Print

သင့်အရေပြားနဲ့ဆရာဝန်

  29-Jul-2019
Preview Image

          အရေပြားဆိုတာ သင့်ခန္ဓာကိုယ်ရဲ့ အဂါၤတစ်ခု ဖြစ်တယ်ဆိုတာကို သိပါသလား။ ဟုတ်ပါတယ်။ တကယ်တော့ အရေပြားဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အဂါၤအစိတ်အပိုင်းဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်ကို တစ်ချိန်လုံး တောက်လျှောက် မရပ်မနား စောင့်ရှောက်မှုပေးနေတာလည်း ဖြစ်တယ်။ သူရဲ့အဓိက တာဝန်က အကာအရံသဖွယ် ခန္ဓာကိုယ်အတွင်းပိုင်း အဂါၤအစိတ်အပိုင်းတွေကို ပြင်ပဒဏ်၊ ပိုးမွှား စသည်တို့မှ တားဆီးပေးရေးဖြစ်တယ်။ ပြင်ပဝန်းကျင်ရဲ့ နေဒဏ်၊ လေဒဏ်၊ အပူဒဏ်၊ ခြောက်သွေ့မှုဒဏ်၊ ရာသီဥတုဒဏ်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုဒဏ်၊ ဆေးလိပ်ငွေ့ဒဏ်စတဲ့ ပြင်ပဒဏ်မျိုးစုံကို အရင်ဆုံး ထိပ်တိုက်တွေ့ပြီး ခန္ဓာကိုယ်တွင်းကို အန္တရာယ်မရှိအောင် ကာကွယ်ပေးနေပါတယ်။ နောက်ထပ် တာဝန်တစ်ခုကတော့ ခန္ဓာကိုယ်အပူချိန်ကို တစ်သမတ်တည်း ရှိနေအောင် ထိန်းညှိပေးခြင်းဖြစ်တယ်။ အေးလာရင် ပူအောင်လုပ်ပေးပြီး ပူလာရင် ချွေးထွက်ပေးခြင်း စသည်ဖြင့် အေးအောင် ပြန်လုပ်ပေးရပါတယ်။ အရေပြားဟာ သင့်ကျန်းမာရေးရဲ့ ပြတင်းပေါက်လည်း ဖြစ်တယ်။ တခြားအဂါၤအားလုံးနဲ့ အရေပြားဟာ ဆက်သွယ်လျက်ရှိနေတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်းမှာ ဇီဝကမ္မ ဖြစ်စဉ်မှားယွင်းမှု၊ ရောဂါစတာတွေ ဖြစ်လာရင် သင့်အရေပြားမှာ လက္ခဏာပေါ်လာနိုင်တယ်။ ဒါဟာလည်း အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ လူတစ်ဦးချင်းစီရဲ့ အသွင်အပြင် ကြည့်လို့ကောင်းအောင်လည်း အရေပြားက အလွန်အရေးပါနေပြန်ရော။


          အရေပြားကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းအားဖြင့် သူ့ကို ကူညီရာရောက်သလို သင်လည်း နုပျိုကျန်းမာတဲ့ အသွင်အပြင် ရှိနေမှာပါ။ ဒါဆိုရင် ခန္ဓာကိုယ်အတွက် သင့်အရေပြားဟာ အရေးကြီးတယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒီလိုအရေးကြီးတဲ့ အရေပြားမှာ ရောဂါ၊ ပြဿနာတစ်ခုခု ကြုံလာခဲ့ရင် ဆွေးနွေးမှု၊ အကြံဉာဏ်တောင်းမှု ၊ ပြသမှုများ ပြုလုပ်သင့်တဲ့ ကျွမ်းကျင်သူက အရေပြားဆရာဝန် ဖြစ်ပါတယ်။


