Print

လေလောင်ခြင်း

  12-Nov-2019
Preview Image

လေလောင်ခြင်းဆိုသည်မှာ 

လေတိုက်ခတ်တာကြောင့် အရေပြားထိခိုက်၊ ပြောင်းလဲတာ ဖြစ်ပါတယ်။ နေလောင်တာရဲ့ ဆိုးကျိုးတွေကို အရေပြားက ခံစားရသလို လေလောင်တာဟာလည်း အရေပြားကို အန္တရာယ်ဖြစ်စေပါတယ်။


အကြောင်းရင်း

ပုံမှန်အားဖြင့် အရေပြားကထုတ်လုပ်တဲ့ အဆီဓာတ်၊ ရေဓာတ်တွေနဲ့ အရေပြားဆဲလ်လေးတွေ ဖုံးအုပ်ထားတဲ့ အလွှာလေးတွေနဲ့ အရေပြားဟာ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားပါတယ်။ လေပြင်းပြင်း တိုက်ခတ်တာခံရတဲ့အခါ အရေပြားအေါ်ယံလွှာရှိ အဆီနဲ့ရေဓာတ်တို့ နည်းလာပါတယ်။ ဒါ့အပြင် အရေပြားဆဲလ်လေးတွေဟာလည်း ထိခိုက်တာကြောင့် လေလောင်ဒဏ် လက္ခဏာတွေ ဖြစ်ပေါ်လာတတ်တယ်။


လေလောင်ခြင်း အဖြစ်များသောနေရာများ

အေးမြတဲ့ တောင်ပေါ်ဒေသတွေနဲ့ ရာသီဥတုပူးပြင်းကာ လေပူတိုက်နေတဲ့နေရာတွေဖြစ်ပါတယ်။ ကားစီးတဲ့အခါ မှန်တံခါးမှ တိုက်ခတ်တဲ့ လေဟာလည်း လေလောင်တဲ့ဒဏ်ကို ဖြစ်ပေါ်စေပါတယ်။ 


ရောဂါလက္ခဏာများ

လေတိုက်ခံရတဲ့ အဝတ်အစားဖုံးမထားတဲ့ နေရာတွေဖြစ်တဲ့ နှုတ်ခမ်း၊ မျက်နှာ၊ လည်ပင်း၊ နားရွက်နဲ့ လက်တွေမှာ တွေ့ရတတ်ပါတယ်။ လေတိုက်ခံရတဲ့ အရေပြားဟာ အစိုဓာတ်နည်းလာကာ၊ အရေပြားခြောက်သွေ့လာပါတယ်။ အရေပြားဆဲလ်လေးတွေကွာပြီး အရေပြားအကြေးခွံလေးတွေ ဖြစ်ပါတယ်။ အဲဒီနေရာတွေမှာရှိတဲ့ အရေပြားဟာ နီးမြန်းတာ၊ ယားတာ၊ တင်းတာ၊ နေရခက်တာတို့ကို ခံစားရပါတယ်။ ခြောက်သွေ့တဲ့ အရေပြားကြောင့် အရောင်ပြောင်းတာ၊ အက်ကွဲတာတွေ ဖြစ်ရုံသာမက ခြေဖဝါး လက်ဖဝါးတွေနဲ့ မျက်နှာတွေပူတာ၊ ကျိန်းစပ်တာ၊ အက်ကွဲတာ၊ နာလာတာနဲ့ နေရခက်တာတွေကို ဖြစ်စေပါတယ်။ ပါးလွှာတဲ့အရေပြား ဖုံးအုပ်ထားတဲ့ နှုတ်ခမ်းတွေဟာ ခြောက်သွေ့၊ အက်ကွဲကာ အကြေးခွံလေးတွေ ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် လေလောင်ဒဏ်ကြောင့် အရေပြားဟာ ပိုမိုတုံ့ပြန်လွယ်လာတတ်ပါတယ်။ 


ပိုဆိုးစေသောအရာများ

အထူးသဖြင့် ကလေးငယ်တွေ၊ အသက်ကြီးသူတွေ၊ အရေပြားခြောက်သွေ့သူတွေ၊ တုံ့ပြန်လွယ်တဲ့ အရေပြားပိုင်ရှင်တွေနဲ့ အရေပြားရောဂါတစ်ခုခုရှိသူတွေဟာ လေလောင်ဒဏ်ကိုပိုခံစားရပါတယ်။ အေးလွန်းပူလွန်းတဲ့ ရာသီဥတုမျိုးဟာ လေလောင်တာကို ပိုဆိုးစေပါတယ်။ မျက်နှာမကြာခဏသစ်သူတွေ၊ တောင်ပေါ်နေသူတွေနဲ့ လေတိုက်ခတ်ချိန် အိမ်အပြင်မှာ အလုပ်လုပ်သူတွေ၊ ပင်လယ်ကမ်းခြေမှာ နေထိုင်သူတွေနဲ့ ပြင်ပမှာ အားကစားလုပ်သူတွေဟာ အရေပြားလေလောင်တာ ဖြစ်တတ်ပါတယ်။


