Print

နေရောင်ခြည်ကာကွယ်ခြင်း

  11-Jun-2020
Preview Image

ခရမ်းလွန်ရောင်ခြည်တွေအကြောင်း ရှင်းပြပေးပါ။

          သူရိယနေမင်းကြီးက အလင်းရောင်ပေးတယ်။ အလင်းရောင်ကို ရောင်စဉ်တန်း အနေနဲ့ ထုတ်လွှတ်တယ်။ ရောင်စဉ်တန်းဆိုတဲ့အတိုင်း လှိုင်းအလျားအမျိုးမျိုးကွဲပြားတဲ့ ရောင်ခြည်မျိုးစုံပါဝင်တယ်။ တချို့သော ရောင်ခြည်တွေက ကမ္ဘာမြေပြင်ထိ ရောက်ရှိပြီး လူ့အသားအရေပေါ်မှာ အကျိုးသက်ရောက်မှု ရှိစေတယ်။ အဲဒီအထဲမှာ ခရမ်းလွန်ရောင်ခြည် (Ultraviolet Lights) တွေ ပါတယ်။

          ခရမ်းလွန်ရောင်ခြည်သုံးမျိုးရှိတယ်။ အေ၊ ဘီ၊ စီတို့ ဖြစ်ပါတယ်။ UVA, UVB, UVC လို့ ခေါ်နိုင်တာပေါ့။ စီ (UVC) က အပြင်းဆုံးဖြစ်ပြီး ကမ္ဘာ့လေထု အပေါ်ယံက အိုဇုန်းလွှာက စုပ်ယူထားလို့ မြေပြင်ပေါ်ကို အေ(UVA) နဲ့ ဘီ(UVB) ပဲ ရောက်လာနိုင်တယ်။

          အတိုအားဖြင့် အောက်ပါအတိုင်း မှတ်သားနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည် အေ UVA = Aging (အသားအရေအိုမင်းခြင်း)

ခရမ်းလွန်ရောင်ခြည် ဘီ UVB = Burning (နေလောင်ခြင်း)


နေကာလိမ်းဆေး နေ့စဉ်လိမ်းသင့်တယ်လို့ မှတ်သားရပါတယ်။ ဘာကြောင့်ပါလဲ။

          နေဟာ အရေပြားအတွက် နံပါတ်တစ်ရန်သူပါ။ နေရောင်ခြည်ထိတွေ့ခြင်း၊ အရွယ်မတိုင်မီ အရေပြားအိုမင်းခြင်းရဲ့ နံပါတ်တစ်အကြောင်းရင်းပါ။ နေရောင်ထိတွေ့ခြင်းဟာ အရေပြားကင်ဆာ ဖြစ်ခြင်းရဲ့ နံပါတ်တစ်အကြောင်းရင်းပါ။

          အထက်ပါအချက်တွေကြောင့် အရွယ်မတိုင်မီ အိုမင်းခြင်းရဲ့ အရေပြားကင်ဆာတို့မှ ကာကွယ်ဖို့ နေရောင်ခြည်ကို ရှောင်ကြဉ်ခြင်းသာမကဘဲ နေကာလိမ်းဆေး နေ့စဉ်လိမ်းပေးဖို့ လိုအပ်တာဖြစ်ပါတယ်။


နေရောင်ခြည်၊ ခရမ်းလွန်ရောင်ခြည်က အရေပြားကင်ဆာနဲ့ အရွယ်မတိုင်မီ အရေပြားအိုမင်းမှုကို ဘယ်လိုဖြစ်စေတာလဲ။

          ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ရင် အရေပြားမှာ Free Radicals လို့ခေါ်တဲ့ အောက်ဆီဂျင် မော်လီကျူးတွေဖြစ်စေတယ်။ သူတို့ဟာ တည်ငြိမ်မှုမရှိတာကြောင့် ဆဲလ်ဒီအင်န်အေကို ပေါင်းပြီး ဒီအင်န်အေကို ပြောင်းလဲစေတယ်။ ဒီအင်န်အေဟာ ဆဲလ်တစ်ခုချင်းရဲ့ အရေးကြီးဆုံး ဖြစ်တာကြောင့် ဒီအင်န်အေ ပျက်တဲ့အခါ ဆဲလ်ပွားမှု ပြောင်းလဲပြီး အရေပြားကင်ဆာဆင့်ကဲ ဖြစ်လာတာပါ။

          နောက်တစ်ခါ အဲဒီ Free Radicals တွေဟာ ဆင့်ကဲ ရောင်ရမ်းမှုဖြစ်စဉ်တွေ ဖြစ်စေပြီး အင်ဇိုင်းတွေထွက်လာစေကာ ကော်လဂျင်၊ အီလပ်စတင်နဲ့ အရေပြားထဲက Hyaluronic Acid တွေကို ဖျက်ဆီးပစ်တယ်။ ရလဒ်အနေနဲ့ အရေပြားတွန့်ခြင်း၊ အရေပြားတွဲခြင်း၊ အသားအရေကြမ်းတမ်းခြင်း၊ အသားအရောင်မညီခြင်း စတဲ့ အရွယ်မတိုင်မီ အရေပြားအိုမင်းမှု လက္ခဏာတွေကို ဖြစ်စေတာပါ။


