Print

နှင်းခူနဲ့တူတဲ့ နို့သီးကင်ဆာ

  02-May-2020
Preview Image

ကင်ဆာနဲ့နှင်းခူရောဂါ နှစ်မျိုးကိုယှဉ်လိုက်ရင် ဘယ်သူမဆိုကင်ဆာကိုပဲ ပိုပြီးကြောက်ရွံ့ကြမှာပါ။ သေတတ်တဲ့ရောဂါနဲ့ ယားတတ်တဲ့ရောဂါမှာ အသက်ထိခိုက်နိုင်တဲ့ ရောဂါကိုပဲ ပိုပြီးအလေးထားတတ်ကြတာဟာ မဆန်းပါဘုူး။ ဒါကြောင့် နှင်းခူလိုလိုထင်မှတ်မှားနေတဲ့ရောဂါတစ်ခုဟာ တစ်ချိန်မှာ အရမ်းကိုစိတ်လှုပ်ရှားသွားလေ့ရှိပါတယ်။ ထူးထူးခြားခြား နှင်းခူနဲ့အသွင်တူတဲ့ ကင်ဆာတစ်မျိုးက နို့သီးခေါင်းမှာ အစပြုတာပါ။

နို့သးခေါင်းဝန်းကျင်က ပြဿနာ

          နို့သီးခေါင်းနဲ့ဘေးပတ်လည်က ညိုညိုတိုတိုနေရာမှာ ပုံမှန်မဟုတ်ဘဲ နီနီရဲရဲနဲ့ အကြေးခွံလေးတွေထပြီး မျက်နှာပြင်ကြမ်းကြမ်းဖြစ်လာတာက အစပြုတာပါ။ ယားလည်းယားတော့ ရုတ်တရက်ဆို နှင်းခူလို့ပဲ ထင်မှတ်မှားစရာပါ။ ရုတ်တရက်ဖြစ်လာတာမဟုတ်ဘဲ တဖြည်းဖြည်းချင်း မသိမသာကျယ်ပြန့်လာတာပါ။ အချိန်ဆွဲတဲ့အခါ ရင်သားမျက်နှာပြင်တဖြည်းဖြည်းနဲ့ နှစ်ကြာလာတဲ့အခါ ယားရာကနေ ပူသလိုလို၊ ကျဉ်သလိုလိုဖြစ်လာပါလေရော။ နောက်ဆုံးတော့ နာကျင်တာတွေ ကြုံရတတ်ပါတယ်။ နောက်ပြီးရောဂါဖြစ်တဲ့ နေရာကို ကိုင်ကြည့်ရင် ထူထူမာမာချပ်ခဲကြီး ဖြစ်နေတာပါ။ ကြာတော့ နို့သီးခေါင်းလည်းအတွင်းဘက်ခွက်ဝင်သွားပါတော့တယ်။ နို့စို့ကလေးရှိခဲ့ရင် နို့သီးခေါင်းရှာမရတော့ ကလေးငယ်ခမျာ နို့စို့ဖို့အခက်ကြုံရတတ်ပါတယ်။  ရင်သားထမှာလည်း အဖုအကျိတ်တွေ ကြာရင်ပေါ်လာတော့တာပါပဲ။ ဒါပေမဲ့ အားလုံးမှာတော့ ရင်းသားအကျိတ် အပေါ်ပါဘူး။ ဒီလိုနို့အုံမှာ အလုံး၊ အဖု၊ အကျိတ်တစ်စုံတစ်ရာမတွေ့ရတော့ ဘယ်သူကမှ ရင်သားကင်ဆာလို့ သံသယမဝင်မိတတ်ကြပါဘူး။ ဆရာဝန်တွေတောင်မျက်စိလည်ချင်စရာပါ။ ရှားလည်းရှားတာကိုး။