ကုသ၊ ကာကွယ်နည်းများ

လေ - အေးပြီး၊ ခြောက်သွေ့တဲ့လေပြင်းနဲ့ လေပူတို့မှ အရေပြားကို တတ်နိုင်သမျှ ကာကွယ်သင့်ပါတယ်။

နေ - လေလောင်ဒဏ် ထိထားတဲ့ အရေပြားဟာ တုံ့ပြန်လွယ်တာကြောင့် နေလောင်ဒဏ်ကိုလည်း ဂရုစိုက်ကာကွယ်သင့်ပါတယ်။ နေရောင်ခံခရင်မ် အသုံးပြုပါ။ 

ရေ - အရေပြား အစိုဓာတ်ထိန်းသိမ်းဖို့ ရေများများသောက်သင့်ပါတယ်။ ဒါပေမဲ့ ပူလွန်းတဲ့ရေနဲ့ လေလောင်ထားတဲ့ အရေပြားထိတွေ့တာကို ရှောင်ကြဉ်သင့်ပါတယ်။

အစားအသောက် - ဗီတာမင် အီး၊ စီတို့လို Antioxidants တွေ ပါဝင်တဲ့ဆေးတွေ၊ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေဟာ အရေပြားလုပ်ငန်း ကောင်းမွန်စေတာကြောင့် သောက်သုံးသင့်ပါတယ်။ ဒါပေမဲ့ လေလောင်ထားရှိမှာ ပူလွန်းတဲ့ ပူလွန်းတဲ့အရေသောက်တာ၊ အပူအစပ်စားတာကို ရှောင်သင့်ပါတယ်။ အရေပြားခြောက်သွေ့စေတဲ့ အရက်၊ ကော်ဖီတို့ကိုလည်း ရှောင်ရပါမယ်။

Cosmetics and Skin cares - အရေပြားခြောက်သွေ့စေမယ့် ပြင်းထန်တဲ့ ဆပ်ပြာ၊ ဓာတုပစ္စည်းပြင်းပြင်း ပါဝင်တဲ့ အနံ့ပါတဲ့ အလှပြင်ပစ္စည်းတွေနဲ့ အရက်ပြန်နဲ့ အရေပြားထိခိုက်စေမယ့် အက်စစ်ပါဝင်တဲ့ အရေပြားထိန်းပစ္စည်းတွေကို ရှောင်သင့်ပါတယ်။ အရေပြားပါးလွှာတဲ့ နှုတ်ခမ်းနဲ့ မျက်ခွံတို့ကို အထူးသတိထား ထိန်းသိမ်းသင့်ပါတယ်။ 

အလုပ် - မီးဖိုနဲ့ ပူနေတဲ့ လျှပ်စစ်ပစ္စည်းတွေအနီးမှာ တာရှည်မနေသင့်ပါ။ လေတိုက်နေချိန် ပြင်ပမှာ သွားလာနေရပါက လေဒဏ်ကို ကာကွယ်ဖို့ အထူးသတိပြုပါ။ 

ကာကွယ်ပါ - မျက်နှာကို လေမထိစေဖို့ ပဝါဖုံးပါ၊ ဒါမှမဟုတ် မျက်နှာဖုံးအုပ်ထားပါ။ ကားစီးရင် ပြတင်းမှန် ပိတ်စီးပါ။ ဦးထုပ်၊ လက်အိတ် စတာတွေ သုံးသင့်ပါတယ်။ အဝတ်အစား လုံခြုံအောင်ဝတ်ဆင်ပါ။ နှာခေါင်း၊ နှုတ်ခမ်းဟာလည်း နူးညံ့ပါးလွှာတဲ့နေရာ ဖြစ်တာကြောင့် လက်အိတ်၊ ရှူးဖိနပ်တွေစီးပြီး လေဒဏ်ကို ကာကွယ်ရပါမယ်။ 

