Print

ရေယုန်ကြီး

  27-Dec-2019
Preview Image

ရေယုန်ကြီးဆိုတာဘာလဲ . . .

          Herpes Zoster လို့ခေါ်ပါတယ်။ ရေကျောက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာပါ။ ရေကျောက်ဖြစ်ပြီးနောက် ဗိုင်းရပ်စ်ပိုးဟာ ကျောရိုးက အာရုံကြောဆဲလ်များအတွင်းမှာ ခိုအောင်းနားနေပါတယ်။ နောက်တစ်ခါ ပြန်ဖြစ်တဲ့အခါ ရေကျောက်မဟုတ်ဘဲ ရေယုန်ကြီးအနေနဲ့ ဖြစ်လာတာဖြစ်တယ်။

          ရုတ်ချည်း ကိုယ်ခံအားကျသွားတဲ့အခါမျိုးတွေ ဥပမာ - ဖျားခြင်း၊ စိတ်ဖိစီးမှုများခြင်းတွေမှာ ဖြစ်တတ်တယ်။ တခြား ခုခံအားကျဆင်းတဲ့ အခြေအနေမျိုးတွေ ဖြစ်တဲ့ ကင်ဆာ၊ လူကီးမီးယား၊ AIDS၊ ဆီးချို၊ ကင်ဆာဆေးသွင်းနေတဲ့သူ၊ ကိုယ်အင်္ဂါအစားထိုး ကုသထားသူ၊ ကော်တီဆုန်းဆေးအကြာကြီး သုံးစွဲနေရသူတွေမှာလည်း အဖြစ်များတယ်။ အသက် ၅၀ ကျော်ရင် ပိုအဖြစ်များပါတယ်။


ဘယ်လိုလက္ခဏာတွေ တွေ့ရပါသလဲ . . .

          အရေပြားတစ်နေရာမှာ ဦးဆုံးစပ်တာ၊ နာတာ၊ စူးတာ စတာခံစားမှုများအရင်ပေါ်လာပါတယ်။ တစ်ရက်နှစ်ရက်ကြာရင် အနီပြင် ထပ်ပေါ်လာတယ်။ ဖျားတာ၊ ခေါင်းကိုက်တာ၊ ဖြတ်တတ်တယ်။ အနီပြင်ပေါ်မှာ ရေကျောက်လိုအရည်ကြည်ဖုတွေ အစုလိုက်၊ အပြုံလိုက်၊ ထပ်ပေါ်လာတယ်။ ဒါတွေပေါက်ထွက်သွားတော့ အနာတွေဖြစ်ပြီး အနာဖေးတက်ပါတယ်။ ပိုးဝင်ရင် ပြည်တည်ပါတယ်။ နောက်မှ အနာဖေးကွာသွားပါတယ်။ အမာရွတ် ကျန်ခဲ့တတ်တယ်။ အားလုံး နှစ်ပတ် သုံးပတ်အထိ ကြာနိုင်ပါတယ်။ အနာကျက်ပေမယ့် နာတာက ကျန်နေခဲ့တတ်တယ်။

ဘယ်နေရာတွေမှာ ဖြစ်လေ့ရှိပါသလဲ . . .

          ကိုယ်ခန္ဓာနဲ့ တင်ပါးမှာ အများဆုံးဖြစ်တယ်။ မျက်နှာ၊ လက်မောင်း၊ ခြေထောက်တွေမှာလည်း ဖြစ်တတ်တယ်။ မျက်စိပါ ဖြစ်ရင်တော့ အထူးဂရုစိုက်ဖို့လိုတယ်။ အမြင်ကွယ်တဲ့အထိ ဖြစ်တတ်လို့ပါ။ မျက်စိဆရာဝန်နဲ့အတူ ပူးတွဲပြသကုသဖို့ လိုအပ်တယ်။


နောက်ဆက်တွဲ ပြဿနာများက ဘာတွေလဲ . . .

