Print

အရေပြားဓာတ်မတည့်မှု ဖြစ်ခြင်း

  26-Sep-2019
Preview Image

Airborne Allergy ဖြစ်ခြင်း၏ အကြောင်းရင်းများ

          လေထဲမှာပါဝင်တဲ့ ပစ္စည်းတွေ (Aeroallergens) ကို ရှူမိတာ၊ အရေပြားကို တိုက်ရိုက်ထိမိတာကြောင့် တုံ့ပြန်ဓာတ်မတည့်ဖြစ်တတ်သူတွေရဲ့ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တွေကနေ Immunoglobulin E လို တုံ့ပြန်ပစ္စည်း (Antibodies) တွေနဲ့ ရောင်ရမ်းစေတဲ့ ဟစ္စတာမင်း (Histamine) လို ဓာတ်တွေကို ထုတ်ပေးပါတယ်။ မတ်စ်ဆဲလ် (Mast cells) ကနေလည်း Leukotrienes နဲ့ Cytokines လိုမျိုးရောင်ရမ်းစေတဲ့ပစ္စည်းတွေ ထုတ်ပေးပါတယ်။ ဒါကြောင့် ဓာတ်မတည့်ရောဂါလက္ခဏာတွေကို ဖြစ်စေပါတယ်။

          အရေပြားမှာဖြစ်တဲ့ ရောဂါလက္ခဏာတွေအနေနဲ့ အရေပြားယားယံတာ၊ အနီဖု/ အနီပြင်လေးတွေထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကို (Allergic Contact Dermatitis) လို့ခေါ်ပါတယ်။ အရေပြားယားရုံသာမက နီမြန်းရောင်ရမ်းနေတဲ့ အပိမ့်တွေအဖြစ် မြင်ရတဲ့ အင်ပျဉ်ဖြစ်တာ၊ မျက်နှာနဲ့ နှုတ်ခမ်းနီမြန်းရောင်ရမ်းတဲ့ Angioedema ဖြစ်တာ၊ အရည်ကြည်ဖုတွေ၊ အနီဖုတွေသာမက ယားလွန်းတဲ့ နှင်းခူဖြစ်တာ၊ Atopic Dermatitis လို့ခေါ်တဲ့ ရာသီအလိုက်ဖြစ်လိုက်၊ ပျောက်လိုက်ခံစားရသည့် တုံ့ပြန်လွယ်အရေပြားရောဂါတွေ ဖြစ်တတ်ပါတယ်။

          ဒါ့အပြင် နှာချေတာ၊ နှာရည်ယိုတာ၊ နှာပိတ်တာ၊ ထိပ်ကပ်နာ၊ Allergic Rhinitis နှာခေါင်းယားတာ၊ နှာခေါင်းနားရှိ အရေပြားဟာ ပွတ်လွန်းတာကြောင့် အစင်းကြောင်းတွေဖြစ်နေတာ၊ ယားတာ၊ မျက်ရည်ကျတာ၊ မျက်လုံးရောင်တာ၊ နီမြန်းတာ၊ Allergic Conjunctivitis ချောင်းဆိုးတာ အသက်ရှူကျပ်တာ၊ ချွဲအထွက်များလာပြီး အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းပိတ်ဆို့တာတွေ ဖြစ်ပါတယ်။

          တာရှည်လေထုတွင်းဓာတ်မတည့်ပစ္စည်းတွေကြောင့် ရောဂါခံစားရပါက ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောဂါ၊ တာရှည်အရေပြားယားနာ၊ ထိပ်ကပ်နာ၊ ခေါင်းကိုက်တာတွေအပြင် အသက်အန္တရာယ်ထိခိုက်တာအထိ ဖြစ်နိုင်ပါတယ်။

အဖြစ်များသော လေရှိဓာတ်မတည့်ခြင်း ဖြစ်စေသော အရာများ

          မြက်၊ သစ်ပင်၊ ရိုင်းစပါး၊ ပေါင်းပင်၊ မြက်ပင်တွေကထွက်တဲ့ ပန်းဝတ်မှုန်၊ လီလီ/ဒေစီ စတဲ့ မွှေးတဲ့ပန်းတွေရဲ့ ရနံ့တွေ၊ စိုစွတ်တဲ့နေရာမှာ ပေါက်ပွားတတ်တဲ့ မှိုအမှုန်လေးတွေ (Mold) ဖုန်မှာပါဝင်တဲ့ ဘက်တီးရီးယား၊ အစားအသောက်တွေ၊ အမွေးအမှင်တွေ၊ အဝတ်အထည်ကထွက်တဲ့ ချည်မှုန်လေးတွေ၊ တိရစ္ဆာန်အမွေးအမှင်တွေနဲ့ အညစ်အကြေးတွေမှာ ပါဝင်တဲ့ ပရိုတင်းတွေ၊ ပိုးဟပ်လို ပိုးမွှားတွေ၊ ကြွက်နဲ့မြေဆွေးကထွက်တဲ့ အမှုန်အမွှားတွေ၊ အိမ်ဖုန်ကောင်လို့ခေါ်တဲ့ ပိုးကောင်သေးလေးတွေ၊ ဓာတုပစ္စည်း၊ ပလတ်စတစ်၊ အိမ်သုတ်ဆေး၊ စီးကရက်၊ ဆေးလိပ် စတာတွေကနေ ထွက်တဲ့ အငွေ့တွေ၊ မီးခိုး/ အငွေ့နဲ့ မီးလောင်ကျွမ်းရာကနေ ပေါ်ထွက်လာတဲ့ အခိုးအငွေ့တွေ၊ စိုက်ပျိုးရေးသုံးပစ္စည်းတွေဖြစ်တဲ့ ပိုးသတ်ဆေး၊ အပင်သန်ဆေးတွေနဲ့ ခြင်ဖျန်းဆေး၊ အမွှေးဖျန်းဆေးတွေကထွက်လာတဲ့ အနံ့တွေ၊ ရော်ဘာလက်အိတ်၊ ပေါင်ဒါလို အလှပြင်ပစ္စည်းတွေ၊ အစားအသောက် (ဥပမာ မြေပဲစသဖြင့်) က ရတဲ့ ပရိုတင်းတွေ၊ စိုက်ပျိုးရေးသုံးပစ္စည်း၊ ခွဲခန်းသုံးလက်အိတ်မှာ ပါဝင်တဲ့ ပေါင်ဒါတွေ၊ ရေမွှေး၊ အမွှေးအကြိုင်၊ ချွေးနံ့ပျောက်ဆေးနဲ့ ဆံပင်ဖျန်းဆေးစတဲ့အလှပြင်ပစ္စည်းတွေကလည်း လေထဲကနေလွင့်ပြီး ဓာတ်မတည့်ဖြစ်စေပါတယ်။