          အရေပြားဆရာဝန်ဆိုတာ အရေပြားဆံပင်၊ လက်သည်း၊ ခြေသည်းတွေမှာ ဖြစ်တဲ့ ပြဿနာ၊ ရောဂါတွေအတွက် ဆေးကုသမှု၊ ခွဲစိတ်ကုသမှုတွေ အပြင် အလှအပဆိုင်ရာ ကုသမှု၊ အကြံပေးမှုတွေကို ပြုလုပ်ပေးသူဖြစ်ပါတယ်။ အရေပြားဆရာဝန်ထံမှာ သင့်အရေပြားအတွက် လိုအပ်သော စောင့်ရှောက်မှု၊ ကုသမှုတွေကို နည်းလမ်းအမျိုးမျိုးဖြင့် ရရှိနိုင်ပါတယ်။


          အရေပြားဆရာဝန်ဟာ သင့်တစ်ကိုယ်လုံး အရေပြားရဲ့ရောဂါ၊ ပြဿနာတွေကို ရှာဖွေ၊ စစ်ဆေး၊ ရောဂါသတ်မှတ်၊ လိမ်းဆေးသောက်ဆေးများဖြင့် ကုသမှုပေးသူ ဖြစ်ပါတယ်။ အရေပြားဆရာဝန်ဟာ သင့်အရေပြားရဲ့ နေဒဏ်၊ လေဒဏ်၊ ရာသီဒဏ်ကြောင့် အိုမင်းရင့်ရော်မှု၊ ထိခိုက်မှုတွေ လျော့ပါးအောင် ကာကွယ်ရာမှာ ကူညီပေးသူဖြစ်ပါတယ်။ အရေပြားဆရာဝန်ဟာ အရေပြား အသားပို အဖုအကျိတ်၊ ကင်ဆာ၊ မှဲ့၊ ကြွက်နို့ စတာတွေကို လိုအပ်သလို အသားစယူခြင်း ၊ ခွဲစိတ်ကုသခြင်းများ ပြုလုပ်ပေးသူ ဖြစ်ပါတယ်။


အရေပြားဆရာဝန်ဟာ ဝက်ခြံ၊ တင်းတိပ်၊ အရေပြားတွန့်ခြင်း၊ နေလောင်ကွက်၊ မလိုအပ်သော အမွှေးအမျှင်များ၊ အသားအရေ မညီခြင်းစတဲ့ အလှအပ ပြဿနာတွေကို အကြံပေးခြင်း၊ ဆေးလိမ်းခြင်း၊ လေဆာဖြင့် ကုသခြင်းများ ပြုလုပ်ပေးသူဖြစ်ပါတယ်။


          ယနေ့ အရေပြားဆရာဝန်တစ်ယောက်အနေနဲ့ အများဆုံးကုသမှု ပေးနေရတဲ့ ရောဂါတချို့ကတော့ ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်၊ အရေပြားအိုမင်းခြင်းနဲ့ အလှအပပြဿနာများ၊ ရေယုန်၊ ဆံပင်ကျွတ်ခြင်း၊ အလာဂျီ အင်ပျဉ်ထခြင်း၊ ခြေသည်းလက်သည်းပြဿနာများ၊ ခန္ဓာကိုယ်ယားယံခြင်း၊ ဆိုရီရေးစစ် ခေါ် အရေပြားအသား တက်မြန်ခြင်း၊ ကြွက်နို့ များ၊ ယားနာအမျိုးမျိုး၊ ပွေး၊ ဝဲ၊ ညှင်း၊ ခရုသင်း စသည်တို့ ဖြစ်ပါတယ်။


