Print

လက်သည်းနှင့် ကျန်းမာရေး အပိုင်း(၁)

  14-Aug-2019
Preview Image

          လက်သည်းဟာ လူတစ်ယောက်အတွက် ပစ္စည်းသေးသေးတွေကိုင်ဖို့၊ လိုအပ်ရင် ကုတ်ဖို့၊ ဖဲ့ဖို့အပြင် တခြားဘာတွေ အသုံးဝင်ပါသေးလဲ . . .


          လူတစ်ယောက်ရဲ့ အလှအပကို အရေပြားတို့၊ ဆံပင်တို့နည်းတူ လက်သည်း၊ ခြေသည်းကလည်း ဆွဲဆောင်မှု ရှိစေပါတယ်။ လက်သည်း၊ ခြေသည်းလေးတွေ ကော့စင်းပြီး ညီညီညာညာ၊ သပ်သပ်ရပ်ရပ်နဲ့ ပန်းရောင်လေးသန်းနေရင် လူတစ်ယောက်ရဲ့ အလှကို တိုးစေတာပါပဲ။ ဒါကြောင့် အခု ခေတ်မှာ လက်သည်းကျန်းမာလှပဖို့ လက်သည်းကို ပြုပြင်ပေးတဲ့ Nail Saloons တို့တောင် ရှိနေကြပါပြီ။


လူနာတွေ ဆေးရုံ၊ ဆေးခန်း လာပြတဲ့အခါ လက်သည်းဆိုးဆေးဆိုတာ Nail Polish သုံးခဲ့မိရင် ဆရာတို့ ဆရာဝန်တွေ မကြိုက်ကြတာ ဘာကြောင့်ပါလဲ ဆရာ . . .


          လက်သည်း၊ ခြေသည်းဆိုတာ လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ထင်ဟပ်ပြသပေးတဲ့ ပြတင်းပေါက်ပါ။ မျက်စိဟာ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားပြသတဲ့ ပြတင်းပေါက်လိုပါပဲ။ ဒါကြောင့်လူနာတွေ လက်သည်းကို ဆေးဆိုးပြီး ဖုံးကွယ်လိုက်တဲ့အခါ ရောဂါရဲ့ လက္ခဏာတို့ သဲလွန်စတို့ ရှာဖို့ ခက်သွားတာပေါ့။


လက်သည်းခြေသည်းကို စစ်ဆေးကြည့်ရှုတဲ့အခါ ဘယ်လို လက္ခဏာတွေကို ကြည့်တာလဲဆရာ . . .


          အရောင်အဆင်း Color ၊ ပုံပန်းသဏ္ဍာန် Shape နဲ့ အသွင်အပြင် Texture တွေကို အဓိကထားကြည့်ရပါတယ်။

          ဆေးပညာမှာ လူတစ်ယောက်ကို ဦးစွာစမ်းသပ်ကြည့်ရှုတဲ့အခါမှာ အရေပြား၊ ဆံပင်၊ လက်သည်း၊ အောက်မျက်ခွံလွှာ စတာတွေကို မဖြစ်မနေ ဦးစွာစစ်ဆေးကြရပါတယ်။ ဆရာဝန်တွေရဲ့ နိစ္စဓူဝ လုပ်ဆောင်နေကျ ကိစ္စပါ။


ဘယ်လိုရောဂါကြီးတွေရဲ့ ရောဂါကို သိရှိနိုင်ပါသလဲဆရာ . . .

  

        အဆုတ်၊ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ သွေးများဖြစ်တဲ့ ရောဂါတွေကအစ အာဟာရချို့တဲ့တာ၊ SLE လို့ခေါ်တဲ့ အရေပြားလေးဖက်နာ ရောဂါအထိ ရောဂါပေါင်း မြောက်များစွာရဲ့ လက္ခဏာတွေဟာလည်း လက်သည်း၊ ခြေသည်းမှာ ထင်ဟပ်ပြသတတ်ပါတယ်။ တစ်ခါတစ်လေ တစ်ခြားရောဂါကြောင့် မဟုတ်ဘဲ လက်သည်းမှာကို သူ့ဘာသာသူ ရောဂါဖြစ်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဥပမာ - လက်သည်းပွေး၊ ခြေသည်းပွေးပေါ့။


ဒါဆိုရင် ဘယ်လိုအနေအထားမှာ ဘယ်လိုရောဂါတွေ ဖြစ်နိုင်တယ်ဆိုတာ ရှင်းပြပါဦးဆရာ . . .


