိုင်းကြား၊ ပေါင်ခြံ၊ ရင်ဘတ်အလယ်နှင့် ကျောကုန်းအပေါ်ပိုင်းတို့တွင်လည်း ဖြစ်ပွားတတ်ပါသည်။ ခွာရလွယ်သောအကြေးခွံနုများရှိသည်။ ပန်းလိမ္မော်ရောင် အကွက်များအဖြစ် တွေ့ရတတ်ပါသည်။ ယားယံခြင်း ရှိမရှိမှာ တပ်အပ်မပြောနိုင်ဘဲ၊ တစ်နေ့နှင့် တစ်နေ့မတူဘဲ ဖြစ်နိုင်ပါသည်။

ဖြစ်စေနိုင်သောအကြောင်းရင်း


ပုံမှန်အရေပြားပေါ်ရှိ Malassezia ဟုခေါ်သော တဆေးအဖြစ်သုံးသော မှိုတစ်မျိုး အလွန်ပွားခြင်းကြောင့်ဖြစ်သည့် အရေပြားရောင်ရမ်းသော တုံ့ပြန်မှုဟု ယုံကြည်ယူဆပါသည်။ ၎င်းမှိုသည် အရေပြားလှုံ့ဆော်သော အဆိပ်အတောက်များ ထုတ်လုပ်ပါသည်။ အဆီပြန်သော အရေပြားရောင်ရမ်းခြင်း ခံစားနေရသော လူနာများတွင် ၎င်းမှိုနှင့်ပတ်သက်သော ခုခံနိုင်မှုများ လျော့ကျနေတတ်ပါသည်။ ကူးစက်ရောဂါမဟုတ်ဘဲ အစားအသောက်နှင့်လည်း မပတ်သက်ပါ။ နေမကောင်းဖြစ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ပင်ပန်းလွန်းခြင်း၊ ရာသီဥတု အပြောင်းအလဲနှင့် ကိုယ်လက်မအီမသာ ဖြစ်သောအချိန်များတွင် ပိုဆိုးတတ်ပါသည်။ ကိုယ်ခန္ဓာ ခုခံအားကျဆင်းမှုရောဂါသည်များ၊ အာရုံကြောရောဂါများဖြစ်သော လေဖြတ်ခြင်းနှင့် Parkinson ရောဂါ ခံစားနေရသူများ စသည်တို့တွင် အထူးအဖြစ်များပါသည်။

နို့စို့ကလေးများတွင်ဖြစ်သော အဆီပြန့်သည့် အရေပြားရောင်ရမ်းခြင်းလူကြီးများတွင်ဖြစ်သော အခြေအနေနှင့် အတူတူ ဖြစ်ကြောင်း မသေချာပေ။ မွေးကင်းစမှ ခြောက်လအထိ ဖြစ်နိုင်ပါသည်။ များသောအားဖြင့် ဦးခေါင်းပေါ်တွင် ဖြစ်တတ်ပြီး ချိုင်းကြား၊ ပေါင်ခြံ စသည်တို့တွင်လည်း ဖြစ်နိုင်ပါသည်။ ပြင်းထန်သော ကလေးလူနာများတွင် မျက်နှာ၊ ကိုယ်နှင့် ခြေလက်များပေါ်တွင် ယားယံမှုမရှိသော ပန်းလိမ္မော်ရောင် အကြေးထူသော အကွက်များအဖြစ် တွေ့ရတတ်ပါသည်။

ကုသမှု

အရွယ်ရောက်ပြီးသူများတွင်ဖြစ်သော အဆီပြန်သော အရေပြားရောင်ရမ်းခြင်းသည် အလွန်စွဲမြဲတတ်ပါသည်။ ကုသမှုမှာ ဖြစ်ပွားရာနေရာနှင့် ဝေဒနာရှင်၏ အသက်ပေါ် မူတည်ပါသည်။ ယေဘုယအားဖြင့် မှိုသတ်ဆေးများ ပုံမှန်သုံးစွဲခြင်းနှင့် Steroids လိမ်းဆေးများ လိုအပ်သည့်အခါ သုံးစွဲခြင်းတို့ဖြင့် ထိန်းချုပ်ကုသနိုင်ပါသည်။
နို့စို့ကလေးများဖြစ်သော အဆီပြန်သော အရေပြားရောင်ရမ်းခြင်းသည် များသောအားဖြင့် ကလေးအသက် ခြောက်လမပြည့်မီ လုံးဝပျောက်ကင်းသွားလေ့ရှိပြီး အသက်တစ်နှစ်ကျော်အထိ ဖြစ်ပွားမှု အလွန်နည်းပါသည်။ လိုအပ်ပါက အဆီလိမ်းပေးခြင်း၊ Hydrocortisone cream နှင့် Ketoconazole cream လိမ်းပေးခြင်းများဖြင့် ကုသနိုင်ပါသည်။

ဦးရေပြား

Ketoconazole, Ciclopirox, Selenium sulfide, zinc pyrithione, coal tar နှင့် Salicylic acid များပါသော ခေါင်းလျှော်ရည်များကို တစ်ပတ်လျှင် နှစ်ကြိမ်ဖြင့် အနည်းဆုံးတစ်လ (သို့) လိုအပ်ပါက လိုအပ်သလောက် သုံးစွဲကုသနိုင်ပါသည်။ ယားယံခြင်းကိုလျော့စေသော Stroids လိမ်းဆေးများ ရက်အနည်းငယ်စီ
နေ့စဉ်သုံးစွဲနိုင်ပါသည်။ ကတ္တရာလိမ်းဆေးများကို အကြေးခွံထူသော အနေရာများတွင် လိမ်းနိုင်ပြီး နာရီအနည်းငယ်အကြာတွင် ခေါင်းလျှော်ရည်ဖြင့် ပြန်လည်ဖယ်ရှားသင့်ပါသည်။

မျက်နှာ၊ နားရွက်၊ ရင်ဘတ်နှင့် ကျောကုန်း

ဖြစ်ပွားရာနေရာကို ဆပ်ပြားမဟုတ်သော သန့်ရှင်းစေသော ပစ္စည်းဖြင့် တစ်နေ့လျှင် တစ်ကြိမ်မှနှစ်ကြိမ် သေသေချာချာ သန့်ရှင်းပေးသင့်ပါသည်။ Ketoconazole နှင့် ciclopiox cream များကို တစ်နေ့လျှင် တစ်ကြိမ်ဖြင့် နှစ်ပတ်မှ လေးပတ်အထိ လိမ်းနိုင်ပြီး လိုအပ်သလို ထပ်၍ လိမ်းနိုင်ပါသည်။ Hydrocortisone cream နှင့် tacrolimus ointment များလည်းသုံးနိုင်ပါသည်။ ပြင်းထန်သော လူနာများတွင် မှိုသေဆေးများ ပါးစပ်မှ တိုက်ကျွေးခြင်းနှင့် ခရမ်းလွန်ရောင်ခြည်ဖြင့် ကုသခြင်းများ ပြုလုပ်နိုင်ပါသည်။

Credit : ဒေါက်တာခိုင်ခိုင်ဇော်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18