Print

အရေပြားရောဂါမဟုတ်တဲ့ အရေပြားပြဿနာလေးတွေ

  14-Mar-2020
Preview Image

တင်ပါးက ဆယ်လူလိုက်တွေ

          လူလတ်ပိုင်းရောက်လာရင် အမျိုးသမီးတွေအဖို့ စိတ်ညစ်ရတာတစ်ခုက တင်ပါးဆုံနဲ့ ပေါင်တွေမှာ Cellulite ခေါ် အဆီဖုတွေပေါ်လာတာပဲ။ အသားအရေ ချောမွေ့မနေဘဲ အဖုအထစ်တွေ ဖြစ်နေတာပါ။ အဆီပိုတွေ အရေပြားထဲမှာ ဖြစ်နေတာပါ။ အဆီကျလေ့ကျင့်ခန်းတွေနဲ့ သက်သာနိုင်ပါတယ်။ လိမ်းဆေးတွေကတော့ အမျိုးစုံပဲ။ အမျိုးအစားရာနဲ့ချီပြီး ရှိတယ်။ ရလဒ်တွေကတော့ ကြော်ငြာသလောက် မကောင်းဘူး။ ကဖင်းပါတဲ့ လိမ်းဆေးတွေကတော့ ခဏသက်သာတာ တွေ့ရတယ်။


နေရောင်ထဲထွက်ရင် မျက်နှာနီရဲနေတာ

          ရှက်တဲ့အခါ လူအများစုဟာ မျက်နှာရဲလာတတ်တယ်။ တချို့ကတော့ နေရောင်ကို တုံ့ပြန်မှုများတာရှိတယ်။ နဖူး၊ ပါး၊ မေးစေ့တွေမှာ အနီကွက်တွေ ပေါ်လာတယ်။ Rosacea နဲ့ SLE ရောဂါတွေမှာ ဒီလို မျက်နှာရဲတတ်တယ်။ ဖြစ်တာ ကြာတတ်တယ်။ လိမ်းဆေး၊ သောက်ဆေးတွေလိုတယ်။ မျက်နှာနီရုံတင်မကဘဲ နှလုံးခုန်တာပါ မြန်နေရင်တော့ စိတ်ပူတတ်တဲ့ Anxiety ဆိုတဲ့ စိတ်ရောဂါတစ်မျိုးလည်း ဖြစ်တတ်တယ်။ ဒါ့ကြောင့် ဆရာဝန်နဲ့ ပြသသင့်တယ်။


တင်ပါးမှာပေါက်တတ်တဲ့အဖုတွေ

          ရောဂါမဟုတ်ပါဘူး။ Keratosis Pilaris လို့ခေါ်ပါတယ်။ တင်ပါးမှာ အနီရောင်၊ အဖြူရောင်အဖုလေးတွေ ဖြစ်တာပါ။ တင်ပါးတင်မက နောက်ကျော၊ ပါး၊ လက်မောင်းနဲ့ ပေါင်တွေမှာလည်း ဖြစ်တတ်တယ်။ မွေးညင်းပေါက်တွေပိတ်လို့ဖြစ်တာပါ။ ငယ်ငယ်မှာ စဖြစ်ပြီး ကြာတတ်တယ်။ အသက် ၃၀ လောက်ဆိုရင် တဖြည်းဖြည်းပျောက်သွားတတ်တယ်။ အဲဒီအချိန်ထိတော့ ဆေးမှန်မှန်လိမ်းပြီး ထိန်းနိုင်တယ်။ ဒါကြောင့် သင့်အရေပြားဆရာဝန်နဲ့ ဆက်သွယ်ပါ။


ခြေထောက်က အသားမာ

          ခြေဖဝါးနဲ့ ခြေဖနောင့်မှာ အသားမာပေါက်တယ်။ လမ်းလျှောက်တဲ့အခါ ဖိအားနဲ့ ပွတ်အားကြောင့် ဒဏ်မဖြစ်အောင် အရေပြားက တုံ့ပြန်ညှိယူရင်းနဲ့ အရေပြားထူပြီး မာလာတာကို အသားမာလို့ခေါ်ကြတာ။ ကြည့်လို့မကောင်းတော့မကြိုက်ကြဘူး။ ဖနောင့်ကွဲရင်ပိုဆိုးပါတယ်။ နေ့စဉ် ရေနွေးနဲ့ ခြေထောက်တွေကို ဆယ်မိနစ်လောက် စိမ်ပါ။ ကြေးတွန်းကျောက်နဲ့ ပွတ်ပေးပါ။ ပြီးရင် အသားချောအောင် ခြေထောက်လိမ်းခရင်မ်နဲ့ အဆီပုံမှန်လိမ်းပါ။


နှုတ်ခမ်းကွဲတာ

          ဟုတ်တယ်။ နှုတ်ခမ်းခြောက်ပြီးကွဲရင် နေထိုင်ရခက်တယ်။ ကြည့်လို့မကောင်းဘူး။ ပြီးတော့ စပ်နေ၊ နာနေတာပါ ဖြစ်တယ်။ နှုတ်ခမ်းကို လျှာနဲ့ မလျေက်ပါနဲ့။ ပိုခြောက်တတ်တယ်။ နှုတ်ခမ်းအဆီ ပုံမှန်လိမ်းပေးပါ။ SPF ၁၅ နဲ့အထက်ပါတဲ့ နှုတ်ခမ်းအဆီဆိုရင် အကောင်းဆုံးပဲ။ အမြဲဆောင်ထားပြီး မကြာခဏလိမ်းပေးပါ။ အချိန်ကြာကြာကြီးနဲ့ ကွဲတာသိပ်ဆိုးနေရင် ဆရာဝန်ကို ပြပါ။

Credit : ဒေါက်တာ စိုးဝင်းဦး

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18