          စောစောကပြောသလို ဆက်စပ်နေတဲ့ ရောဂါတွေ များတာကြောင့် ဒီအပတ်မှာတော့ လက်သည်းအရောင်ပြောင်းလဲမှု Discoloration နဲ့ ပတ်သက်တဲ့ ရောဂါတွေကိုပဲ အရင်ဆုံး ဆွေးနွေးပါတယ်။

တချို့ကလူတွေမှာ လက်သည်းမှာ အဖြူစက်လေးတွေ နေရင်းထိုင်ရင်း တွေ့ရပါတယ်။ လက်သည်းပွင့်တာလို့ ပြောကြပါတယ်။ အဲဒါ ဘာလို့ဖြစ်ရတာလဲဆရာ . . .

          လက်သည်းဖြူတာကို ဆေးပညာမှာ Leukonychia (White Nails) လို့ ခေါ်ပါတယ်။ လက်သည်းတစ်ခုလုံးဖြူတာ၊ လက်သည်းတစ်ပိုင်းတစ်စ၊ လက်သည်းမှာ အဖြူစင်းတွေပေါ်တာ ဟိုတစ်ကွက်ဒီတစ်ကွက် အဖြူစက်တွေပေါ်တာ ဆိုပြီး လေးမျိုးထပ်ခွဲထားပါတယ်။

လက်သည်းပွင့်တာက နောက်ဆုံးအမျိုးအစားထဲမှာ ပါပါတယ်။ Leukonychia punctate လို့ ဆေးပညာမှာ ခေါ်ပါတယ်။ ဒီလိုလက်သည်းပွင့်တာဟာ သာမန်လူတွေမှာ ဖြစ်နေကျပါ။ တစ်ခါတလေတော့လည်း လက်သည်းကို မတော်တဆ ထိမိခိုက်မိတဲ့ အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။ လက်သည်းပွင့်တာကို တချို့က သွေးအားနည်းလို့ ဖြစ်တာလို့ ထင်ကြပါတယ်။ အမှန်တော့ သွေးအားနည်းတာနဲ့လည်း မဆိုင်ပါဘူး။


လက်သည်းမှာ အဖြူစင်းတွေ ပေါ်တာရော ဆရာ . . .


          ဒါလည်းပဲ ထိခိုက်မိရင် ဖြစ်တတ်ပါတယ်။ မျိုးရိုးလိုက်ပြီး ဖြစ်တာမျိုးလည်း ရှိပါတယ်။ သိပ်ပြီး စိုးရိမ်စရာ မရှိပါဘူး။


လက်သည်းတစ်ခုလုံး ဖြူတာ၊ ဒါမှမဟုတ် တစ်ပိုင်းတစ်စ ဖြူတာကရော ဘယ်လိုရောဂါတွေနဲ့ ပတ်သက်မှု ရှိပါသလဲဆရာ . . .

 

         မျိုးရိုးလိုက်ပြီး ဖြစ်တာမျိုး ရှိပေမယ့် နာတာရှည်ရောဂါကြီးတွေရဲ့ လက္ခဏာအဖြစ် တွေ့ရတာ များပါတယ်။ ဥပမာ - တီဘီရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ အနာကြီးရောဂါ၊ ကင်ဆာရောဂါစတဲ့ ရောဂါတွေရဲ့ ရောဂါရင့်တဲ့ လက္ခဏာအနေနဲ့ တွေ့ရနိုင်ပါတယ်။ ဆိုလိုတာက အဲဒီရောဂါကြီးတွေရဲ့ ရှေ့ပြေးကနဦး လက္ခဏာမဟုတ်ဘူး ဆိုတာပါပဲ။


လက်သည်းတွေ ဝါနေရင် ဘယ်လိုရောဂါတွေ ဖြစ်နိုင်ပါသလဲဆရာ . . .

 

         လက်သည်းဝါတာက အကြောင်းအမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် လက်သည်းခြေသည်းတွေအားလုံး ထူအန်းပြီး 20 Nails လုံး ဝါနေတယ်ဆိုရင် Yellow Nails Syndrome လို့ ခေါ်ပါတယ်။ နာတာရှည်အဆုတ်ရောဂါတစ်ခုခုနဲ့ ပတ်သက်တဲ့ ရောဂါပါ။

Credit : ဒေါက်တာ ကျော်ကျော်(အရေပြား အထူးကု)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18