ကျွန်မက အသားမည်းတယ်၊ နေရောင်ပိုခံနိုင်ရည်ရှိတယ်လို့ ပြောတယ်လေ။ အသားမည်းရင်ရော နေကာလိမ်းဆေး နေ့စဉ်လိမ်းရဦးမှာလား။

          အသားမည်းရင် သဘာဝအလျောက်နေရောင်ဒဏ်နဲ့ နေလောင်တာ ပိုခံနိုင်ရည်ရှိပါတယ်။ ဒါပေမယ့် နေကာလိမ်းဆေးတော့ နေ့စဉ် သုံးစွဲပေးသင့်ပါတယ်။ အရေပြားဆဲလ်တွေ ရောင်ရမ်းမှုဖြစ်စဉ်ကို ကာကွယ်ဖို့၊ အရွယ်မတိုင်မီ အိုမင်းမှုကို ကာကွယ်ဖို့နဲ့ အရေပြားကင်ဆာကိုလည်း အဖြစ်နည်းတတ်ပေမယ့် ကာကွယ်ဖို့အတွက်တွေပါ။

          နောက်တစ်ချက်က အသားညိုမည်းတဲ့သူတွေဟာတစ်ခုခုဖြစ်ပြီးတိုင်း အမာရွတ်နဲ့ နေလောင်တာ၊ အသားအရောင် မညီတာတွေ ပိုဖြစ်တတ်ပါတယ်။ ဒါအတွက်လည်း နေကာလိမ်းဆေးလိုပါတယ်။


SPF ဆိုတာကရော

          SPF ဆိုတာ Sun Protective Factor ကို အတိုကောက်ရေးထားတာပါ။ နေကာနံပါတ်ဆိုပါတော့။ နေလောင်ခြင်း မဖြစ်ဘဲ နေရောင်အောက်မှာ ဘယ်လောက်ကြာကြာနေနိုင်မလဲဆိုတာကို ပြောတာပါ။ နေကာလိမ်းဆေးမလိမ်းဘဲ နေရောင်ထဲ သွားတဲ့အခါ ၁၀ မိနစ်ကြာရင် နေလောင်မယ်ဆိုပါစို့။ SPF 15 လိမ်းသွားတဲ့အခါ (10×15 = 150 မိနစ်) နှစ်နာရီခွဲကြာမှာ နေလောင်ကာ ပေါ်လာမယ်လို့ ဆိုလိုတာပါ။

          ဒါပေမယ့် SPF ဟာ နေလောင်တာ၊ တစ်နည်း UVB ကြောင့်ဖြစ်တာကိုပဲ ဆိုလိုတဲ့သဘောဖြစ်နေလို့ အခုနောက်ပိုင်းမှာ UVA ကာကွယ်တာကို PA+, PA ++,PA +++ ဆိုပြီးလည်း သုံးစွဲလာကြတယ်။ ဒါကြောင့် အခုခေတ် နေကာလိမ်ဆေးတွေမှာ SPF အပြင် PA ဆိုပြီးလည်း တွေ့ရမှာပါ။


SPF နံပါတ်ဘယ်လောက်က အကောင်းဆုံးဖြစ်မလဲ

          အရေပြားဆရာဝန်အများစု သဘောတူကြတာက SPF 15 နဲ့အထက် လူအများစုအတွက် သင့်တော်ပါတယ်။ နေပိုပူတဲ့ တိုင်းပြည်၊ နေရောင်အောက်အကြာကြီး အလုပ်လုပ်ရသူတွေက SPF မြင့်တာ ပိုလိုပါတယ်တဲ့။


SPF မြင့်လေ UV ကာကွယ်မှု ပိုကောင်းလေလို့ ပြောလို့ရမလား။

          အဲလိုအတိအကျလည်း ပြောလို့မရဘူး။ SPF နံပါတ် ၁ ကနေ ၁၅ အထိက နံပါတ်မြင့်လေ ကာကွယ်နိုင်မှု မြင့်လာလေပါ။ ဒါပေမယ့် SPF ၁၅ ကျော်ရင်တော့ နံပါတ်မြင့်သွားပေမယ့် ကာကွယ်မှု အနည်းငယ်ပဲ ကွာတော့မယ်။ ဥပမာ SPF ၁၅ နဲ့ SPF ၃၀ တို့ရဲ့ ကွာခြားမှုက ၄% ပဲရှိတယ်။ SPF ၃၀ ကျော်လည်း နည်းနည်းလေးပဲ ကွာခြားမှုရှိတယ်။

Credit : ဒေါက်တာ စိုးဝင်းဦး




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18