Print

မျက်နှာပြင်အရေပြားခြောက်သွေ့တာကို ဘယ်လိုကာကွယ်ကုသမလဲ

  21-Sep-2019
Preview Image

          ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အရေပြားခြောက်သွေ့ခြင်းမျိုးမဟုတ်ဘဲ ပင်ကိုယ်သဘာဝအားဖြင့် ခြောက်သွေ့တဲ့ အရေပြားရှိသူတွေဟာလည်း ထိုရာသီဥတုအတွင်းမှာ သာမန်ထက် ပိုပြီးတော့ အရေပြားခြောက်သွေ့တာကို ခံစားရလေ့ ရှိကြပါတယ်။ ဒီအရေပြားပိုင်ရှင်တွေရဲ့ ချွေးပေါက်တွေဟာ အင်မတန်မှ သေးငယ်ပြီး သိပ်သည်းတဲ့အတွက် ငယ်ရွယ်သူတွေဟာ အသားအရေလှပလေ့ ရှိကြပါတယ်။ ဒါပေမယ့် အသက် ၃၀ နှစ်ကျော်လာပြီး အရေပြားကို ဂရုစိုက်ထိန်းသိမ်းမှု မပြုခဲ့ဘူးဆိုရင်တော့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာဖြစ်တဲ့ အရေးအကြောင်းထင်လာခြင်းမျိုးမှာ ခြောက်သွေ့တဲ့ အရေပြားပိုင်ရှင်က အခြား အရေပြားပိုင်ရှင်တွေထက် စောစီးစွာဖြစ်ပေါ်လာလေ့ရှိတတ်ပါတယ်။ အဆိုပါ အရေပြားရှိသူတွေအတွက် အသားအရေ ထိန်းသိမ်းမှုပြုရတာဟာ ခက်ခဲမှု တစ်စုံတစ်ရာလည်း မရှိပါဘူး။


ထိန်းသိမ်းနည်းတွေကတော့


၁။ အခြေခံအကျဆုံးအနေနဲ့ နံနက်အိပ်ရာထတစ်ကြိမ်နဲ့ ညအိပ်ရာမဝင်မီ တစ်ကြိမ်၊ တစ်နေ့ကို နှစ်ကြိမ် မျက်နှာသန့်စင်ပေးရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သတိပြုရမှာက တွေ့ကရာဆပ်ပြာတုံးမျိုးနဲ့ သန့်စင်ခြင်း မပြုလုပ်မိဖို့ပဲ ဖြစ်ပါတယ်။ ခြောက်သွေ့တဲ့ အရေပြားအတွက် အထူးထုတ်လုပ်ထားတဲ့ Cleanser မျိုးကိုသာ ရွေးချယ်ပေးပါ။ ဒါ့အပြင် ဒီလိုသန့်စင်ရာမှာ ရေနွေးကို အသုံးပြုဖို့ မသင့်ပါဘူး။ ရေနွေးဟာ အရေပြားကို ပိုမိုခြောက်သွေ့စေလို့ပါပဲ။


၂။ Toner ကို အသုံးပြုပါကလည်း အယ်လ်ကိုဟောဓာတ်ပါဝင်မှုမရှိတဲ့ အမျိုးအစားကို ရွေးချယ်အသုံးပြုမှသာလျှင် အရေပြားပိုမိုခြောက်သွေ့ခြင်းမှ ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။


၃။ Moisturizer ဟာလည်း ဒီအရေပြားအတွက် မပါလျှင်လည်း မဖြစ်ပါဘူး။ မည်သည့် ရာသီဥတုပင်ဖြစ်စေကာမူ အဆိုပါ အသားအရေပိုင်ရှင်တွေအတွက် Moisturizer ဟာ အမြဲအသုံးပြုရမယ့် ကုန်ပစ္စည်းတစ်မျိုးပါ။ ဆောင်းရာသီဆိုတော့ အရေပြားကို အစိုဓာတ်ပေးဖို့ ပိုလိုအပ်တာကို သတိပြုမိဖို့ အရေးကြီးပါတယ်။


၄။ ဒါ့အပြင် အရေပြားဆဲလ်အဟောင်းတွေကို ဖယ်ပစ်နိုင်အောင် Moisturizer ပါဝင်တဲ့ မျက်နှာဖုံးစွပ်ကပ်ခွာကို တစ်ပတ်မှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ သုံးပေးဖို့ မမေ့သင့်ပါဘူး။


၅။ အစာစားသုံးရာမှာလည်း အရေပြားအတွက် အရေးကြီးတဲ့ အာဟာရနဲ့ ဗီတာမင်တွေပါတဲ့ Omega – 3 ရရှိနိုင်တဲ့ အစာတွေဖြစ်တဲ့ ငါးနဲ့ အစေ့တွေကို ပိုမိုစားသုံးပေးဖို့ လိုပါတယ်။ ဒီလိုစားသုံးတဲ့အစာတွေဟာ အထူးသဖြင့် သန့်ရှင်းလတ်ဆတ်နေဖို့လည်း လိုပါတယ်။


၆။ ဒါ့အပြင် အဆိုပါ အရေပြားပိုင်ရှင်တွေဟာ အသားအရေထိန်းသိမ်းမှုကို စနစ်တကျ မပြုလုပ်ခဲ့ဘူးဆိုရင် အသက် ၂၀ ကျော်မှ စတင်လို့ အရေးအကြောင်းတွေ မျက်နှာပြင်ပေါ် ထင်လာတတ်ပါတယ်။ အပေါ်ယံအရေပြားကို ပြုပြင်ပေးပြီး အရေပြားကို အစိုဓာတ်ပေးတဲ့ အလှကုန်ပစ္စည်းတွေနဲ့တင် လုံလောက်မှု မရှိပါဘူး။ အရေပြားကို ကောင်းမွန်စေတဲ့ ဗိုက်တာမင် စတဲ့ အစာအာဟာရတွေကို နေ့စဉ်ပုံမှန် မှီဝဲပေးရပါမယ်။


          အထူးသင့်လျော်တဲ့ အရေပြားထိန်းသိမ်းတဲ့ ကုန်ပစ္စည်းများကတော့

၁။ မျက်နှာသန့်စင် ဆပ်ပြာခရင်(မ်)

၂။ ခြောက်သွေ့တဲ့အရေပြားအတွက် ထုတ်လုပ်ထားတဲ့ အယ်လ်ကိုဟောဓာတ်ပါဝင်မှု မရှိတဲ့ Toner

၃။ Moisturizer

၄။ Eye Cream တစ်နေ့ နှစ်ကြိမ်

၅။ မျက်နှာဖုံးစွပ် ကပ်ခွာ တစ်ပတ်နှစ်ကြိမ်


ရှောင်ကြဉ်ရမှာတွေကတော့ (Don’t Do) -

၁။ ဆပ်ပြာအသုံးပြုပြီး မျက်နှာသန့်စင်ခြင်းမျိုး

၂။ နေပူဒဏ် မကြာခဏ ခံခြင်းမျိုး

၃။ စီးကရက်သောက်ခြင်းမျိုး

၄။ အာနိသင်ပြင်းတဲ့ အရေပြား ထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေ သုံးခြင်းမျိုးတွေကိုတော့ လုံးဝရှောင်ကြဉ်ရပါမယ်။

Credit : ဆည်းဆာညို



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18