Print

အရေပြားတွန့်ကြောင်းများ

  14-Oct-2020
Preview Image

          မိမိတို့အသက်ကြီးလာသောအခါ အရေပြားသည် ဆွဲဆန့်သတ္တိနှင့် တင်းမာမှု ဆုံးရှုံးသွားစေသည်။ ရေဓာတ်နှင့် ဆဲလ်များလည်း ဆုံးရှုံးသွားပြီး ဖြည်းညှင်းစွာ အစားထိုးခံရသည်။ အရေပြားတွန့်ကြောင်းများသည် အသုံးပြုသော လမ်းကြောင်းများတွင် ဖြည်းညှင်းစွာ ပေါ်ပေါက်လာသည်။ ရယ်လိုက်လျှင် မျက်စိထောင့်များတွင် အရေးအကြောင်းများ ပေါ်ပေါက်တတ်သည်။ အရေပြားတွန့်ခြင်းသည် နဖူးတွင်လည်း ပေါ်ပေါက်တတ်သည်။ အထူးသဖြင့် ဆေးလိပ်သောက်သူများတွင် ပါးစပ်တစ်ဝိုက်၌ အရေပြားလိုင်းများ ထင်သာမြင်သာ ပေါ်ပေါက်လာတတ်သည်။

မည်သူများတွင် အရေပြားတွန့်ကြောင်းများ ထိခိုက်ခံရသနည်း

          လူတိုင်း ထိခိုက်နိုင်သည်။ စိတ်လှုပ်ရှားမှုကို ဖော်ပြခြင်း၊ စားခြင်း၊ စကားပြောခြင်းနှင့် ထောင်ပေါင်းများစွာသော သေးငယ်သည့် လှုပ်ရှားမှုများကို ပြုလုပ်ရာတွင် မိမိတို့သည် မျက်နှာရှိ ကြွက်သားများကို အသုံးပြုကြရာ ၎င်းကြွက်သားများကို ထာဝစဉ် လေ့ကျင့်ခန်းပြုလုပ်ပေးသလိုဖြစ်နေသည်။ မျိုးရိုးဗီဇချွတ်ယွင်းသော အခြေအနေများဖြစ်သည့် Outis Laxa သို့မဟုတ် Pseucoxanthoma Elasticum တို့တွင် အရေပြားချွတ်ယွင်းမှုများမှာ ဖြစ်ခဲသည်။

          အချို့သော အလုပ်အကိုင်များ သို့မဟုတ် ဝါသနာပါလုပ်ငန်းများက အရေးအကြောင်းများကို ဖြစ်စေသည်။ ဥပမာ - သင်္ဘောသားများ သို့မဟုတ် ဂေါက်သီးရိုက်သူများတွင် အရေးအကြောင်းများ ထင်ရှားစွာ ရှိတတ်ရာ နေရောင်ခြည်ထဲတွင် မျက်စိစွေစောင်းကြည့်ရ၍ ဖြစ်ပါသည်။ အရွယ်တင်သူများတွင် အရေပြားကောင်းရခြင်းမှာ ကောင်းမွန်သော မျိုးရိုးဗီဇ၊ ကျန်းမာစေသော အစားအစာ၊ စိုစွတ်သော ပတ်ဝန်းကျင်နှင့်အရေပြားစောင့်ရှောက်မှုတို့ကြောင့် ဖြစ်ပေသည်။

အရေပြားတွန့်ကြောင်းများကို မည်သို့မည်ပုံ ကာကွယ်နိုင်ပါသနည်း။

(က) သီးခြား Specific

          အရေပြား တွန့်ကြောင်းများနှင့် အရေပြား အရေးအကြောင်းများကို လျော့ပါးစေသော အလှအပပစ္စည်းများ၏ အများစုမှာ စိုထိုင်းစေသောအရာများဖြစ်ကာ ၎င်းပစ္စည်းများက အရေပြားကို အကျိုးရှိစွာ ရေဓာတ်ဖြည့်ပေးသည်။ မျက်နှာအလှပြင်ခြင်းနှင့် အခြားအလှအပပြုလုပ်ခြင်းများမှာ အရေပြားကို ရေဓာတ်ဖြည့်ခြင်းဟူသော အခြေခံအပေါ် ဆောင်ရွက်ခြင်းဖြစ်သည်။ မိုက်ခရို ဒမ်အဘရေးရှင်း Microder mabrsion တွင် အရေပြားခွာပေးသော ဓာတုပစ္စည်းနှင့် လေဆာတို့သည် အရေပြားတင်းအား Tone ကောင်းမွန် တိုးတက်အောင် ပြုပြင်ရာတွင် အသုံးပြုသည်။

