Print

နာတာရှည်အယား

  26-Oct-2020
Preview Image

          အယားပြဿနာနဲ့ လုံးဝမကြုံဖူးသူဆိုတာ မရှိလောက်ပါဘူး။ အနည်းဆုံး ခဏတစ်ဖြုတ်လောက်တော့ ယားဖူးကြမှာပါ။ ဘာလို့လဲဆိုတော့ အဓိကအားဖြင့် အယားဓာတ်ကို စတင်သတင်းပေးပို့သူက အရေပြားမို့ပါ။ အရေပြားဟာ အာရုံကြောအမျှင်တွေ အများကြီးရှိတဲ့ ခန္ဓာကိုယ်ရဲ့ ထုထည်အကြီးမားဆုံး ပြင်ပပစ္စည်းဖြစ်ပါတယ်။ ဒီတော့ ထိ၊ နာ၊ ပူ၊ အေး စတဲ့ အာရုံတွေအပြင် အယားအာရုံကိုပါ တစ်ခါတလေ အဆစ်ပေးပါတော့တယ်။


အရေပြားမှစတဲ့ အယား

          အယားဓာတ် ဘယ်လိုဖြစ်လာသလဲဆိုတဲံ ဇာတ်လမ်းက အတော်ရှုပ်ထွေးပါတယ်။ အဓိက ဇာတ်ကောင်ကတော့ ဟစ်စတာမင်း (Histamine) ပါ။ အရေပြားထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ဒီဟစ်စတာမင်းဓာတ်တွေ ထွက်လာပြီဆိုရင် အယားဇာတ်လမ်းစပါပြီ။

          ဇာတ်ရံတွေဖြစ်တဲ့ 5-HT၊ Serotonin၊ Acetylcholine စတဲ့ ဓာတ်တွေလည်း ပါဝင်တာပါပဲ။ ဒီဓာတ်ပစ္စည်းတွေက အရေပြားထဲမှာ သစ်ခက်သစ်ကိုင်းများလို ယှက်နွယ်နေတဲ့အာရုံကြောမျှင်တွေက တစ်ဆင့် ဦးနှောက်ထံ ချက်ချင်းသတင်းပို့ပါတယ်။ အဲဒီမှာ ယားခြင်းဆိုတဲ့ ခံစားမှုအာရုံရရှိတာပါ။ ဒီအယားမျိုးက သာမန်အတွေ့များ၊ အဖြစ်များတဲ့ကိစ္စပါ။ Pruriceptive Itch တဲ့ တစ်နည်းအားဖြင့် အရေပြားမှာ အခြေခံတဲ့ ယားနည်းပေါ့။


အာရုံကြော အယား

          အရေပြားမှာ ဘာပြဿနာမှ မရှိဘဲ အာရုံကြောထိလို့ ယားတဲ့အယားတွေလည်း ရှိပါတယ်။ ဒီအယားမျိုးတွေက များသောအားဖြင့် နာတာရှည်ယားလေ့ရှိပါတယ်။ အလွယ်ဥပမာပြောရရင် ရေယုန်ပေါက်လို့ယားတာ၊ ကိုက်တာဟာ ရေယုန်ဗိုင်းရပ်စ်ကြောင့် အာရုံကြောထိခိုက်သွားလို့ပါ။ တချို့ကျတော့ နောက်ကျောအလယ်လောက်မှာ မကုတ်ရမနေနိုင်အောင် ယားတဲ့ နာတာရှည်အယားပါ။ အကြောင်းအမျိုးမျိုးကြောင့် သက်ဆိုင်ရာ အာရုံကြောမှာ ထိခိုက်မှုရှိခဲ့လို့ ဖြစ်နိုင်ပါတယ်။ ဒီကျောယားပြဿနာကို Notalgia Paresthetica လို့ အမည်တွင်ပါတယ်။ ကုတ်ဖို့ လက်မမီလို့ တုတ်ချောင်းဆောင်ထားရတဲ့အယားတစ်မျိုးပါ။


