Print

ညစ်ပတ်တဲ့ အရေပြား

  11-Apr-2020
Preview Image

အရေပြားခံတပ်

          တကယ်တော့ အရေပြားဟာ ထုထည်အားဖြင့် အသည်း၊ အဆုတ်၊ အူစတဲ့ ကိုယ်အင်္ဂါတွေအားလုံး ထဲမှာ အကြီးမားဆုံးပါ။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ဆုံးက အင်္ဂါရပ်ကြီးဖြစ်လေတော့ အလွန်ညစ်ပေလွယ်ပါတယ်။ စွန်းထင်းလွယ်ပါတယ်။ မိုးရွာရွာ၊ နေပူပူ၊ ဖုန်ထူထူ၊ မီးခိုးငွေ့တွေ တအူအူ၊ ရွံ့တွေတပြဲပြဲ ဖြစ်နေလည်း အရေပြားက ကာကွယ်ပေးထားရတာပါ။ စက်ဆီ၊ ချောဆီတွေနဲ့ အလုပ်သဘောအရမကင်းခဲ့ရင်လည်း အရေပြားကပဲ အစွန်းအထင်းခံပြီး ကိုယ်တွင်းမရောက်အောင် ကာကွယ်ထားရတာပါ။

          ဒီလိုပြင်ပပစ္စည်းမြောက်မြားစွာရဲ့ စွန်းထင်းပေကျံမှုကို ခံရတဲ့အပြင် အရေပြားဟာ သူ့ရဲ့ ဇီဝကမ္မအရလည်း အညစ်အကြေးတွေနဲ့ မကင်းပါဘူး။ အရေပြားထဲက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေပါ။


အရေပြားရဲ့ စွန့်ပစ်ပစ္စည်းတွေ

          အရေပြားဟာ သက်ရှိအင်္ဂါရပ်ဆိုတော့ အညစ်အကြေးတော့ စွန့်ရပါတယ်။ အများသိကြတဲ့ ချွေးပေါ့။ အဆီပေါ့။ ပူရင် အိုက်ရင် ထွက်လိုက်တဲ့ချွေးတွေ။ လူတစ်ယောက်ဟာ တစ်နေ့ကို ချွေးတွေသုံးဂါလံထိတောင်ထွက်နိုင်သတဲ့။ အဆီတွေလည်း ထွက်နေတာပါပဲ။ မျက်နှာနဲ့ ဦးရေပြားမှာ အဆီအိတ်တွေ ပေါမှပေါ။ အဆီအိတ်တွေမှာ ဝက်ခြံပိုးဝင်ပြီး အဆီပေါက်တွေ အကြောင်းအမျိုးမျိုးကြောင့် ပိတ်တော့ ဝက်ခြံဖုတွေ ပေါက်ပါလေရော။ ချွေးတွေက တစိုစို၊ အဆီတွေက တဝင်းဝင်းနဲ့ အရေပြားဟာ သူ့ရဲ့ ကလာပ်စည်းအသေတွေနဲ့လည်း တစ်မှောင့်ပါ။


ကလာပ်စည်းအသေတွေ တောင်ပုံယာပုံ

          အရေပြားရဲ့ ကလာပ်စည်းတွေဟာ ထာဝရမြဲနေတာမဟုတ်ပါဘူး။ အသစ်၊ အဟောင်း အမြဲလည်ပတ်နေတာပါ။ ကလာပ်စည်းအဟောင်းတွေဟာ နှစ်ပတ်ကြာရင် စွန့်ပစ်ခံရတော့တာပါ။ အရေပြားရဲ့ အပေါ်ဆုံးအလွှာကနေ သူ့အလိုလိုကွာကျသွားပါတယ်။ တစ်မိနစ်မှာ အရေပြားကလာပ်စည်းအသေပေါင်း သုံးသောင်းကနေ လေးသောင်းလောက်အထိ ခန္ဓာကိုယ်ကနေ ကွာကျနေတာပါ။ အိမ်တစ်အိမ်က ဖုန်အမှိုက်တွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ အရေပြားကထွက်တဲ့ အမှိုက်တွေဆိုပဲ။ အိပ်ရာခင်းနဲ့ စောင်တွေထဲမှာ အလွန်သေးငယ်တဲ့ ပိစိကွေးဖုန်ပိုးလေးတွေ ကောင်ရေတစ်သန်းလောက်ရှိပါတယ်။ များသောအားဖြင့် လူကိုအန္တရာယ်မပေးဘဲ သဟဇာတဖြစ်နေတယ်ဆိုပါတော့။ အတူတကွ အယူမျှနေကြတဲ့ သဘောပါ။ ဒါပေမယ့် တချို့ကျတော့ အဲဒီဖုန်ပိုးတွေကို အလာဂျီဖြစ်ပြီး အယားပြဿနာကြုံရပါတော့တယ်။ ညညဆိုရင် ပိုယားပေါ့။ တရားခံက အဲဒီဖုန်ပိုးတွေပါ။ ဖုန်ပိုးတွေ အဓိကသုံးဆောင်တာက အရေပြားက စွန့်ပစ်ပစ္စည်းကလာပ်စည်းတွေပါပဲ။ ယားလို့ ကုတ်လေ ကလာပ်စည်းအသေတွေ ကွာကျလေ သူတို့အတွက် ရိက္ခာပိုရလေပါ။


