Print

နားထဲတစ်ခုခု ဝင်သွားရင်ဘာလုပ်ရမလဲ

  01-Oct-2019
Preview Image

နားထဲသို့ အကောင်ဖြစ်စေ၊ အရာဝတ္ထုတစ်ခုဖြစ်စေ ဝင်သွားသောအခါ နာကျင်ခြင်း၊ ထိုမှတစ်ဆင့် အကြားအာရုံထိခိုက်ခြင်းတို့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် နားထဲကို တစ်ခုခုဝင်တာနဲ့ ကြုံခဲ့လျှင် အရေးပေါ် အောက်ပါအချက်တို့ကို ဆောင်သင့်ရှောင်သင့်ပါတယ်။

- နားကြပ်တံလို အရာမျိုးနှင့်မထိုးသင့်ပါ
နားထဲဝင်သွားသော အရာတစ်ခုကို သေချာမမြင်ဘဲနဲ့ ထွက်လာလို့ ထွက်လာငြားဆိုပြီး နားကြပ်တံလို အရာမျိုးနှင့် နား မကလော်သင့်ပါ၊ ထိုသို့ လုပ်ခြင်းအားဖြင့် ဝင်နေသောအကောင် သို့မဟုတ် ပစ္စည်းက နားအတွင်းကို ပိုရောက်သွားနိုင်သလို နားရဲ့ အတွင်းပိုင်းကိုပါ ထိခိုက်နိုင်ပါတယ်။

- ထုတ်လို့ရနိုင်လျှင် ထုတ်ဖို့ ကြိုးစားကြည့်ပါ
နားထဲမှာရှိနေသောအရာကို သေချာမြင်ရလျှင်၊ ဆွဲထုတ်လို့ရနိုင်လျှင် ဇာဂနာကဲ့သို့သောအရာနှင့် ထုတ်နိုင်အောင် လုပ်ကြည့်သင့်ပါတယ်၊ ဒါပေမယ့် သေသေချာချာမြင်ရမှသာ လုပ်သင့်ပါတယ်။

- ဝင်သွားတဲ့ ဘက်ကို ခေါင်းစောင်းပြီး နားထဲက အရာကိုထွက်သွားအောင်ခါချ ကြည့်တာမျိုးလည်း ကြိုးစားကြည့်နိုင်ပါတယ်။

- နားထဲသို့အဆီတစ်မျိုးမျိုးထည့်ကြည့်ခြင်း
တကယ်လို့ နားထဲကို ဝင်သွားတဲ့အရာက အင်းဆက်ပိုးမွားအကောင် ဖြစ်နေခဲ့ရင်တော့ နားထဲကနေထုတ်ဖို့အတွက် သံလွင်ဆီ၊ ဒါမှမဟုတ် ကလေးတွေ အသုံးပြုတဲ့ baby oil လိုအဆီကို အသုံးပြုပြီး ထုတ်ဖို့ကြိုးစား ကြည့်နိုင်ပါတယ်။ ပြုလုပ်ပုံကတော့ ဘေးတစောင်းအိပ်ပြီး ပိုးကောင်ဝင်သွားတဲ့ နားထဲကို ခပ်နွေးနွေးအဆီ (အရမ်းမပူရပါဘူး) လောင်းထဲ့ပေးရမှာ ဖြစ်ပါတယ်။ ဒီလို လောင်းထည့်ပေးခြင်းအားဖြင့် နားထဲက ပိုးကောင်ကို သေစေနိုင်သလို အဆီနဲ့ ပေါလောပေါ်ပြီး အပြင်ကို ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်ခုသတိပြုရမှာက အဆီကို လောင်းထည့်တဲ့အခါ နားရဲ့တည်ဆောက်ပုံက တဖြောင့်တည်း ရှိမနေတဲ့အတွက် အဆီက နားလမ်းကြောင်းထဲ အလွယ်တကူဝင်အောင် ပြုလုပ်ပေးရမှာပါ။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအတွက် နားရွက်ကို နောက်ကျောဖက်နဲ့ အောက်ဖက်ကို အသာဆွဲပေးရမှာ ဖြစ်ပြီး၊ လူကြီးတွေမှာတော့ နောက်ကျောဖက်နဲ့ အပေါ်ဖက်ကို အသာဆွဲကာ အဆီလောင်းထည့်ရမှာ ဖြစ်ပါတယ်။ ဒီနည်းကိုတော့ နားထဲကို အကောင်ဝင်သွားတဲ့ အချိန်ကလွဲလို့ တခြားအချိန်တွေမှာ မသုံးသင့်ပါ။ ဒါ့အပြင် နားစည်ပေါက်ခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ နာကျင်ခြင်း၊ နားထဲမှ သွေး သို့မဟုတ် အရည်များ စီးယိုခြင်း စတဲ့ အခြေအနေတွေ ရှိခဲ့ရင်လည်း အသုံးမပြုသင့်ပါဘူး။

ဒီအရာတွေအားလုံးကို အရေးပေါ် ကြိုးစားကြည့်သင့်တာမှန်ပေမယ့် အချိန်မဆိုင်းဘဲ နား၊ နှာခေါင်း ဆရာဝန်ဆီ အမြန်ဆုံးသွားပြတိုင်ပင်တာလည်း လုပ်ရမှာဖြစ်ပါတယ်။ ဒါမှသာ မလိုအပ်ဘဲ အကြားအာရုံ ထိခိုက်ခြင်းမရှိအောင် ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Credit : Myat Pwint

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18