          အလျဉ်းသင့်လို့ မကြာခဏ အမေးခံရတဲ့ မေးခွန်းတချို့ ဖြေချင်ပါတယ်။ အနာကြီးဆရာဝန်နဲ့ အရေပြားဆရာဝန်အတူတူပဲလား။ ကာလသားဆရာဝန်နဲ့ အရေပြားဆရာဝန်တူသလား ဆိုတာပါ။ နိုင်ငံတကာ မှတ်တမ်းတင်ထားသော အလွန်အဖြစ်များ၊ အလွန်အဖြစ်ရှား ရောဂါများအပါအဝင် အရေပြားရောဂါအမျိုးပေါင်း ၂၀၀၀ ကျော်ရှိပါတယ်။ အနာကြီးရောဂါဟာ အဲဒါတွေထဲက တစ်ခုပါ။ ဒါကြောင့် အနာကြီးဆရာဝန်နဲ့ အရေပြားဆရာဝန်ကွဲပြားမှု ရှိပါတယ်။ ကာလသားရောဂါတော်တော်များများဟာ အရေပြားမှာ လက္ခဏာပြပါတယ်။ ဒါကြောင့် အရေပြားဆရာဝန်ဟာ ကာလသားရောဂါများကိုလည်း လေ့လာထားရပါတယ်။ ဒါကြောင့် ကာလသားရောဂါအတွက် ကာလသားရောဂါဆရာဝန်နဲ့ မပြသနိုင်ရင် အရေပြားဆရာဝန်နဲ့ ပြသဆွေးနွေးနိုင်ပါတယ်။


          အရေပြား ထိန်းသိမ်းမှုကို အကျဉ်းမျှ တင်ပြပါရစေ။ အရေပြားဟာ ပုံမှန်သန့်ရှင်းမှု လိုပါတယ်။ ရေနဲ့ ဆပ်ပြာသုံးပြီး မှန်မှန်နဲ့ အသာအယာ ဆေးကြောပေးရပါမယ်။ ပြင်းသော ဆပ်ပြာများ ချေးချွတ်ဆေးများ မသုံးသင့်ပါ။ ဆပ်ပြာပြင်းပြင်းသုံးရင် အရေပြားခြောက်စေပါတယ်။ ခြောက်ရင် အရေပြားကွဲအက်လာပြီး ပိုးဝင်ခြင်းစတဲ့ နောက်ဆက်တွဲပြဿနာများ ဆက်တိုက်ဖြစ်တတ်ပါတယ်။ ဆေးကြောပြီးပါက ရေဓာတ်ထိန်း Skin Moisturizer ခရင်(မ်) လိုးရှင်းပြန်လိမ်းသင့်ပါတယ်။ အရေပြားအိုမင်းခြင်းရဲ့အဓိကလက်သည်က ခရမ်းလွန်ရောင်ခြည်ဖြစ်တာကြောင့် နေကာခရင်(မ်) ပုံမှန်လိမ်းသင့်ပါတယ်။ နောက်နေရောင်ခဏ်ခံရမှု လျော့ပါးအောင် ထီး၊ ဦးထုပ်၊ အရောင်ဖျော့ အဝတ်အထည်များကို သုံးသင့်ပါတယ်။


          လက်၊ ခြေတွေက အရေပြားဟာ ပုံမှန်ထက် ပိုထူပြီး အမြဲထိတွေ့မှု ဒဏ်ရှိတာကြောင့် ကာကွယ်မှုပေးရပါတယ်။ ဒါကြောင့်ပန်းကန်ဆေးခြင်း၊ ဓာတုပစ္စည်းများကိုင်တွယ်ခြင်း စတာတွေအတွက် လက်အိတ်စသည် သုံးသင့်ပါတယ်။ အရေပြားမှာ မှဲ့ပုံစံပြောင်းလာခြင်း၊ အသားပိုထွက်လာခြင်း၊ အရောင်အကွက်ထလာခြင်းတွေ ဖြစ်လာရင် အမြန်ဆုံးဆွေးနွေးမှု ပြုလုပ်သင့်ပါတယ်။

          ပျက်ဆီးသွားတဲ့ အသားအရေအတွက် အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်သော လိမ်းဆေးများ အသုံးပြုပြီး အသားအရေ ထိန်းသိမ်းမှု Skin Care ပြုလုပ်နိုင်ပါတယ်။

          “ကျန်းမာသန့်ရှင်းတဲ့ အရေပြားကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရစေမှာပါ”

Credit : ဒေါက်တာ စိုးဝင်းဦး(အရေပြားအထူးကု ဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18