Print

နေရောင်ခြည်နဲ့ အရေပြား

  02-Aug-2019
Preview Image

          ခရမ်းလွန်ရောင်ခြည်မှာ A,B,C (UVA, UVB, UVC) ဆိုပြီး သုံးမျိုးရှိတယ်။ ရောင်ခြည်လှိုင်းအလျားနဲ့ ပြောရရင် UVC က အတိုဆုံး၊ UVB ကတော့ လှိုင်းအလတ်ပေါ့။ အဲဒီ သုံးမျိုးမှာ လှိုင်းအတိုဆုံးက သက်ရောက်မှုအားပိုများတယ်၊ အများဆုံးပဲ။ အရှည်ဆုံးလှိုင်းအလျားရှိ UVA ကတော့ သက်ရောက်မှု အားနည်းတယ်။ အနည်းဆုံးပေါ့။ အဲဒီသုံးမျိုးမှာပဲ UVC က အရေပြားကင်ဆာအများဆုံး ဖြစ်စေနိုင်တဲ့အထိ ဆိုးကျိုးပြင်းထန်တယ်။ UVB နဲ့ UVA ကတော့ သူ့လောက်မပြင်းဘူး။ ဒါပေမယ့် သူတို့ကလည်း ဒုက္ခပေးတာပဲ။ ဒါ့ကြောင့် လူတွေ နေပူဒဏ်ခံရတာများရင် နေလောင်ဒဏ်ကတစ်ဆင့် အရေပြားရောဂါ ပြဿနာတွေ ကြုံလာရတယ်။ အဲဒီ UVA, UVB, UVC သုံးမျိုးမှာ UVC ကို အိုဇုန်းလွှာက စုပ်ယူထားတဲ့အတွက် ကမ္ဘာမြေပေါ်ကို မရောက်နိုင်ဘူး။


          ဒါပေမယ့် UVA နှင့် UVB ကတော့ ရောက်တယ်။ အဲဒီနှစ်မျိုးမှာ UVB က Glass Window ကို မဖြတ်ဘူး။ UVA ကတော့ အခန်းထဲမှာ နေအလင်းရောင်ရှိနေရင် သူ့ရဲ့သက်ရောက်မှုကို ရှိနေတယ်။ အဲဒီ UV သုံးမျိုးစလုံးက ပြင်းအားအနည်းအများပဲ ကွာတယ်။ သူတို့ကြောင့် ထိခိုက်မှုကတော့ အားလုံးမှာရှိတယ်။ ဒါ့ကြောင့် နေပူထဲထွက်ရင်၊ ဒါမှမဟုတ် အခန်းတွင်းမှာ ရှိနေပေမယ့် နေသိပ်ပူတဲ့နေ့တွေဆိုရင် နေလောင်တာတို့၊ အသားအရေ ပူစပ်ပူလောင်ဖြစ်တာတို့ကို ခံစားကြရတာဖြစ်တယ်။ ဖြစ်ဖန်များတော့ အရေပြားပျက်စီးခြင်း၊ အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်လာတယ်။


          အရေပြား အိုမင်းရင့်ရော်ခြင်းမှာ အဓိကနှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက သဘာဝအလျောက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်ကြောင့် အိုမင်းရင့်ရော်တဲ့ Intrinsic Aging လို့ခေါ်ပါတယ်။ တစ်ပိုင်းက Extrinsic Aging ခေါ်ပြီး အဓိက နေရောင်ခြည်ကြောင့် အိုမင်းရင့်ရော်တာပဲဖြစ်တယ်။ အဲဒီနေရာမှာ နေရောင်ခြည်ကြောင့် ထိခိုက်မှုက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ပြီး အရေပြား ထိခိုက်ပျက်စီးမှုကို ဖြစ်စေတယ်။ အရေပြားမှာ အလွှာသုံးခုရှိတယ်။ အပေါ်ယံအလွှာ Epidermis၊ အလယ်လွှာ Dermis နဲ့ အောက်ဆုံးအဆီလွှာဆိုပြီး သုံးလွှာရှိတယ်။ နေရောင်ခြည်နဲ့ထိတွေ့တဲ့အခါမှာ အရေပြားအပေါ်ယံလွာကိုဖြတ်ပြီး အလယ်လွှာမှာရှိတဲ့ အမျှင်တွေက ရောင်ခြည်တွေကို စပ်ယူထားရတယ်။ အဲဒီအမျှင်တွေ တစ်ခုနဲ့တစ်ခု ယှက်နေကြတာမျိုး ဖြစ်နေတယ်။ ကြာတော့ အဲဒီ Fiber အမျှင်တွေက ပြတ်တောက်ကုန်တယ်။ ပြတ်ကုန်တဲ့ အခါကျတော့ အရေပြားက တင်းတင်းရင်းရင်း မဖြစ်တော့ဘဲ လျော့လာတယ်။ တွန့်လာတယ်။