          ရေယုန်ပျောက်သွားပေမယ့် နာတာကျန်နေခဲ့တတ်တယ်။ တစ်ချိန်လုံး နာနေတတ်ပါတယ်။ လနဲ့ နှစ်နဲ့တောင်ချီပြီး ကြာနိုင်တယ်။ ရေယုန်အနာကို ဘက်တီးရီးယားပိုးထပ်ဝင်တတ်တယ်။ အနာကျက်နှေးတယ်၊ နာတာ၊ နီတာလည်း ပိုကြာတတ်၊ ပြန်ဖြစ်တတ်တယ်။ နောက်တစ်ခုက တခြားနေရာ၊ တခြားအင်္ဂါများသို့ ပျံ့နှံ့ခြင်းဖြစ်တယ်။ အဖြစ်နည်းပေမယ့် ခုခံအားကျဆင်းနေသူတွေမှာ ဖြစ်လေ့ရှိတယ်။


ရောဂါ ဘယ်လို သတ်မှတ်မလဲ . . .

          ကိုယ်ခန္ဓာ တစ်နေရာတည်းမှာ ကွက်ပြီးဖြစ်တာ၊ နာကျင်တဲ့ပုံစံ၊ အရည်ကြည်ဖုတွေရဲ့ပုံစံ စတာတွေက ရောဂါသတ်မှတ်ဖို့ လုံလောက်တယ်။ အရည်ကြည်ဖုကို ခြစ်ပြီး ဓာတ်ခွဲစစ်ဆေးခြင်းလည်း ပြုလုပ်နိုင်တယ်။

ရေယုန်ကြီးဖြစ်ရင် တခြားရောဂါတွေအတွက်ပါ စိုးရိမ်ရသလား . . .

          ရေယုန်ကြီးဖြစ်တဲ့ လူအများစုက ကျန်းမာရေး ကောင်းကြပါတယ်။ ဒါပေမယ့် လိုအပ်ရင် ဆရာဝန်ကရောဂါ ရာဇဝင်မေးခြင်း၊ သွေးစစ်ဆေးခြင်း၊ ဓာတ်မှန်၊ တီဗီဓာတ်မှန်ရိုက်ခြင်း၊ ခုခံအားကျပိုးစစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါတယ်။


ကူးစက်တတ်သလား . . .

          ဗိုင်းရပ်ချင်းတူပေမယ့် ရေယုန်ကြီးဟာ ရေကျောက်လောက် မကူးစက်ဘူး။ ရေကျောက် မပေါက်ဖူးသေးသူတွေ ကူးစက်နိုင်တယ်။ မွေးကင်းစကလေးငယ်တွေ ခုခံအားကျဆင်းနေသူတွေ အများဆုံး ကူးစက်လွယ်တယ်။


ကုသမှုကရော ဘယ်လိုလဲ . . .

          အကိုက်အခဲပျောက်ဆေးတွေ၊ ရေခဲအဝတ်ကပ်ခြင်း စသည်တို့က အနာကိုမြန်မြန်ပျောက်စေတယ်ဗိုင်းရပ်စ်ဆေးစောစောသောက်ရင် ဖြစ်တာကာလတိုတယ်။ မြန်မြန်ပျောက်တယ်။ နာတာလည်းသိပ်မကျန်ဘူး။ နောက်ထပ်ပိုးမဝင်အောင် ပဋိဇီဝဆေးလည်း တွဲသုံးရလေ့ရှိတယ်။ ကော်တီစုန်းဆေးများ၊ အကိုက်အခဲပျောက်ဆေးများ၊ စိတ်ကျဆန့်ကျင်ဆေးများ တွဲသုံးခြင်းဖြင့်လည်း နာကျင်မှုကျန်တာ အမြန်သက်သာစေပါတယ်။ ငရုပ်ကောင်းကထုတ်တဲ့ Capsaicin ဆိုတဲ့ လိမ်းဆေးဟာလည်း နာကျင်မှုကို သက်သာပျောက်ကင်းစေပါတယ်။

Credit : ဒေါက်တာစိုးဝင်းဦး

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18