ရှားပါးတဲ့ ကင်ဆာ သို့မဟုတ် ပက်ချက်ရောဂါ

          ဒီရှားပါးတဲ့ကင်ဆာတစ်မျိုးကို စတင် တွေ့ရှိသူက ဆာဂျိမ်းစ်ပက်ချက် (Sir Jame Paget)ပါ။ သူ့အမည်ကိုအစွဲပြုပြီး ဒီရောဂါကို ပက်ချက်ရောဂါလို့ပဲ ခေါ်ကြပါတယ်။ ဒီရှားပါးရင်သားကင်ဆာအမျိုးအစားက ရင်သားကင်ဆာဖြစ်သူ ၁၀၀ ဦးမှာ လေးငါးယောက်လောက်ပဲရှိတာပါ။ ဒီကင်ဆာရဲ့ဇာစ်မြစ်က ရင်သားထဲရှိ နို့ပြွန်ချောင်းတွေက အစပြုတာရှိသလို နို့သီးခေါင်းမှာအစပြုခဲ့ရင်တော့ ရင်သားအတွင်းထဲမှာသန္ဓေတည်အစပြုပြီး ပျံ့နှံ့ခဲ့ရင်တော့ ရင်သားအကျိတ်ပေါ်လေ့ရှိပါတယ်။ ယေကျ်ား၊ မိန်းမမရွေး ဒီရောဂါဖြစ်နိုင်ပေမယ့် မိန်းမတွေမှာပဲပိုပြီ တွေရတာပါ။ ဘယ်၊ ညာရင်သား နှစ်ဖက်စလုံးဖြစ်တာမျိုးမရှိဘဲ တစ်ဖက်တည်းမှာပဲ ဖြစ်လေ့ရှိတာဟာလည်း ထူးခြားချက်တစ်ခုပါပဲ

ကြီးမှ ကြုံရတဲ့ရောဂါ

များသောအားဖြင့် ပက်ချက်ကင်ဆာဟာ အသက်ကြီးသူတွေမှာ ကြုံရလေ့ရှိပါတယ်။ အသက် ၅၀ကျော်သူတွေမှာ ကြုံရနိုင်တယ် ဆိုပါတော့။ ငယ်ငယ်ရွယ်ရွယ် အသက် ၂၀ ဝန်းကျင်မှာဖြစ်တာမျိုးရှိပေမယ့် အလွန်ရှားပါတယ်။ ဒီတော့ နို့သီးခေါင်းမှာကင်ဆာဖြစ်ရင် အခြားတစ်နေရာမှာလည်း ကင်ဆာရှိ၊ မရှိစစ်ဆေးဖို့လိုပါတယ်။

မှားတတ်တယ်

          ရှေ့ပိုင်းမှာပြောခဲ့သလို ဒီပက်ချက်ရောဂါနှင့် နှင်းခူနဲ့အတော်ကိုတူပါတယ်။ အထူးသဖြင့် ဓာတ်မထည့်လို့ဖြစ်လာတဲ့နှင်းခူပေါ့။ အတွင်းခံဘရာစီယာနဲ့ ဓာတ်မတည့်လို့လား။ ထင်ချင်စရာပါ။ ယးလည်းယားတာကိုး။ ဆီးချိုများရှိခဲ့ရင် အရေပြားမှိုလား၊ ပွေးလားပေါ့။ နောက်ပြီး ဆိုရီယေးစစ်ဆိုတဲ့ ကျွတ်ပွေးနာတစ်မျိုးနဲ့လည်း ဆင်ပါတယ်။ နီရဲပြီးအကြေးခွံလေးတွေနဲ့မျက်နှာပြင်ခပ် ကြမ်းကြမ်းဆိုတော့ လွဲမယ်ဆိုလည်းလွဲချင်စရာပါ။ နည်းနည်းလေးကုတ်လိုက်တာနဲ့ သွေးစို့လာတဲ့အချက်ကလည်း ဒီရောဂါလားလို့ထင်ချင်စရာပါ။ သောက်တဲ့ဆေး၊ လိမ်းတဲ့ဆေးတစ်ခုခုနဲ့ ဓာတ်မတည့်လို့ပေါ်လာတဲ့ အရေပြားပြဿနာတွေနဲ့လည်း တစ်ခါတလေမှားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမြင်အားဖြင့် မသေချာတာမို့ သေချာအောင်လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်ရမှာပါ။

