Print

ကိုယ်အပြင်မှာ HIV ဘယ်လောက်ကြာရှင်သလဲ

  26-Sep-2019
Preview Image

HIV ဗိုင်းရပ်စ်ပိုးဟာ လူ့ကိုယ်ခန္ဓာထဲ ကနေထွက်လာရင် ရောက်နေတဲ့ ပတ်ဝန်းကျင်အခြေအနေအ ပေါ်မှာမူတည်ပြီး ရှင်သန်နိုင်တယ်။ တချို့နေရာတွေမှာ ရက်သတ္တပါတ်တွေအထိရှင်တယ်။ တချို့နေရာတွေမှာ ဒီလောက်ကြာကြာ မရှင်နိုင်ပါ။
သူတို့ ရှင်သန်နိုင်စွမ်းဟာ ကိုယ်ကနေထွက်တဲ့ အရည်တွေအပေါ်မှာ မူတည်တယ်။ အရည်ထုထည် ဘယ်လောက်များသလဲ။ အရည်ရဲ့အပူချိန်၊ အက်စစ်ဓာတ်၊ ရေငွေ့ဓာတ်နဲ့ နေရောင်။ အခုထိကိုယ်ထဲကနေ ထွက်ပြီးသားသွေး၊ သုက်ရည်၊ တခြားအရည်တွေ ကနေတဆင့် HIV ကူးစက်ခဲ့တယ်ဆိုတဲ့ လူနာမရှိသေးပါ။ အဲလိုအရည်နဲ့သွေးတွေထဲမှာ မှန်ဘီလူးနဲ့စစ်ရင်တော့ HIV ပိုးတွေပါနေတာတွေ့နိုင်တယ်။ အရေအတွက်အရ ကူးစက်နိုင်အောင် မများလို့ဖြစ်မယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါပေမယ့် သတိထားကိုင်တွယ်ဖို့လမ်းညွှန်ချက်ကို တိတိကျကျထုတ်ထားပါတယ်။

HIV ပိုးဟာ အပူဒဏ်ကိုမခံနိုင်ပါ။ အေးလွန်းတာလည်းမခံနိုင်ပါ။ 60°C ကျော်ရင် သေကုန်တယ်။ အခန်းတွင်း အပူချိန်မှာရှိနေရင် ပိုးအရေအတွက် နည်းတော့မသွားပါ။ 4°C မှာထားရင် ခြောက်နေတဲ့သွေးထဲမှာ ၇ ရက်နေနိုင်တယ်။ ဓာတ်ခွဲခန်း စမ်းသပ်မှုတွေလုပ်ဖို့ HIV ပိုးပါတဲ့ေ သွးကိုသိမ်းထားချင်ရင် –70°C မှာထားရတယ်။ အပူချိန် 4°C မှာသိမ်းထားရင် ကြာကြာရှင်တယ်။ 27 to 37°C မှာထားရင် ၇ ရက်ထက် ပိုမရှင်ဘူး။

အခန်းတွင်းအပူချိန်မှာထားရင် ခြောက်နေတဲ့သွေးထဲမှာ ၅ ရက်ကနေ ၆ ရက် အထိရှင်မယ်။ pH level ကလည်း ထိန်းထာပြီး စမ်းသပ်ရမယ်။ ဒါကြောင့် ခြောက်နေတဲ့ သွေးကနေမကူးပါ။ HIV ပိုးရှိလူနာပေါင်း ၈ဝဝ ကျော်ဆီကနေ သွေးထုတ်ယူပြီး အခြေအနေ အမျိုးမျိုးမှားထားပြီး ပြန်စစ်ဆေးတော့ ဆေးထိုးအပ် ၁ဝ% မှာပိုးက ၁၁ ရက်အထိ ရှင်နေတာတွေ့ရတယ်။ သွေးထုထည်က ၄၇% အပ်တွေထဲမှာ 2µl နဲ့ ၅၃% မှာ 20µl ထက်နည်းတယ်။ ဆေးထိုးအပ်ထဲကသွေးထဲမှာ
ဒီအတိုင်းထားရင် ၄ ပါတ်အထိရှင်နေနိုင်တယ်။ မိလ္လာရေထဲမှာလည်း မရှင်နိုင်ပါ။ ဝမ်းနဲ့ ဆီးထဲကနေ HIV ပိုးရှာမရပါ။ စမ်းသပ်မှုတစ်ခုမှာတော့ အဲလိုအညစ်အကြေးထဲမှာ ရက်များများအထိ ရှင်နေနိုင်တယ်လို့ တွေ့ရပါတယ်။ ပင်လယ်ရေထဲမှာလည်း တခြားဗိုင်းရပ်စ်ပိုးတွေထက် ပိုမရှင်နိုင်ပါ။

လူသေအလောင်းကနေ HIV ပိုးကို ၁၁ ရက်ကနေ ၁၆ ရက်အထိ ရှာလို့တွေ့ပါတယ်။ ရေခဲတိုက်အပူချိန်က 2°C ရှိတယ်။ လူသေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကို အပူချိန် 20°C မှာထားရင် HIV ပိုးဟာ ၁၄ ရက်အထိရှင်နိုင်တယ်။ ၁၆ ရက် နောက်မှာတော့ သိသာတဲ့ အရေအတွက် အထိမရှိတော့ပါ။ အခုလိုစမ်းသပ်မှုတွေမှာ လေ နဲ့ မိုး ကိုထည့်မစဉ်းစားခဲ့ပါ။

HIV ပိုးဟာ (အယ်လ်ကာလီ) နဲ့ အက်စစ်ဓါတ်ခေါ် pH level မတူရင် လည်းခံနိုင်မတူပါ။ pH 7 ထက်နည်းတာရော pH 8 ထက်များတာမှာပါ ကောင်းကောင်းမရှင်နိုင်ပါ။ ကျန်းမာနေတဲ့အမျိုးသမီးရဲ့ ဗဂျိုင်းနာထဲမှာ အက်စစ်ဓါတ်အခြေအနေရှိလို့ HIV ပိုးဟာ ကြာကြာမရှင်နိုင်တာဖြစ်တယ်။ ၂ဝဝ၃ ခုနှစ်က သြစတေးလျမှာလုပ်တဲ့ သုတေသနအရ HIV ဟာ လူ့ကိုယ်ခန္ဓာအပြင်ဖက်မှာ ရက်သတ္တပါတ်တွေ အထိရှင်နေနိုင်တယ်။ အဲဒီလိုရှင်ဖို့ ဗိုင်းရပ်ပမာဏ၊ သွေးထုထည်၊ အရည်ထုထည်၊ အပူချိန်၊ စိုထိုင်းဆနဲ့ နေရောင်တွေ အပေါ်မှာမူတည်တယ်လို့ ကောက်ချက်ချတယ်။

Credit : ဒေါက်တာတင့်ဆွေ 

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18