          တချို့ နေရာတွေကျတော့ အသားအရောင်ပေးတဲ့ ဆဲလ်တွေက နေရောင်ခြည်ကြောင့် အရောင်ကို ပိုထုတ်ပေးတယ်။ ဒီအခါမှာ အရေပြားပေါ်မှာ အမည်းကွက်တွေပေါ်လာတယ်။ အဲဒီအရောင်ပေးဆဲလ်တွေထဲက တချို့ကတော့ သေသွားပြန်ရော။ ဒီအခါမှာ အရောင်ထုတ်မပေးနိုင်တော့တဲ့အတွက် အရေပြားမှာ အဖြူရောင်ကွက်တွေ ပေါ်လာတယ်။


          ဒီထက်ဆိုးရင် အရေပြားရဲ့ ပုံမှန် ဇီဝဖြစ်စဉ်တွေ ပျက်စီးမယ်၊ မလိုလားအပ်တဲ့ ဆဲလ်အသစ်တွေ ပွားများလာပြီး အရေပြားကင်ဆာအဆင့်အထိ ဖြစ်နိုင်တယ်။ အရေပြားကင်ဆာဖြစ်နိုင်တဲ့သူတွေက များသောအားဖြင့် နေလောင်လွယ်တဲ့ Sun Burn ရလွယ်တဲ့ အသားဖြူတဲ့ လူမျိုးတွေ၊ ကျေးလက်ဒေသက လူမျိုးတွေပေါ့။ အာရှတိုက်ကလူမျိုးတွေကတော့ Sun Burn ရဖို့ သိပ်မလွယ်ကြဖူး။ သူတို့ကျတော့ နေရောင်ကြောင့် ထိခိုက်မှုကို ပြန်ပြုပြင်နိုင်တဲ့ Tan ရလွယ်တဲ့လူမျိုးတွေ ဖြစ်တယ်။ Sun Burn ရတဲ့သူတွေက အသားတွေရဲလာတတ်တယ်။ Tan ရတဲ့သူတွေကျတော့ မရဲဘဲမည်းသွားတတ်တယ်။ ကျွန်တော်တို့ သင်္ကြန်နေပူထဲ ရေကစားတာမျိုး၊ ချောင်းသာမှာ ရေကူးတာမျိုးတွေ ကြောင့် အသားတွေမည်းသွားတဲ့ သဘောပေါ့။


          ဒါ့ကြောင့် အာရှသာမက ကမ္ဘာအရပ်ရပ်နဲ့ယှဉ်ရင် သြစတြေးလျမှာ အရေပြားကင်ဆာဖြစ်ပွားမှုနှုန်း အများဆုံး ဖြစ်နေတာကို တွေ့ရတယ်။

          အဲဒီလိုနေရောင်ခြည်ကနေ ရရှိနိုင်တဲ့ အရေပြားထိခိုက်ပျက်စီးမှုတွေ များလာတော့ ကာကွယ်ဖို့အတွက် တီထွင်ထုတ်လုပ်မှုတွေ ရှိလာတယ်။ လူနေမှုအဆင့်တွေမြင့်လာတာနဲ့အမျှ အရေပြားဆရာဝန်ကိုလည်း အရင်က ကာလသားရောဂါကုတဲ့ သူတွေဆိုတာသိထားရာကနေ ပိုပြီးနားလည်လက်ခံလာတာ တွေ့ရပါတယ်။ နောက်တစ်ခါ UV Rays တွေကနေ ကာကွယ်နိုင်ဖို့အတွက် အလှကုန်တွေမှာ တွဲဖက်လို့ပဲဖြစ်ဖြစ်၊ သီးခြားထုတ်လုပ်လို့ပဲဖြစ်ဖြစ် UV Protection ဆိုပြီး ခရင်မ်တွေ၊ လိုးရှင်းတွေ ထုတ်လုပ်လာကြတယ်။ ဒီနေရာမှာ UV Protection ဆိုတိုင်း အသုံးပြုသင့်သလားဆိုတာကို ဆွေးနွေးတင်ပြချင်ပါတယ်။