ပိုးတွေ ပေါများအရေပြား

          ဘယ်လောက်ပဲအပြင်ပန်းချောမွေ့လှပတဲ့ အရေပြားဖြစ်ပါစေ မှန်ဘီလူးနဲ့ အသေးစိတ်ချဲ့ကားကြည့်လိုက်ရင်တော့ ရှုပ်ပွနေတဲ့ အမှိုက်ပုံတစ်ခုမှာ ခွေးတွေ၊ ကျီးတွေ ရှိသလိုပဲ အရေပြားအမှိုက်ပုံမှာလည်း ဗက်တီးရီးယားပိုးတွေ၊ မှိုတွေ အုံခဲနေကြတာပါ။ အထူးသဖြင့် ဆံခြည်မွေးညင်းပေါက်နေရာ အဆီပေါက်တွေမှာ ပိုပြီးခိုအောင်းနေတတ်ပါတယ်။ ပြောရရင် ဗက်တီးရီးယားအမျိုးပေါင်း တစ်ထောင်ကျော်ရှိပြီး မှိုအမျိုးပေါင်း ၁၉ မျိုးလောက်ထိ ရှိတယ်လို့ဆိုပါတယ်။ ဒီလိုပိုးကောင်တွေ သန်းပေါင်းများစွာ ရှိနေပေမယ့် အများစုဟာ အရေပြားကို ဘာဒုက္ခမှ မပေးတဲ့အပြင် ကောင်းကျိုးတောင် ပေးပါသေးတယ်။ ရန်သူပိုးတွေ အလာမခံဘဲ ခုခံပေးတဲ့ မိတ်ဆွေပိုးလို့တောင် ဆိုနိုင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်က အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားကျသွားခဲ့ရင်တော့ အလစ်ချောင်းနေတဲ့ တချို့ပိုးတွေက အရေပြားထဲကို ဝင်ပြီး ဒုက္ခပေးတတ်ပါတယ်။


အနံ့ဆိုးထွက်တာ ဘာကြောင့်လဲ

          သာမန်အားဖြင့် ချွေးတွေဟာ ရေလိုပါပဲ။ ဘာအနံ့အသက်မှမရှိပါဘူး။ ဒါပေမယ့် အေပိုခရိုင်း (Apocrime) ဆိုတဲ့ အရံချွေးအိတ်တွေကထွက်တဲ့ ချွေးကတော့ အနံ့ရှိပါတယ်။ ကိုယ်နံ့ပေါ့။ အဲဒီအရံချွေးအိတ်တွေက ချိုင်းတို့၊ ခြေထောက်တို့၊ ပေါင်ခြံတို့၊ လိင်အင်္ဂါဝန်းကျင်တို့မှာပဲ များများစားစားရှိတာပါ။ ထွက်လာတဲ့ ချွေးက အနံ့မပြင်းပေမယ့် စောစောကပြောခဲ့တဲ့ ဗက်တီးရီးယားပိုးတွေနဲ့ ဓာတ်ပြုလိုက်တဲ့အခါ အနံ့ဆိုးတွေ ထွက်ပါလေရော။ ချိုင်းချွေးနံ့ဆို ပြင်းမှပြင်း။ တချို့အလုံပိတ်ဖိနပ်စီးတဲ့သူတွေ ညရောက်လို့ ခြေအိတ်ချွတ်လိုက်တဲ့အခါ အနံ့တွေထောင်းခနဲ ထွက်လာတာ ကြုံဖူးကြမှာပါ။ ပြောရရင် ချွေးဘဝကနေ အက်ဆစ်ဘဝကို ပြောင်းသွားလို့ပါ။ အက်ဆစ်လို ချဉ်စုပ်စုပ်အနံ့ပေါ့။