စိတ္တဇအယား

          အရေပြားတွေ၊ အာရုံကြောတွေနဲ့ လုံးဝမသက်ဆိုင်ဘဲ စိတ်နဲ့ပဲ ပတ်သက်တဲ့ အယားတစ်မျိုးကတော့ Psychogenic itch လို့ အမည်တွင်ပါတယ်။ အာရုံကြောက သတင်းပို့မှ အယားအာရုံရတာမဟုတ်ဘဲ သူ့အလိုလို ယားစိတ်ဝင်နေတာပါ။ ဥပမာ အရေပြားပေါ်မှာ ဘာပိုးကောင်မှမရှိဘဲနဲ့ ရွရွရွရွနဲ့ ပိုးကောင်လေးတွေ ပြေးနေတယ်ထင်ပြီး ယားတာမျိုး၊ အရေပြားထဲက တကယ်မရှိတဲ့ ပိုးကောင်တွေကို ညှပ်တွေ၊ ဇာဂနာတွေနဲ့ ထိုးဆွတာမျိုးပေါ့။ တချို့ကျတော့လည်း ကျား မ လိင်အင်္ဂါတွေမှာ အရေပြားပြဿနာ ဘာမှမရှိဘဲနဲ့ကို ညညဆို မကုတ်ရ မနေနိုင်အောင် အယားစွဲနေတာမျိုးရှိပါတယ်။ စိတ်ဖိစီးမှုများသူတွေ၊ စိတ်ဓာတ်ကျသူတွေမှာ ဒီပြဿနာမျိုးတွေ ကြုံရတတ်ပါတယ်။ အလွယ်ဥပမာပေးရရင် စာမေးပွဲခန်းထဲမှာ စာမရတဲ့ကျောင်းသား၊ ကျောင်းသူတွေက မဖြေနိုင်လိုက်လို့ ခေါင်းကုတ်တာမျိုးပေါ့။


အတွေ့မရှားတဲ့ နာတာရှည်အယား

          ဘာကြောင့်ပဲယားယား ရက်သတ္တပတ် ၆ ပတ်ထက်ကျော်သွားပြီဆိုရင် နာတာရှည်အယားလို့သတ်မှတ်ပါတယ်။ ဒီလိုရေရှည်အယားဟာ အမျိုးသမီးတွေမှာ ပိုတွေ့ရဆိုပဲ။ နောက်ပြီး အသက်ကြီးလေ ပိုကြုံရလေပါ။ အသက်အရွယ်အိုမင်းလာတဲ့အခါ အသားခြောက်တဲ့ပြဿနာအပြင် ကိုယ်တွင်းအင်္ဂါတွေမှာလည်း ရောဂါတစ်ခုမဟုတ် တစ်ခုဝင်တတ်တာကိုး။ ဆီးချိုလား၊ ကျောက်ကပ်လား၊ အသည်းလား၊ အဆုတ်လားပေါ့။ ဒီလို ကိုယ်တွင်းအင်္ဂါတွေမှာ ကင်ဆာအပါအဝင် ပြဿနာတွေ တက်ခဲ့ရင် အရေပြားမှာလာပြီး ယားတတ်ပါတယ်။ ဒါကြောင့် ဇရာအိုတွေမှာ အယားပြဿနာကို ရေရှည်ရင်ဆိုင်ရတာ မဆန်းပါဘူး။


ကိုယ်တွင်းအင်္ဂါတွေကြောင့် ယားတာလား

          ဦးနှောက်ရဲ့အာရုံကြောကြောင့် ယားတဲ့အယားမျိုးကို အသာထား၊ အခြားကိုယ်တွင်းအင်္ဂါတွေကြောင့်လည်း အယားဝေဒနာ ကြုံရတတ်ပါတယ်။ သွေးရောဂါလား၊ အသည်းအဆုတ်ရောဂါလား၊ ကျောက်ကပ်လား၊ ကူးစက်ရောဂါတွေဖြစ်တဲ့ ဘီပိုး၊ စီပိုး၊ HIV ကြောင့်လား၊ ကာလသားရောဂါပိုးကြောင့်လား၊ တုတ်ကောင်၊ သန်ကောင်ရှိလို့လား၊ အော်တိုအင်မျူးဆိုတဲ့ ခုခံအားစံလွဲတဲ့ရောဂါကြောင့်လား စသဖြင့် မမြင်ရတဲ့ ရောဂါပြဿနာတွေကလည်း အယားတရားခံ ဖြစ်တတ်ပါတယ်။