ရောဂါသေချာအောင်

          ပက်ချက်ရောဂါလို့ အသေအချာပြောလို့ရအောင် ဘိုင်အော်စီဆိုတဲ့ အသားစစစ်ဆေးလုပ်ဖို့အဓိက လိုအပ်ပါတယ်။ ဒီရောဂါကို စတင်တွေ့ရှိတဲ့သူ ဒေါက်တာပက်ချက်ဟာလည်း ရောဂါဗေဒဆရာဝန်ကြီးတစ်ယောက်ပါပဲ။ အဲဒီရောဂါမသင်္ကာတဲ့အသားကို စစ်ဆေးတဲ့အခါ အရေပြားအပေါ်လွာမှာ အရည်ကြည်တွေနဲ့ ဖောင်းကားနေတဲ့ ကလာပ်စည်းလို့ သမုတ်ထားပါတယ်။ သူပဲစတွေ့တာကို။ နောက်တစ်ခုစမ်းသပ်ချက်ကတော့ ရင်သားဓာတ်မှန်ပေါ့။ ရင်သားဓာတ်မှန်ရဲ့ဒီရောဂါကိုအပြည့်အဝအဖြေမထုတ် ပေနိုင်ပေမယ့် ၅၀ရာခိုင်နှုန်းမှာတော့ အတွင်းကအဖုအကျိတ်ကို ဖော်ထုတ်ပေးနိုင်ပါတယ်။

ခွဲစိတ်မှုခံယူပါ

          အတွေ့နည်းတဲ့ဒီကင်ဆာရဲ့ပင်တိုင်ကုထုံးကတော့ ခွဲစိတ်တာပါပဲ။ ရောဂါရဲ့အတိမ်အနက်၊ အကျယ်အပြန့်ပေါ်မူတည်ပြီး နို့သီးဝန်းကျင်လောက်ပဲဖြတ်ထုတ်ပစ်တာရှိသလို ရင်သားတစ်ခုလုံးကို ဖယ်ထုတ်ပစ်လိုက်ရ တာမျိုးလည်းရှိပါတယ်။ တကယ်လို့ တခြားကိုပျံ့သွားတဲ့အထောက်အထားတွေရှိခဲ့ရင်တော့ ကင်ဆာဆေးသွင်းတာ၊ ဓာတ်ရောင်ခြည်ကင်တာတွေပါ လိုအပ်မှာပါ။

လျှော့မတွက်ကြပါနဲ့

မိမိတို့ရဲ့ရင်သားပေါ်မှာ အထူးသဖြင့်နို့သီးခေါင်းနဲ့ ပတ်ဝန်းကျင်မှာ ထူးခြားတဲ့လက္ခဏာတွေရှိခဲ့ရင် လုံးဝကို မပေါ့ဆဖို့ပါ။ ဟိုလိုလို၊ ဒီလိုလို ရသေ့စိတ်ဖြေအောင် ဆေးတောင့်လေးတွေဝယ်လိမ်းပြီး အချိန်မဆွဲပါနဲ့။ သက်သာနိုးနိုး၊ ပျောက်လိမ့်နိုးနိုးနဲ့ အကြောင်းအမျိုးမျိုးပြပြီး ဆရာဝန်နဲ့ မပြဘဲ နေ့ရွှေ့ညရွေ့မလုပ်ကြပါနဲ့။

နောက်ပြီးမရှက်ကြပါနဲ့။ လိုအပ်လို့ အသားစယူစစ်ဆေးမယ်ဆိုရင်လည်း နာမှာကြောက်ပြီး မငြင်းစေချင်ပါဘူး။ လိုအပ်ရင် ရင်သားဓာတ်မှန်လည်းရိုက်ရမှာပါ။ အသိနောက်ကျရင် အပ်နဲ့ထွင်းရမယ့်ကိစ္စ၊ ပုဆိန်နဲ့ပေါက်ရမယ့်ကိန်းဖြစ်သွားနိုင်ပါတယ်။ အမှုမဲ့၊ အမှတ်မဲ့နေခဲ့ရင် ပက်ချက်က ရက်စက်ပြပါလိမ့်မယ်။

Credit

ဒေါက်တာ ဦးကျော်ကျော်

အရေပြားအထူးကုဆရာဝန်ကြီး

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18