Print

အနာကြီးရောဂါ ဟုတ်၊ မဟုတ်

  14-Sep-2020
Preview Image

          လူတွေ ယနေ့ထိ အကြောက်လွန်နေဆဲ ရောဂါတစ်ခုကတော့ အနာကြီးရောဂါပါ။ ဒီရောဂါဖြစ်ခဲ့ရင် မြောက်မြားစွာသော လူမှုရေးပြဿနာတွေလည်း တသီတတန်း ပါလာတော့တာကိုး။ ဒီတော့ လူတစ်ယောက်ကို အနာကြီး ရှိ၊ မရှိဆိုတာကို မသေချာရင် အတော်သတိထားပြီး ဆုံးဖြတ်ရပါတယ်။

          HIV လို သွေးဖောက်ပြီး အလွယ်တကူ စစ်ဆေးလို့ရတာမျိုးလည်း မဟုတ်ပါဘူး။ ရောဂါလက္ခဏာတွေကို သေသေချာချာ စမ်းသပ်တွေ့ရှိချက်နဲ့ ဓာတ်ခွဲစမ်းသပ်မှုအဖြေတွေကို အခြေခံပြီး ဒီရောဂါ ဟုတ်၊ မဟုတ်ကို အလွယ်ပြောလို့ ရတာမျိုးရှိသလို တစ်ခါတလေ အသားစ စစ်ဆေးမှုတွေအထိ လုပ်ရတာမျိုးရှိပါတယ်။

          အဓိကအားဖြင့်တော့ အချက်သုံးချက်အပေါ်မှာ အခြေခံမူတည်ပြီးတော့ ရောဂါ ရှိ၊ မရှိ ဆုံးဖြတ်ရတာပါ။ အနည်းဆုံး (တစ်) ခု ခိုင်ခိုင်မာမာတွေ့ပြီဆိုရင်တော့ အနာကြီးရောဂါလို့ ကင်ပွန်းတပ်လို့ရပါပြီ။ အဲဒီသုံးချက်ကို အသေးစိတ်ဆွေးနွေးမှာပါ။


၁။ ထုံသောအဖြူကွက် (သို့မဟုတ်) အနီရဲရဲအကွက်

          အတွေ့အများဆုံး၊ စမ်းသပ်ရ အလွယ်ကူဆုံးအချက်ပါ။ အတော်များများလည်း သိပြီးဖြစ်ပါလိမ့်မယ်။ ထုံသောအကွက်ရှိရင် အနာကြီးဆိုပြီးသိကြပါတယ်။ ထုံ၊ မထုံစမ်းသပ်ဖို့ကလည်း အလွယ်တကူရတဲ့ ဘောပင်၊ ဝါဂွမ်း၊ ကြက်တောင်မွေး၊ ပိုးသန့်စင်ထားတဲ့အပ် စတာတွေကို သုံးလို့ရတာပါပဲ။ အရေပြားပေါ်က အကွက်တွေ (ဖျော့သည်ဖြစ်စေ၊ ဖြူသည်ဖြစ်စေ၊ ကြေးနီရောင်ဖြစ်စေ) ကို အလင်းရောင်ကောင်းကောင်းနဲ့ စစ်ဆေးကြည့်ရှုပြီး အဲဒီအကွက်တွေဟာ သာမန်ခံစားမှု (ပူခြင်း၊ အေးခြင်း၊ ထိခြင်း၊ နာခြင်း) တွေ လျော့ပါးမှု ရှိ၊ မရှိ စစ်ဆေးရုံနဲ့ ရောဂါ ဟုတ်၊ မဟုတ် ပြောနိုင်ပါတယ်။

          ကာယကံရှင် လူနာကိုယ်တိုင်တောင် ကိုယ့်ရောဂါကို အဖြေထုတ်လို့ရပါတယ်။


အာရုံကြောကြီးပြီး အာရုံကြောပျက်စီးမှု လက္ခဏာများ တွေ့ရှိခြင်း

          အနာကြီးရောဂါပိုးက အရေပြားနဲ့ အဖျားအနားအာရုံကြောတွေကို အလွန်နှစ်သက်ပါတယ်။ အဖျားအနား အာရုံကြောတွေဆိုတာက မမြင်ရပါဘူး။ အရေပြားအောက်၊ ကြွက်သားအောက်မှာ ရှိနေတာမို့ ကျွမ်းကျင်မှုရှိမှသာ လက်နဲ့စမ်းလို့တွေ့တာပါ။ စမ်းသပ်လို့ တွေ့တယ်ထားဦး။ ကြီးသလား၊ မကြီးဘူးလားဆိုတာက အတွေ့အကြုံရှိမှပဲ ဆုံးဖြတ်လို့ ရတာပါ။

          ပြောရရင် ခြေ၊ လက်၊ ကြွက်သားအားနည်းတာ၊ ထုံတာ၊ ချွေးထွက်နည်းတာတွေ ခံစားရလို့ သက်ဆိုင်ရာ အာရုံကြောတွေကို စမ်းကြည့်တဲ့အခါ ကြီးနေပြီဆိုရင်တော့ အနာကြီးပါပဲ။

          စမ်းသပ်စစ်ဆေးတဲ့ လူပုဂ္ဂိုလ်ပေါ်မူတည်ပြီး ထင်မြင်ချက်တွေ ကွဲလွဲနိုင်ပါတယ်။ စောစောက ပြောခဲ့သလို အနာကြီးရောဂါနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံများများရှိသူတွေရဲ့ တွေ့ရှိဆုံးဖြတ်ချက်ဟာ အခရာကျပါတယ်။