          အရေပြား ဆရာဝန်တစ်ယောက်အနေနဲ့ UV Protection ဆိုတိုင်း လက်မခံနိုင်ပါဘူး။ အသုံးပြုမယ့် ပစ္စည်းအပေါ်မှာ SPF 15, SPF 20 အစရှိတဲ့ ခံနိုင်ရည်အဆပမာဏပြတဲ့ သင်္ကေတပါဖို့လိုပါတယ်။ ဒါကိုလည်း ဒီမှာရှိတဲ့ စမ်းသပ်ခွင့်ပြုချက်တွေနဲ့ ခွင့်ပြုထားတာမျိုးက ပိုစိတ်ချရပါတယ်။ အဲဒီ SPF (Sun Protective Factor) ဆိုတာက UV ကာကွယ်နိုင်မှုကို ပြတယ်ဆိုပေမယ့် ရာနှုန်းပြည့်တော့ မကာကွယ်နိုင်ဘူးဆိုတာ သိထားရပါမယ်။ SPF ဆိုတာက နေရောင်ကြောင့် တစ်မိနစ်အကြာမှာ Sun Burn ရတယ်ဆိုပါစို့။ SPF 15 ကို လိမ်းထားတဲ့အတွက် ၁၅ မိနစ်ကြာမှ Sun Burn ရမယ်လို့ဆိုတာပါပဲ။


          ဒီတော့ ရာနှုန်းပြည့်မကာကွယ်နိုင်ဘူးဆိုရင် ပိုလိမ်းရင် မကောင်းဘူးလားလို့ မေးစရာရှိတယ်။ ဥပမာ UV – 70 လိုမျိုးပေါ့။ ဒါက နေရာဒေသ၊ ရာသီဥတုအခြေအနေပေါ်မှာ မူတည်တယ်။ တကယ်တော့ အဲဒီ SPF တွေက နေရောင်ကို စစ်ထားတဲ့သဘောမျိုး၊ အပေါ်မှာ UV တွေ တင်ကျန်တဲ့သဘောရှိတယ်၊ ပူတဲ့သဘောရှိတယ်။ မလိုအပ်ဘဲ ပိုလိမ်းရင် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်။ ဒါပေမယ့် တစ်ခုတစ်ရံ သင်္ကြန်ရေကစားတာမျိုး၊ ချောင်းသာသွားတာမျိုးမှာ တော့ လိမ်းသင့်ပါတယ်။ နောက်တစ်ခု ပင်လယ်ရေမျက်နှာပြင်ထက် ပိုမြင့်တဲ့၊ နေနဲ့ပိုနီးတဲ့ တောင်ပေါ်ဒေသမျိုးတွေမှာလည်း လိမ်းလို့ရပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ပုံမှန်အားဖြင့် SPF 15၊ SPF 20 လောက်ဆိုရင် လုံလောက်ပါပြီ။


          နောက်တစ်ခါ လိမ်းတဲ့နေရာမှာ နေပူထဲမထွက်ခင် ၁၅ မိနစ်လောက် ကြိုလိမ်းဖို့လည်း လိုပါတယ်။ Skin Care တွေက လိမ်းပြီးပြီးချင်း Action ရတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် နေပူထဲမထွက်ခင် ၁၅ မိနစ်လောက် ကြိုလိမ်းသင့်တယ်။ အဲဒီ Lotion တွေဟာ နေရောင်နဲ့ ထိတဲ့အခါ ရေခဲမုန့်လိုပဲ ပျော်ပျက်သွားတဲ့ သဘောရှိတယ်။ ဒါကြောင့် ဘယ်လို Lotion ကိုပဲ လိမ်းလိမ်း မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ် နှစ်ကြိမ်လောက် လိမ်းသင့်ပါတယ်။


          အချုပ်ပြောရရင် ရုံးတွင်းမှာ အလုပ်လုပ်ရတဲ့ လူမျိုးတွေအတွက် UV 15 လောက်ဆိုရင် လုံလောက်ပါတယ်။ နေရောင်ထိတွေ့မှုများတဲ့ အပြင်ထွက်များတဲ့ သူတွေအတွက် နေကာလိမ်းဆေးအပြင် ထီးဆိုရင် အရောင်ရင့်ရင့်ဆောင်းတာမျိုး၊ အကျီ ၤဆိုရင် အရောင်နုနု၊ ပွပွလက်ရှည်ဝတ်တာမျိုး၊ ဦးထုပ်ဆိုရင် အနားပတ် အဝိုင်းကြီးကြီး ပါတာမျိုးတွေကို ဆောင်းပြီး သွားလာလုပ်ကိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။


Credit : ဒေါက်တာ စိုးဝင်းဦး(အရေပြားအထူးကု ဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18