Print

“အကြောပြတ်ရာများကို မှေးမှိန်စေနိုင်သော သဘာဝနည်းလမ်းများ”

  28-Sep-2020
Preview Image


“အကြောပြတ်ရာများကို မှေးမှိန်စေနိုင်သော သဘာဝနည်းလမ်းများ”

Translator – Dr Naw Eh Ler Pwe

    အကြောပြတ်ရာများသည် ကိုယ်ဝန်ဆောင်ချိန်တွင် အများဆုံးတွေ့ရတတ်သော်လည်း အခြားသောအခြေအနေများဖြစ်သည့် ကိုယ်အလေးချိန်လျင်မြန်စွာတက်လာခြင်း(သို့) ကျသွားခြင်း၊ အလေး မ ခြင်း၊ ကိုယ်ခန္ဓာအတွင်းဟော်မုန်းမညီမျှမှုဖြစ်ခြင်း နှင့် အချို့သောရောဂါများတွင်လည်း တွေ့နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ထိုအကြောပြတ်ရာများကို လျော့နည်းသွားအောင်ပြုလုပ်နိုင်သော သဘာဝနည်းလမ်းကောင်းများကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁) ရေများများသောက်ခြင်း
--------------------------------
    ရေဓာတ်လုံလောက်စွာရရှိမှသာ အရေပြားနူးညံ့ပျော့ပြောင်းစေပြီး အသားအရေကို စိုပြေစေတဲ့အတွက် ရေများများသောက်ပေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ခြောက်သွေ့တဲ့အရေပြားဟာ အကြောပြတ်ခြင်း၊ အနာရွတ်ဖြစ်လွယ်ခြင်း၊ အရေပြားတွန့်ခြင်းကို ဖြစ်လွယ်ပါတယ်။ လေ့လာချက်များအရ တစ်နေ့ကို ရေ ၈ဖန်ခွက်မှ ၉ဖန်ခွက်လောက် သောက်သုံးဖို့ လိုအပ်ပါတယ်။

(၂) သံပုရာရည်လိမ်းခြင်း
-----------------------------
    သံပုရာရည်တွင်ပါဝင်သော ဗီတာမင်စီသည် ကိုယ်ခန္ဓာအရေပြားတင်းရင်းစေသော ကော်လဂျင်(Collage)ဓာတ်ကို ဖြည့်စွမ်းပေးပါတယ်။ ဒါ့အပြင် သံပုရာရည်သည် သဘာဝအတိုင်း ရရှိနိုင်သော အက်ဆစ်ဓာတ်ဖြစ်သည့်အတွက် ပျက်စီးသွားသော အရေပြားဆဲလ်အသေများကို ဖယ်ရှားပေးပါတယ်။ ထို့ကြောင့် သံပုရာရည်ကို အကြောပြတ်ရာများပေါ် ပွတ်လိမ်းပြီး ၁၀မိနစ်အကြာတွင် ရေဆေးချလိုက်ပါက အကြောပြတ်ရာများကို အရောင်ဖျော့သွားစေရန် ထိရောက်စွာ ကုသနိုင်ပါတယ်။


