Print

ပွေး

  30-May-2020
Preview Image

          ပွေးရောဂါသည် မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ အရေပြားပေါ်မှာ နီရဲပြီး ယားယံမှုရှိတတ်ပါတယ်။ အကွင်းလိုက်တွေ့ရတတ်ပြီး အလယ်မှာ ပုံမှန်အရေပြားအတိုင်းဖြစ်နေတတ်ပါတယ်။ ဆေးပညာအရ နာမည်နဲ့လိုက်အောင် Ringworm လို့ခေါ်ပါတယ်။ ဒါပေမယ့် သန်ကောင်ကြောင့်မဟုတ်ပါဘူး။ ရောဂါရှိသူနှင့် တိုက်ရိုက်ထိတွေ့မိခြင်းကြောင့်လည်း ကူးစက်နိုင်ပါတယ်။ မှိုပိုးသတ်ဆေးများဖြစ်တဲ့ လိမ်းဆေး စားဆေးတို့နှင့် အလွယ်တကူ ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ရက်သတ္တပတ်များစွာ ကုသရတာမျိုး ရှိတတ်ပါတယ်။


          ပွေးရောဂါရဲ့ လက္ခဏာတွေကတော့ လက်စွပ်ပုံစံ အကွင်းလိုက်ပေါက်တတ်ပြီး အထူးသဖြင့် တင်ပါး၊ ကိုယ်လုံး၊ လက်မောင်း၊ ခြေထောက်နဲ့ ပေါင်ခြံတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ အလွန်အမင်းယားယံတတ်ပါတယ်။ အကွင်းရဲ့အလယ်မှာတော့ ပုံမှန်အရေပြားအတိုင်း ရှိနေတတ်ပြီး၊ အနီရောင်အဖုလေးတွေက အကွင်းလိုက်အတိုင်း ကြီးပြီး ပြန့်လာတတ်ပါတယ်။ နှုတ်ခမ်းနားလေးများဟာ ပုံမှန်အရေပြားထက် အနည်းငယ်မြင့်မောက်နေပါတယ်။


          ဖြစ်စေတဲ့အကြောင်းများကတော့ မှိုပေါက်ဖွားနိုင်စေတဲ့ စိုထိုင်းမှု၊ မသန့်ရှင်းမှု များကြောင့်ဖြစ်ပါတယ်။ ပွေးရှိသောလူတစ်ယောက်မှ အခြားတယောက်သို့ တိုက်ရိုက်ထိတွေ့မိခြင်းကြောင့်လည်း ကူးစက်နိုင်ပါတယ်။ တိရစ္ဆာန်မှ လူသို့လည်း ကူးစက်နိုင်ပါတယ်။  ရောဂါပိုးရှိသောလူ အသုံးပြုထားသော အသုံးဆောင်ပစ္စည်းများဖြစ်တဲ့ ရေသုတ်တဘက်၊ အဝတ်အထည်၊ အိပ်ရာခင်း၊ ခေါင်းအုံး စသဖြင့်တို့မှလည်း တဆင့်ကူးစက်နိုင်ပါတယ်။

 

         ပွေးရောဂါဖြစ်နိုင်ချေများတဲ့သူများကတော့ ပူနွေးစိုစွတ်တဲ့ရာသီဥတုမှာနေရတဲ့သူများ၊ လူနေထူထပ်တဲ့နေရာမှာနေရသူများ၊ တိရစ္ဆာန်များကို ကိုင်တွယ်ရသူများ၊ အသုံးအဆောင်ပစ္စည်းများ မျှဝေသုံးစွဲတတ်သူများ၊ ချွေးထွက်များသူများ၊ တင်းကြပ်သော အဝတ်အစားများ ဝတ်သူများ၊ ခုခံအားနည်းသူများ ဖြစ်ပါတယ်။ ခုခံအားကျဆင်းတတ်တဲ့ AIDS ရောဂါရှိသူများမှာ ပွေးရောဂါဖြစ်တဲ့အခါမှာ ပျောက်ကင်းအောင်ကုသရန် ခက်ခဲပါတယ်။

 

         ပွေးရောဂါဟာ မဖြစ်အောင်ကာကွယ်ဖို့တော့ နည်းနည်းခက်ခဲပါတယ်။ ဒါပေမယ့် မှိုဖြစ်စေနိုင်တဲ့ အခြေအနေတွေကို တတ်နိုင်သမျှလျော့နည်းအောင် ဂရုစိုက်ပေးခြင်းဖြင့် ဖြစ်ပွားနိုင်ချေကို လျော့ကျအောင် လုပ်လို့ရပါတယ်။ ပွေးဆိုတာ ခြင်ကိုက်လို့ဖြစ်တာမဟုတ်တဲ့အကြောင်း၊ အမှန်တကယ်က ဘာ့ကြောင့်ဖြစ်စေတဲ့အကြောင်းတွေကို ကိုယ်ကိုယ်တိုင်သိအောင်၊ ကလေးငယ်များသိအောင် ပညာပေးရပါမယ်၊ တကိုယ်ရည်သန့်ရှင်းမှု ဂရုစိုက်ရန်၊ ချွေးထွက်ပြီး စိုစွတ်ထိုင်းမှိုင်းနေမှုကို တတ်နိုင်သမျှရှောင်ရန်၊ အဝတ်အထည် ဘီး ရေသုတ်အဝတ် စတဲ့တစ်ကိုယ်ရည်သုံး အသုံးဆောင်တွေကို မျှဝေသုံးစွဲခြင်းမှရှောင်ရန် အရေးကြီးပါတယ်။


          ကုသမှုအနေနဲ့ကတော့ ပွေးရောဂါဆိုတာသေချာပြီဆိုရင် Ketoconazole ပါတဲ့ လိမ်းဆေးကို မနက်တစ်ကြိမ် ညတစ်ကြိမ်နဲ့ အနည်းဆုံး တစ်ပတ်ကြာအောင် လိမ်းပေးနိုင်ပါတယ်။ ဆီးချိုရှိသူများ၊ AIDS ရောဂါသည်များ၊ တခြားခုခံအားနည်းစေသော ရောဂါရှိသူများ ပွေးရောဂါဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

 

Reference- Mayoclinic

Dr.Lwin Moe Kyaw

          



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18