ယားတဲ့အရေပြားရောဂါတွေ

          အရေပြားရောဂါတွေရဲ့ တစ်ဝက်လောက်ကတော့ ရေတို၊ ရေရှည်အယားပြဿနာပေးတတ်ပါတယ်။ နှင်းခူမျိုးစုံ (အထူးသဖြင့် အေတိုးပစ်နှင်းခူ)၊ ဆိုရီယားစစ်၊ လိုင်ကင်ပလေနပ် စတဲ့ရောဂါမှသည် ပွေး၊ ဝဲ၊ ဒက်စတာတွေအထိ အများကြီးရှိပါတယ်။ အစာ၊ ဆေး၊ ဓာတုပစ္စည်း (မိတ်ကပ်၊ ဆပ်ပြာ၊ ရေမွှေး စသဖြင့်)၊ အမှုန်အမွှား (ခွေး၊ ကြောင်၊ ငှက်၊ ဖုန်) တွေနဲ့ ဓာတ်မတည့်လို့ ယားတာတွေကလည်း မကြာခဏဆိုသလိုပါပဲ။ ခြင်၊ ကြမ်းပိုး၊ သန်း အကောင်တွေဆော်ရင်လည်း ယားကြတာပါပဲ။ အသက်ကြီးလို့ အရေပြားအဆီခန်းပြီး အသားခြောက်ရင်လည်း ယားတာပါ။ အသက်ကြီးရင့်သူတွေမှ မဟုတ်ပါဘူး။ အေးတဲ့ဒေသတွေမှာ ဆောင်းရောက်ရင် အသားတွေခြောက်ပြီး ယားကြတာပါ။ အေးလို့ ယားသလို ပူတဲ့အခါမှာလည်း ချွေးတွေ၊ မိတ်ဖုတွေကြောင့် ယားကြတာပါပဲ။


အဖြေရှာမတွေ့တဲ့ နာတာရှည်အယား

          နာတာရှည်အင်ပြင်ထွက်တာ၊ ယားတာတွေဟာ ဘာကြောင့်လဲဆိုတာ တစ်ခါတစ်လေ အဖြေမတွေ့ပါဘူး။ လူနာက အစားရှောင်၊ ဓာတုပစ္စည်းတွေ ရှောင်၊ ဟိုဟာရှောင်၊ ဒီဟာရှောင်ဆင်ခြင်ပေမယ့် အင်ပြင်တွေက ထွက်ချည်ဝင်ချည်နဲ့ပါ။ သွေးစစ်၊ ဓာတ်မှန်ရိုက် စတဲ့လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ကြည့်တော့လည်း အပြစ်အနာအဆာ မတွေ့၊ ဗလာချည်းကို အယားသက်တမ်းကရှည်နေတော့တာပေါ့။ ဆေးတွေသောက်ရင် ခဏ ပျောက်သွားလိုက်၊ နောက်တော့ပြန်ပေါ်လိုက်နဲ့ တချို့ဆို နှစ်ချီကြာသွားပါတော့တယ်။ ဆေးပညာမှာတော့ ဒီပြဿနာကို CIU Chronic Idiopathic Urticaria အဓိပ္ပာယ်က နာတာရှည် သူ့အလိုလိုပေါ်တဲ့အင်ပြင်တွေတဲ့။ အင်ပြင်မပေါ်ဘဲ ယားတဲ့အယားကျတော့ Chronic Pruritus of Undetermined Origin ဆိုပြီး ခေါ်ပါတယ်။ ဒီလိုအယားတာရှည်လေတော့ ဆရာဝန်တွေကို တစ်ယောက်ပြီးတစ်ယောက်ပြောင်းပြီး ပြတတ်ကြပါတယ်။ ပျောက်လိမ့်နိုးနိုးပေါ့။ အဖြေမတွေ့ဘဲ အော်တိုပေါ်လာတဲ့ဒီအယားပြဿနာဟာ ဆေးကုလို့ အတော်ခက်ပါတယ်။ အရေပြားဆရာဝန်တွေတောင် အတော်ခေါင်းစားရပါတယ်။ လူနာကို ဆေးတွေတစ်မျိုးပြီးတစ်မျိုးပြောင်းပေး၊ ရှောင်ရန်ဆောင်ရန်တွေ တဖွဖွမှာရင်း အားပေးကြရတာပါ။ အချိန်တန်တော့ လုံးဝပျောက်သွားပါတယ်။ တချို့တစ်နှစ်လောက်နဲ့ကင်းစင်သွားပေမယ့် တချို့ခမျာ ငါးနှစ်လောက်ထိတောင် ခံစားကြရရှာပါတယ်။