ခွဲစိတ်ခြင်းဆိုင်ရာ ရွေးချယ်စရာများတွင် အသုံးပြုသည်

          ခွဲစိတ်ခြင်းဆိုင်ရာ ရွေးချယ်စရာများတွင် မျက်နှာခွဲစိတ်အလှပြင်ခြင်း Facelifts နှင့် ကော်လာဂျင်ထိုးဆေးများ Collagen Injections ထိုးခြင်းတို့ပါဝင်သည်။ နောက်ဆုံးပေါ် ဆေးပညာကုထုံးမှာ ဘိုတောက်စ် ထိုးဆေးထိုးခြင်းဖြစ်သည်။ ဘိုတောက်စ်ထိုးဆေးမှာ ဘော်ကျူးလီနမ်တောက်စင် Botulimun Toxin မှ ထုတ်လုပ်ခြင်းဖြစ်ပြီး သေးငယ်သော ကြွက်သားများကို ခေတ္တခဏ အကြောသေစေသည်။ ထို့ကြောင့် အပေါ်ယံအရေပြားမှာ ပြောင်ချောချောဖြစ်သွားသည်။ ထိုသို့ ဘိုတောက်စ်ထိုးဆေး ထိုးခြင်းဖြင့် အရေပြားပြောင်ချောသွားရခြင်းမှာ ရက်သတ္တပတ် အတော်များများ သို့မဟုတ် လအတော်များများအထိ အာနိသင်ရှိပြီး ရရှိသောရလဒ်မှာ ချက်ချင်းလက်ငင်း ရရှိခြင်းဖြစ်သည်။

(ခ) အထွေထွေ General

          ဆေးလိပ်သောက်ခြင်းက အချိန်မတိုင်မီ အရေပြားတွန့်ခြင်းများကို ဖြစ်စေသဖြင့် ဆေးလိပ်မသောက်သင့်ပါ။ မြင့်မားသော ခရမ်းလွန်ရောင်ခြည် Ultra Violet ကို ကာကွယ်ပေးနိုင်သော နေကာမျက်မှန်များက မျက်စိစွေစောင်းခြင်းကို လျှော့ချပေးသည်။ နေရောင်ခြည်တားဆီးပေးသောအရာများ Sun block က နေရောင်ခြည်နှင့် အရေပြားထိတွေ့မှုကို လျှော့ချပေးရာတွင် ကူညီသဖြင့် အရေပြားခြောက်သွေ့ခြင်းကို လျော့နည်းစေသည်။ ထို့ကြောင့် အိုမင်းခြင်းသက်ရောက်မှုများကို လျော့နည်းစေသည်။ ထို့အတူ ကောင်းသောအာဟာရနှင့် ရေအလျှံပယ်သောက်ခြင်းမှာ ဆဲလ်များပြုပြင်ခြင်းနှင့် ပြန်ကောင်းခြင်းကို ထိန်းသိမ်းရာ၌ အလွန့်အလွန်အရေးကြီးပါသည်။ အိုမင်းခြင်းမှာ ဘဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရှိနားလည်ရမည်။ အကယ်၍ သင်သည် အိုမင်းခြင်းကို ခွင့်ပြုလိုက်ပါက ပြဿနာဖြစ်စေသည်။ နုပျိုခြင်းမှာ ကမ္ဘာကျော်ရုပ်ရှင်မင်းသား ရှောင်ကွန်နရီနှင့် ရုပ်ရှင်မင်းသမီး ဂျုံးကောလင်းစ်နှင့် ညီမျှရန် မလိုအပ်ပါ။ ကောင်းသော အမြင်က နုပျိုသောမျက်နှာထက် အရေးပါပြီး သက်တမ်းပိုမိုရှည်နိုင်ပေမည်။

အနံ့ကုထုံးပညာရှင် ပြောကြားချက်

          ခန္ဓာကိုယ်ပေါ်ရှိ အရေပြားလျော့ရဲရဲဖြစ်လာခြင်းမှာ အရေပြားတစ်သျှူးများကြားရှိ ဆံချည်မျှင်သွေးကြောအတွင်း သွေးလှည့်ပတ်အားနည်းခြင်းနှင့် ကော်လာဂျင် Collagens ပမာဏ နည်းခြင်းတို့ ရလဒ်ပင်ဖြစ်သည်။ အနံ့ကုထုံးအသင်းကြီးမှာ ဂျယ်ရယ်ဒင်းဟိုးဝပ် Genraldine Howard အဆိုရလဒ်နှိပ်နယ်ခြင်းက အရေပြားအတွင်းရှိ ဆဲလ်တုံ့ပြန်မှု အားလုံးကို လှုံ့ဆော်ရာတွင် ကူညီပေးကြောင်း နံ့သာဆီတစ်မျိုး Frankincense၊ နှင်းဆီပန်းနှင့် ရေမွှေးတစ်မျိုးတို့ ပေါင်းစပ်ထားသော အဆီတစ်မျိုးမှာ အလွန်အာနိသင်ထက်မြက်ကြောင်း သိရ၏။

          အိမ်တွင်း ကုသမှုအတွက် အရေပြားခြောက်သွေ့အောင်ထား ဘရပ်ရှ် ဘီး Brush ဖြင့် တိုက်ပါ။ Rose Hydrating Body Gel ကို ခန္ဓာကိုယ်အနှံ့လိမ်းပြီး Rose Body Cream ဖြင့် တစ်ပတ်တစ်ခါ လိမ်းပေးပါ။

Credit : ဒေါက်တာ လှဖေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18