Print

ဆံကေသာနှင့်ကျန်းမာရေး

  08-Aug-2019
Preview Image

 ဆံပင်ရဲ့လုပ်ငန်းဆောင်ရွက်မှုများ

          ဆံပင်ဟာ လူတစ်ယောက်အတွက် “မရှိမဖြစ် ပစ္စည်း” (Vital Organ) တော့မဟုတ်ပါဘူး။ ဒါပေမယ့် ရုပ်ရည်ရူပကာ ဆွဲဆောင်မှုမှာတော့ အခရာကျပါတယ်။ နေရောင်ခြည်ကိုလည်း ကာကွယ်ပေးတဲ့အပြင် ဦးရေရဲ့ အပူအအေးကို မျှတစေပါတယ်။ ဆံချည်မျှင်အိတ်မှာ အာရုံကြောမျှင်တွေ မြောက်မြားစွာရှိတဲ့အတွက် ဆံပင်ကတစ်ဆင့် သိမ်မွေ့နူးညံ့တဲ့အထိအတွေ့ကိုလည်း ခံစားရရှိစေပါတယ်။



          ဆံပင်တစ်ချောင်းဟာ အမြဲတမ်းကြီးတော့ ရှင်သန်ကြီးထွားနေတာမဟုတ်ပါ။ ကြီးထွားရှင်သန်တဲ့အဆင့်၊ ခေတ္တနားနေတဲ့အဆင့်နဲ့ လုံးဝရှည်ထွက်ခြင်းမရှိတော့တဲ့ဆံပင်ဆိုပြီး အဆင့်သုံးဆင့်ရှိနေတာပါ။ အကြမ်းအားဖြင့် လူတစ်ယောက်ဟာ ဦးရေဆံပင်ပေါင်း တစ်သိန်းလောက်ရှိပါတယ်။ အဲဒီတစ်သိန်းလောက်မှာ ခုနက ဆရာပြောခဲ့တဲ့ အဆင့်အမျိုးမျိုးမှာ သူ့အချိုးအစားအလိုက် ရှိနေကြတာပါ။ ကျွတ်တဲ့ဆံပင်နဲ့ အသစ်ထွက်လာတဲ့ ဆံခြည်နုတွေဟာ သံသရာလည်နေတာပါပဲ။ လူတစ်ယောက်ဟာ အကြမ်းအားဖြင့် တစ်နေ့ကို ဆံပင်ချောင်းရေ ၅၀ မှ ၁၀၀ အထိ ပုံမှန်ကျွတ်တတ်ပါတယ်။


 

ဆံပင်တွေပုံမှန်ထက် ကျွတ်ရတဲ့အကြောင်းအရင်း

          ဆံပင်ကျွတ်ရတဲ့အကြောင်းကတော့ အများကြီးပါဘဲ။ ဒီနေရာမှာတော့ အကျဉ်းချုံးပြီးတော့ ပြောပါရစေ။

          ငှက်ဖျားရောဂါ၊ အူရောင်ငန်းဖျားရောဂါစတဲ့ နာတာရှည် အပြင်းဖျားတဲ့ ရောဂါတွေမှာ ဆံပင်ကျွတ်ပါတယ်။ သွေးအားနည်းရောဂါ အပါအဝင် အာဟာရချို့တဲ့ရောဂါမှာလည်း ကျွတ်တယ်။ အကြောင်းတစ်ခုခုကြောင့် ကင်ဆာဆေးတွေ သုံးစွဲရတဲ့အခါမှာလည်း ဆံပင်တွေ သိသိသာသာကို ကျွတ်ပါတယ်။

          ဟော်မုန်းဓာတ် အပြောင်းအလဲကြောင့် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ်နှင့် သွေးဆုံးပြီးတဲ့အခါတို့မှာ ကျွတ်တတ်သလို အမျိုးသားများလည်း ထိပ်ပြောင်ပြီး ကျွတ်တတ်ပါတယ်။ အသက်အရွယ်ကြီးလာရင်လည်း ဆံပင်တွေ သိသိသာသာ ပါးလာတတ်သလို၊ စိတ်ဖိစီးမှုများရင်လည်း ဆံပင်တွေ ကျွတ်ပြန်ပါရော။ SLE ဆိုတဲ့ရောဂါတို့ ၊ လည်ပင်း အကျိတ်ရောဂါတို့ရှိရင်လည်း ဆံပင်ပါးတတ်ပါတယ်။

 



ဆံပင်မကျွတ်အောင် ကာကွယ်ရမယ့်နည်းလမ်းများ

          ဆံပင်ဆိုတာက အချိန်တန်ရင် ကျွတ်မှာပါပဲ။ ဒါပေမယ့် အချိန်မတန်ခင် ဆံပင်မကျွတ်ရအောင် တတ်နိုင်သမျှ ဂရုစိုက်ဖို့တော့လိုပါတယ်။ ဆံပင်ကျွတ်စေတဲ့ ကိစ္စတွေကို သတိထားဖို့ ၊ ရှောင်ရှားလို့ရရင် ရှောင်ရှားဖို့လိုပါတယ်။ အကြောင်းမရှိဘဲ ဆံပင်တွေ ကျွတ်ရင်၊ ပါးလာရင်လည်း ဆရာဝန်တွေနဲ့ ပြသတိုင်ပင်ဖို့ လိုပါတယ်။