စမ်းသပ်ပုံ

          ရောဂါလက္ခဏာဖြစ်တဲ့အချိန်၊ ရာသီ၊ ဖြစ်ပွားပုံ၊ ကြာမြင့်ချိန်၊ ပျောက်ကင်းချိန်၊ ဖြစ်တဲ့နေရာတွေကို မေးမြန်းဖို့က အထူးအရေးကြီးပါတယ်။ သွေးမှာ Ig E ပါဝင်မှုနှုန်း အနည်းအများ စမ်းသပ်တာ (Blood Tests) အရေပြားကိုခြစ်ပြီး စမ်းသပ်တာ(Skin Prick Tests) မတည့်ဘူးလို့ ယူဆရတဲ့ ဓာတုပစ္စည်းကို ကျော်အရေပြားမှာ ကပ်ပြီးစမ်းသပ်တာ (Patch Tests) တွေအပြင် သွေးဆဲလ်တွေကို စမ်းသပ်တာနဲ့ နောက်ဆက်တွဲဖြစ်တဲ့ ရောဂါရှာတာတွေကို ပြုလုပ်ရပါမယ်။

လေထဲက ဓာတ်မတည့်ပစ္စည်းတွေကြောင့် ရောဂါဖြစ်သူတွေအနေနဲ့ မိမိကို ဓာတ်မတည့်ဖြစ်စေတဲ့အရာတွေကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။

အိမ်အပြင်ထွက်မယ်ဆိုရင် နှာခေါင်းဖုံးအပြင် ဦးထုပ်၊ ပဝါ၊ လက်ရှည်ဘောင်းဘီရှည်တွေ ဝတ်ဆင်သင့်ပါတယ်။ အပြင်ကနေပြန်လာရင် ခြေထောက်ဆေးတာ၊ ဖိနပ်လဲတာ၊ အဝတ်အစားလဲတာတွေကို ချက်ချင်းပြုလုပ်သင့်ပါတယ်။

          အိမ်သန့်ရှင်းရေး ဂရုစိုက်ပါ။ မွေးပွကော်ဇောတွေမှာ ဖုန်နဲ့ ဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်တာကြောင့် မွေးပွကော်ဇောအသုံးပြုတာကို ရှောင်ပါ။ လေဝင်လေထွက်ကောင်းမွန်စေမယ့် အခန်းမျိုးဖြစ်အောင် ပြင်ဆင်ပါ။ လေသန့်စက်တွေ တပ်ဆင်ပါ။ တိရစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ်နေတာကို ရှောင်သင့်ပါတယ်။ အိပ်ခန်းတွင်း သန့်ရှင်းတာ၊ ခေါင်းအုံးစွပ်၊ အိပ်ရာခင်း၊ မွေ့ရာ၊ မျက်နှာသုတ်ပဝါ၊ ပရိဘောဂတွေကို သန့်သန့်ရှင်းရှင်းထားတာတွေ လုပ်သင့်ပါတယ်။

အရေပြား Aeroallergy ရောဂါကို ကုသနည်း

          အယားပျောက်ဆေး၊ အရောင်ကျဆေးတွေဖြစ်တဲ့ လိမ်းဆေး၊ စားဆေး၊ ထိုးဆေးတွေနဲ့ အသုံးပြုကုသရပါတယ်။ အရေပြားကိုထိန်းသိမ်းဖို့ ရေဓာတ်ဖြည့်ခရင်မ်တွေ လိမ်းပေးတာ၊ အကာအကွယ်ဖြစ်စေမယ့် အရေပြားခရင်မ်လိမ်းပေးတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

          လေထဲမှာပါဝင်တဲ့ ပစ္စည်းတွေ (Aeroallergens) ကြောင့် ဓာတ်မတည့်မှုဖြစ်ရင် စနစ်တကျဆေးကုသမှု ခံယူသင့်တဲ့အပြင် အချိန်မရွေးဓာတ်မတည့်မှု ချက်ချင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရေးပေးဆေးတွေ ဆောင်ထားသင့်ပါတယ်။ အထူးသဖြင့် ကလေးတွေကို သတိထားသင့်ကြောင်း အကြံပေးလိုပါတယ်။

Credit : ဒေါက်တာ မြတ်စန္ဒာကျော်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18