ပိုးသတ်ဆပ်ပြာသုံးသင့်သလား

          အရပ်ထဲမှာ ပိုးသတ်ဆပ်ပြာတွေ အတော်ကို သုံးနေကြပါပြီ။ ကြော်ငြာကောင်းတာကိုး။ ပိုးတွေ ၉၉.၉ ရာခိုင်နှုန်း အတုံးအရုံးသေဆိုပဲ။ ဒီတော့ ရောဂါကင်းအောင်ဆိုပြီး သုံးကြတော့တာပါ။ ပိုးသတ်ဆပ်ပြာတွေ သုံးလိုက်တာနဲ့ ရှေ့ပိုင်းက ဆွေးနွေးခဲ့တဲ့ မိတ်ဆွေပိုးတွေရော၊ ရန်သူပိုးတွေရော အားလုံး မာလကီးယားသွားတယ်ဆိုပါတော့။ ဥပမာပေးရရင် အကျိုးရှိတဲ့ သစ်ပင်တွေရော အကျိုးမရှိတဲ့ သစ်ပင်တွေပါ နှစ်ပေါင်းများစွာ သဟဇာတဖြစ်နေတဲ့ သစ်တောတစ်အုပ်ကို အပြောင်ရှင်းလိုက်တာနဲ့တောင် တူပါတယ်။ ဒီတော့ အကျိုးဆက်တွေ ဘယ်လိုဖြစ်လာသလဲဆိုတာ ဉာဏ်မီသလောက် စဉ်းစားကြည့်ကြပေတော့။

          အရေပြားပေါ်မှာ သဘာဝအတိုင်း သဟဇာတဖြစ်နေတဲ့ ပိုးတွေအားလုံး သေသွားတော့ အသစ်ဝင်လာမယ့် ရန်သူပိုးမွှားတွေအတွက် အခွင့်အရေးပေးလိုက်သလိုပါပဲ။ ဒါ့အပြင် ပိုးသတ်ဆပ်ပြာအများစုမှာ ပါဝင်တဲ့ Triclosan ဆိုတဲ့ ဓာတုပစ္စည်းကိုလည်း ပိုးတွေက ဆေးယဉ်သွားမယ့် အန္တရာယ်လည်း ရှိပါတယ်။ ဒါကြောင့် နိုင်ငံကြီးတစ်ချို့မှာ အဲဒီဓာတ်ပစ္စည်းပါတဲ့ ဆပ်ပြာတွေ၊ ပိုးသတ်ဆေးရည်တွေကို FDA က ခွင့်မပြုတော့ပါဘူး။ ဒါပေမယ့် အညစ်အကြေးတွေနဲ့ မကင်းခဲ့ရင်တော့ ပိုးသတ်ဆပ်ပြာနဲ့ သန့်ရှင်းရေးလုပ်သင့်ပါတယ်။ အထူးသဖြင့် လက်တွေ၊ ခြေတွေ၊ ညစ်ပတ်ပေကျံတဲ့အခါ ပိုးသတ်ဆပ်ပြာသုံးတာ မမှားပါဘူး။

          ဘယ်လိုပဲဖြစ်ဖြစ် နေ့စဉ် အခြေခံ ကိုယ်လက်သန့်ရှင်းရေးတွေ မှန်မှန်လုပ်ပေးခဲ့ရင် ပွေး၊ ဝဲ၊ ညှင်း၊ သန်း၊ ဒက်၊ အနာစက်၊ အနာစို၊ ဝက်ခြံ၊ အနံ့ဆိုးထွက်ခြင်း စတဲ့ အရေပြားပြဿနာအချို့ လျော့ပါးကင်းစင်နိုင်ပါတယ်။ ကိုယ့်အရေပြားကို သန့်ရှင်းစင်ကြယ်စွာ ထားကြပါစို့။

Credit : ဒေါက်တာ ကျော်ကျော်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18