          မလိုအပ်ဘဲ တချို့ဆေးတွေကို အလွန်အကျွံ သောက်တာ။ ငါးကြီးဆီလို့ အသိများတဲ့ ဗီတာမင်အေ အားဆေးတောင့် အများကြီးသောက်ရင် ဆံပင်ကျွတ်တတ်ပါတယ်။

          Androgenic Alopecia လို့ခေါ်တဲ့ နဖူးနဲ့ ငယ်ထိပ်ပြောင်ပြီး ဆံပင်ကျွတ်တာမျိုးကျတော့ ပြန်ပေါက်ဖို့ သိပ်မလွယ်ပါဘူး။ ဆေးတစ်ချို့ရှိပေမယ့် အပြည့်အဝပြန်ကောင်းနိုင်တယ်လို့ အာမ မခံနိုင်ပါဘူး။ အရေးကြီးတာက ဆံပင်ကျွတ်တာဟာ အရေးကြီးတဲ့ အခြားရောဂါကြီးတွေ (SLE တို့၊ လည်ပင်းကျိတ်ရောဂါ) နဲ့လည်း ပတ်သက်တာမို့ ဂရုစိုက်ဖို့တော့ လိုအပ်ပါတယ်။


 

ဆံပင်ကောင်းအောင်၊ သန်အောင် ပြုလုပ်ရမည့် နည်းလမ်းများ

          ဆံပင်ဟာလည်း သက်ရှိပစ္စည်းတစ်ခုဖြစ်လေတော့ သူ ရှင်သန်ဖွံ့ဖြိုးဖို့အတွက် အာဟာရလိုပါတယ်။ ဒါကြောင့် အာဟာရ မျှမျှတတ စားပေးဖို့ လိုပါတယ်။ အသားဓာတ်၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးသစ်ဥတွေ ပြည့်ပြည့်ဝဝ စားဖို့ပါပဲ။ ဆရာဝန်တွေဟာ ဆံပင်ရဲ့ အခြေအနေကိုကြည့်ပြီး လူတစ်ယောက်ရဲ့ ပင်ကိုကျန်းမာရေးကို ခန့်မှန်းတတ်ကြပါတယ်။ ဥပမာ အာဟာရချို့တဲ့သူရဲ့ ဆံပင်တွေဟာ ပါးမယ်။ မွဲခြောက်ခြောက်၊ ဖြူရော်ရော်နဲ့ အဆီမရှိသလို တွေ့ရတတ်ပါတယ်။

          ဒါကြောင့် ဗီတာမင်အီး အပါအဝင် အားဆေးတွေကလည်း လိုအပ်သလို မှီဝဲသင့်ပါတယ်။ ရေများများသောက်ပေးခြင်း၊ အားကစားလေ့ကျင့်ခန်းများ ပုံမှန်လုပ်ပေးခြင်းအားဖြင့်လည်း ဆံပင်တွေကို ကျန်းမာစေတယ်လို့ဆိုပါတယ်။


 

ခေါင်းမှန်မှန်ဖြီးဖို့တော့ လိုပါသလား . . .

          ခေါင်းမှန်မှန်ဖြီးတဲ့ဆံပင်နဲ့ တစ်ခါတစ်ရံမှ ဖြီးတဲ့ဆံပင် ကွာပါတယ်။ ခေါင်းဖြီးခြင်းအားဖြင့် ဆံကေသာဟာ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့ ကြည့်လို့ကောင်းတဲ့အပြင် ဆံခြည်နဲ့ယှဉ်တွဲနေတဲ့ အဆီအိတ်တွေကိုလည်း လှုံဆော်ပေးတာကြောင့် အဆီတွေပိုထွက်လာပြီး ဆံပင်တွေဟာ သဘာဝအတိုင်း ပိုမိုချောမွေ့ ပြောင်လက်စေတယ်လို့ သိရပါတယ်။ ဒါကြောင့်ဆံပင်ကို သင့်တော်တဲ့ဘီးနဲ့ ပုံမှန်ဖြီးပြီး သပ်ရပ်စွာ ထားသင့်ပါတယ်။

          အမျိုးသားများအတွက် သိပ်ပြီးပြဿနာမရှိပေမယ့် အမျိုးသမီးများအတွက် သူ့နေရာနဲ့သူ အသုံးပြုသင့်တဲ့ ဘီးအမျိုးအစား ဒီဇိုင်းပုံစံ အမျိုးမျိုးရှိပါတယ်။ ဒါကြောင့် ဘီးသုံးတာကအစ စနစ်တကျရှိဖို့တော့ လိုပါတယ်။



Credit : ဒေါက်တာ ကျော်ကျော်(အထူးအရေပြားအထူးကုဆရာဝန်ကြီး)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18