အနာကြီးရောဂါပိုးကို စစ်ဆေးတွေ့ရှိခြင်း

          အရေပြားထဲမှာ အနာကြီးရောဂါကို ဖြစ်စေတဲ့ မိုက်ကိုဗက်တီးရီးယန်း လက်ပရေးဗက်တီးရီးယားအကောင်ကို ရှာဖွေတွေ့ပြီဆိုရင်တော့ ဒီရောဂါဖြစ်ကြောင်း အခိုင်အမာပြောနိုင်ပါတယ်။

          အနာကြီးရောဂါရှိသူအယောက်တစ်ရာမှာ သုံးဆယ်လောက်လဲ ပိုးတွေ့တာပါ။ ရောဂါရဲ့ အမျိုးအစားပေါ် မူတည်ပါတယ်။ ပိုးနည်းအုပ်စု (အခြောက်မျိုး) မှာ ပိုးမတွေ့ရဘဲ ပိုးများအုပ်စု (အစိုမျိုး) မှာသာ ပိုးတွေ့ရတာပါ။ အသားစခြစ် ပိုးစစ်ဆေးခြင်းဆိုတာ မသင်္ကာတဲ့ အရေပြားနေရာကို ခွဲစိတ်ခန်းသုံး ဓားနဲ့ စပါးလုံးတစ်ထောက်လောက် လှီးပြီး အရေပြားကို ခြစ်ယူတဲ့နည်းပါ။

          ဘိုင်အော်စီလို့ အသိများကြတဲ့ အသားစ စစ်ဆေးခြင်းနဲ့လည်း အနာကြီးပိုးကို ရှာနိုင်ပါသေးတယ်။ အရေပြား ဒါမှမဟုတ် အာရုံကြောကနေ အသားစယူပြီး စစ်တဲ့နည်းပါ။ နောက် ခေတ်မီ နည်းတစ်ခုကတော့ PCR ပါ။ အနာကြီးပိုးရဲ့ ပရိုတိန်းကို ဆင့်ပွားချဲ့ထွင်ပြီး ရှာတဲ့နည်းပါ။


ခြွင်းချက်တွေတော့ ရှိပါတယ်

          ခု ဆွေးနွေးခဲ့တဲ့ အချက်ကြီး (၃) ချက်မှာ အနည်းဆုံးတစ်ချက်ကို ခိုင်ခိုင်မာမာ တွေ့ရပြီဆိုရင် အနာကြီးရောဂါရှိပြီလို့ ပြောနိုင်ပါတယ်။ အနာကြီးရောဂါဟာ အသွင်အမျိုးမျိုး၊ လက္ခဏာအမျိုးမျိုးရှိတတ်တာမို့ လှေနံဓားထစ်မှတ်ယူလို့ မရတဲ့အချက်တွေရှိပါတယ်။

          ပြောရရင် အနာကြီးရောဂါအရေပြားအကွက်တိုင်း မထုံပါဘူး။ အနာကြီးရောဂါအစိုမျိုးရဲ့ ကနဦးအရေပြားအကွက်တွေဟာ မထုံပါဘူး။ ဒါပေမယ့် ပိုးစစ်ဆေးရင် ပိုးတွေ့ပါလေရော။ ရှင်းအောင်ပြောရရင် နံပါတ်တစ်အချက် မပြည့်စုံပေမယ့် နံပါတ်သုံးအချက်ရှိရင် ဒီရောဂါပေါ့။

          နောက်အရေပြားမှာ ဘာအကွက်မှ မပေါ်ဘဲနဲ့လည်း အနာကြီးဖြစ်နိုင်ပါသေးတယ်။ အရေပြားမထိဘဲ အာရုံကြောကိုပဲ ထိတဲ့ အနာကြီးပေါ့။ Pure Neural Leprosy တဲ့။ ဒါကြောင့် ဒုတိယအချက်ကို အလေးထား သတ်မှတ်ထားတာပါ။ ဒီအမျိုးအစားက လူနာရော၊ ကျန်းမာရေးဝန်ထမ်းရော၊ ဆရာဝန်တွေပါ မျက်စိလည်စရာပါ။


အထောက်အထား ခိုင်ခိုင်မာမာ ရှာပါ။

          သံသယ လူနာတစ်ယောက်ကို အနာကြီးရောဂါလို့ ရောဂါအမည်တပ်ဖို့ စောစောက ဆွေးနွေးခဲ့တဲ့ အခြေခံအဓိကအချက် သုံးချက်ကို ခိုင်ခိုင်မာမာ ရအောင်ရှာပါ။ တစ်ခုမဟုတ် တစ်ခုပေါ့။ အနာကြီးရောဂါနဲ့ မှားနိုင်တဲ့ အရေပြားရောဂါတွေ၊ အာရုံကြောရောဂါတွေကလည်း အများကြီး ရှိတာမို့ပါ။

          အသားခြစ် ပိုးစစ်ဆေးခြင်းလုပ်ဖို့ လိုအပ်ရင်လည်း နီးရာခရိုင်၊ တိုင်းအဆင့် အနာကြီးတိုက်ဖျက်ရေးဌာနတွေ၊ အနာကြီးဆေးရုံတွေ၊ ရန်ကုန်၊ မန္တလေးအထွေထွေဆေးရုံကြီးတွေမှာရှိတဲ့ အထူးအရေပြားဆေးခန်းတွေမှာ အခမဲ့လုပ်ဆောင်နိုင်ပါတယ်။ ရောဂါသေချာလို့ ဆေးကုသရရင်လည်း ဘယ်အခြေခံကျန်းမာရေးဌာနမှာမဆို အခမဲ့ပါ။

Credit : ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18