လိမ်းပါ - လေလောင်တာရဲ့ ရောဂါလက္ခဏာများ ခံစားရတာနဲ့ အရေပြားကို ရေဓာတ်ဖြည့်တာ၊ အဆီဓာတ်ဖြည့်တာအတွက် အဆီ၊ ခရင်မ်တွေနဲ့ အရေပြားထိန်းပစ္စည်းများ လိမ်းပေးရပါမယ်။ နေရောင်ကာခရင်မ်ကိုလည်း အသုံးပြုပြီး နေလောင်ဒဏ်ကာကွယ်ရပါမယ်။

ဆေးများ - အရောင်ကျစေတဲ့ဆေးနဲ့ အယားပျောက်ဆေးတွေ လိမ်းတာ၊ သောက်တာနဲ့ ကုသနိုင်ပါတယ်။ အရေပြားနာလာပါက အနာကျက်ဆေး၊ အနာသက်သာစေတဲ့ဆေးတွေ သုံးရပါမယ်။ 

အရေပြား - အရေပြားခြောက်သွေ့ပြီး အကြေးခွံလေးတွေ ထွက်နေပါက ကုတ်ဖဲ့ ပွတ်တိုက်တာတို့ ရှောင်သင့်ပါတယ်။ အရေပြားယားယံပါက ရေအေးဖတ်တင်သင့်ပါတယ်။ 

လေလောင်ခြင်း၏ ကြာမြင့်ချိန်

လေလောင်ခံရတဲ့ အရေပြားဟာ ရက်အနည်းငယ်ကြာပါက သက်သာတတ်ပါတယ်။ ဒါပေမဲ့ မသက်သာပါက တခြားအရေပြားရောဂါတွေ ဖြစ်နေနိုင်တာကြောင့် စစ်ဆေးစမ်းသပ်ဖို့ လိုအပ်ပါတယ်။ 


လေလောင်ခြင်းနှင့် နေလောင်ခြင်း

နေလောင်တာနဲ့ လေလောင်တာဟာ ရောဂါလက္ခဏာတွေ အလွန်တူညီပါတယ်။ လေလောင်ဒဏ်ဟာ အရေပြားခြောက်သွေ့ပြီး တုံ့ပြန်လွယ်တာကို ဖြစ်စေကာ နေလောင်ဒဏ်ဟာ UV ရောင်ခြည်တွေကြောင့် အမည်းစက်၊ အဖုလေးတွေ၊ အရေပြားကင်ဆာရောဂါနဲ့ တာရှည်ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။ လေလောင်တာဟာလည်း နေလောင်တာလိုမျိုး အရေပြားကို ထိခိုက်စေနိုင်ပေမဲ့ နေလောင်ဒဏ်ထက် ပိုသက်သာပျောက်ကင်းလွယ်ပါတယ်။ ဒါ့အပြင် လေလောင်ဒဏ်ဟာ အရေပြားကင်ဆာတွေ မဖြစ်စေတတ်ပါ။ လူတစ်ဦးတည်းမှာပင် နေလောင်တာနဲ့ လေလောင်တာ တွဲပြီးဖြစ်နိုင်ပါတယ်။ လေလောင်တာကြောင့် ခံနိုင်ရည်နည်းနေတဲ့ အရေပြားဟာ နေလောင်ဒဏ်ကို ခံနိုင်ရည်နည်းကာ၊ အရေပြားထိခိုက်တာကို ပိုဆိုးစေပါတယ်။ 

အထူးသတိပြုရန်မှာ - ဆောင်းတွင်းမှာအေးပြီး ခြောက်သွေ့တဲ့လေကြောင့် လေလောင်တာဖြစ်နိုင်ပါတယ်။ နွေရာသီမှာ နေလောင်ဒဏ်နှင့် လေလောင်ဒဏ် အတူခံစားရပါတယ်။ အဲဒီအခါမှာ မျက်နှာနီရဲရောင်ရမ်းနေတဲ့အပြင် အရေပြားကို ပိုမိုထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် အေးလွန်း၊ ပူလွန်းတဲ့ ရာသီဥတုတွေမှာ လေပြင်းဒဏ်ဟာ ပိုဆိုးတတ်ပါတယ်။ ဒါပေမဲ့ လေလောင်တာဟာ ကာကွယ်နိုင်တဲ့ အရေပြားပြဿနာတစ်မျိုးဖြစ်ကြောင်း အထူးသတိထားကြစေချင်ပါတယ်။ 


Credit: ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော်

(အရေပြားအထူးကု အတိုင်ပင်ခံဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18