၃) ရှားစောင်းလက်ပက်ကိုအသုံးပြုခြင်း
--------------------------------------------
    ရှားစောင်းလက်ပက်တွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်မှုပစ္စည်းသည် အရေပြားဆဲလ်အသေများကို ပြုပြင်ပေးပြီး အရေပြားတစ်ရှူး(tissue)ကို နဂိုမူလအတိုင်း ပြန်ဖြစ်အောင် ကုသမှုပေးနိုင်သော သဘာဝဆေးတစ်မျိုးပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပက်တွင် အရေပြားကို နူးညံ့ပြီး တင်းတင်းရင်းရင်းဖြစ်သော ကော်လဂျင်(Collagen)ဓာတ်လည်း ပါဝင်ပါတယ်။ ရှားစောင်းလက်ပက်အနစ်ကို တည့်၊မတည့်စမ်းသပ်ရန် လက်ကောက်ဝတ်ပေါ် စမ်းလိမ်းကြည့်ပါ။ ဓာတ်မတည့်သော လက္ခဏာများဖြစ်သည့် ယားယံခြင်း၊ အင်ပြင်ထခြင်း မရှိပါက အကြောပြတ်ရာများပေါ်တွင် ရှားစောင်းလက်ပက်အနစ်ကိုလိမ်းပြီး ၁၀-၁၅မိနစ်အကြာတွင် ရေနွေးဖြင့် ဆေးချလိုက်ပါ။
၄) မုန်ညှင်းဆီ(သို့မဟုတ်) အုန်းဆီလိမ်းခြင်း
    မုန်ညှင်းဆီတွင် အကြောပြတ်ရာများကို ကုသပေးနိုင်သော Ricinoleic acid ပါဝင်သည့်အပြင် Fattyအက်ဆစ်လုံလောက်စွာပါဝင်လို့ အရေပြားစိုစွတ်စေရန် ပြီးပြည့်စုံသော သဘာဝဆေးဝါးပဲ ဖြစ်ပါတယ်။ အုန်းဆီတွင်လည်း ပျက်စီးနေသောအရေပြားကို ပြုပြင်ပေးနိုင်သည့် Lauric acidပါဝင်ပါတယ်။ အကြောပြတ်ရာများပေါ်တွင် မုန်ညှင်းဆီ(သို့) အုန်းဆီကိုလိမ်းပြီး ညှင်သာစွာနှိပ်နယ်ပေးပါ။ ပြီးလျှင် အဝတ်ပါးတစ်ခုကို အုပ်ပြီး ရေနွေးကပ်ပေးပါ။ ဒီနည်းလမ်းကို နေ့စဉ်ဆက်တိုက် တစ်ပတ်လောက် လုပ်ပေးပါက သိသာတဲ့ရလာဒ်ကို တွေ့ရမှာ ဖြစ်ပါတယ်။

(၅) ဗီတာမင်အေ (vitamin A)
---------------------------------
    ဗီတာမင်အေသည် အရေပြားကိုချောမွေ့ပြီး နုပျိုတဲ့အသားအရေကို ဖန်တီးပေးနိုင်တဲ့အတွက် အကြောပြတ်ရာများကို သက်သာစေပါတယ်။ ဗီတာမင်အေကို ဖြည့်စွက်အားဆေးအနေနဲ့ သောက်သုံးနိုင်သလို အစိမ်းရောင်၊အဝါရောင်ရှိသော အသီးအနှံများ (ဥပမာ- မုန်လာဥနီ)၊ ကြက်ဥ၊ ငါးနှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်းဖြင့်လည်း ဗီတာမင်အေဓာတ်ကို ရရှိနိုင်ပါတယ်။

(၆) ကြက်ဥအကာ
----------------------
    ကြက်ဥအကာတွင် အရေပြားဆဲလ်အသစ်များထွက်ပေါ်လာရန် ကူညီပေးသည့် အသားဓာတ် (Protein) ပါဝင်ပြီး အရေပြားတင်းရင်းစေသော ကော်လဂျင်(collagen)ဓာတ်လည်း ပါဝင်ပါတယ်။ ကြက်ဥအကာကိုခေါက်ပြီး အကြောပြတ်ရာများပေါ်လိမ်းကာ အခြောက်ခံထားပါ။ ပြီးလျှင် ရေနွေးဖြင့်ဆေးချပြီးနောက် Moisturizerအစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးပါ။ ရလာဒ်ကောင်းရရှိစေဖို့ ဒီနည်းလမ်းကို တစ်နေ့လျှင် ၂ကြိမ်-၃ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။
    အထက်ဖော်ပြပါနည်းလမ်းများသည် ကိုယ်ခန္ဓာအကြောပြတ်ရာများကို သက်သာစေနိုင်သည့် သဘာဝနည်းများဖြစ်ပါတယ်။ အကယ်၍ ဒီနည်းလမ်းများကို အသုံးပြုပြီး ဓာတ်မတည့်မှုတစ်စုံတစ်ရာ ဖြစ်ပါက ဆက်လက်မပြုလုပ်တော့ဘဲ အရေပြားနှင့် အလှအပရေးရာဆရာဝန်ဖြင့် ပြသရန် လိုအပ်ပါသည်။
Dr Ehley
Ref; Bright side



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18