အထိနာတာ အရေပြား

          နာတာရှည်အယားကြောင့် အိပ်ရေးပျက်၊ စိတ်ဓာတ်ကျ၊ စိတ်ဖိစီးဖြစ်ရတာတော့ မှန်ပါတယ်။ ဒါပေမယ့် အရေပြားရောဂါကြောင့်ပဲယားယား၊ ကိုယ်တွင်းရောဂါတွေကြောင့်ပဲ ယားယား၊ အာရုံကြောကြောင့်ပဲယားယား၊ စိတ္တဇအယားပဲယားယား နောက်ဆုံးအထိနာတာကတော့ အရေပြားပါပဲ။ လူ့သဘာဝယားရင် ကုတ်တာကိုး။ ကုတ်တော့သက်သာသွားတာရှိသလို ပိုပြီး ယားတာမျိုးကြုံရပါတယ်။ ယားလို့ကုတ်၊ ကုတ်လို့ယားနဲ့ ဘဝသံသရာလည်နေတာပါ။ လက်နဲ့မီရင် လက်နဲ့ကုတ် (လက်သည်းကရှည်ရှည်ထားသေး) လက်မမီရင် တုတ်ချောင်း ဒါမှမဟုတ် ဘီးရှည်ရှည်နဲ့ ကုတ်၊ တချို့ဆို ကျောယားလွန်းလို့ သစ်ပင်ကို ကျောပေးပြီး ပွတ်တာမျိုးတောင်ရှိသေး။ ကြာတော့ အရေပြားမှာ ဖဲ့ရာ၊ ဆွရာ၊ ကုတ်ရာတွေဖြစ်၊ အဲဒီနေရာတွေက ပိုးတွေဝင်ပြီး အနာဖြစ်၊ နောက်ဆုံးတော့ အမာရွတ်တွေ၊ အညိုအမည်းတွေပဲ အဖတ်တင် ကျန်ရစ်ပါတော့တယ်။ နှင်းခူအခံရှိခဲ့ရင်လည်း အခြားနေရာတွေပါ ပြန့်ကုန်ပါလေရော။


ဘာမီတွန်၊ စီထရီဇင်း

          အခုခေတ်မှာ ဘာကြောင့်ပဲယားယား ဘာမီတွန်၊ စီထရီဇင်းစတဲ့ဆေးပြားတွေကို အလွယ်သောက်နေကြတာပါ။ ဒီဆေးတွေက ယားစေတဲ့အဓိကဇာတ်ကောင်ဟစ်စတာမင်းကို ဆန့်ကျင်တုံ့ပြန်တာမို့ အရေပြားကို အခြေခံတဲ့ အယားမျိုးကိုပဲ အဓိက အသုံးဝင်တာပါ။ အပေါ်မှာ ဆွေးနွေးခဲ့သလို ယားစေတဲ့အကြောင်းတရားတွေက အများကြီးမို့ မူလဇာစ်မြစ်တရားခံကို ရှာဖွေပြီး ဦးစွာကုသသင့်ပါတယ်။ ရှောင်သင့်တာ ရှောင်ရပါမယ်။ ဆောင်သင့်တာ ဆောင်ရပါမယ်။ အဖြေရှာမရတဲ့ နာတာရှည်အယား၊ နာတာရှည် အင်ပြင်ဆိုလည်း အဲဒီဆေးတွေ ရေရှည်သောက်ရမယ့်အစား စိတ်ငြိမ်ဆေးတွေ၊ အာရုံကြောဆေးတွေ၊ ကိုယ်ခံအား ခုနှိမ်ဆေးတွေကို လိုအပ်သလို အစားထိုးသုံးသင့်ရင်လည်း သုံးရပါတယ်။ ဒါကြောင့် နာတာရှည်အယားကြုံရင် အရေပြားဆရာဝန်တွေ၊ အထွေထွေသမားတော်ကြီးတွေနဲ့ ပြသတိုင်ပင်သင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်။

Credit : ဒေါက်တာကျော်ကျော်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18