Print

မိုးနဲ့ ပွေး၊ ဒက်မှို

  30-Jun-2019
Preview Image

          နွေရာသီကနေ မိုးရာသီရောက်သောအခါ ၊ ပတ်ဝန်းကျင်အပူချိန်၊ စိုထိုင်းဆ၊ လေထုပြောင်းလဲမှုဒဏ်ကို အရေပြားက ခံစားရပါတယ်။ တီနီယာ (Tinea) မှိုပိုးကြောင့် ဖြစ်သော ပွေး၊ ဒက်အရေပြား ရောဂါများသည် ရာသီမရွေးဖြစ်ပွားနိုင်သော်လည်း မိုးရာသီတွင်ပိုပြီး အဖြစ်များပါတယ်။ ပွေး၊ ဒက် ဖြစ်စေတဲ့ မှိုပိုးတွေက အရေပြားရဲ့ အပေါ်ယံမှာရှိတဲ့ ဆဲလ်သေတွေပေါ်ကို ဖောက်ဝင်ပြီး၊ ရှင်သန်နိုင်ကြပါတယ်။


ပွေး၊ ဒက် မှို ဖြစ်စေသော အကြောင်းရင်း

          ဒီမှိုပိုးတွေက မိုးရာသီရဲ့ ပူနွေးစိုစွတ်ချိန်မှာ ပိုမိုရှင်သန်ပေါက်ပွား တတ်သောကြောင့် ပွေး၊ ဒက်ရောဂါကို မိုးရာသီမှာ ပိုအတွေ့များခြင်း ဖြစ်ပါတယ်။ ဒီမှိုပိုးက အရေပြား၊ ဦးရေပြားနဲ့ လက်သည်း၊ ခြေသည်းတွေမှာ ရှင်သန်ပြီး၊ ထိုမှိုပိုးကြောင့် အရေပြား ရောဂါဖြစ်စေပါတယ်။ တာရှည်မှိုပိုးရောဂါဖြစ်တဲ့အခါ ၊ အရေပြား၊ လက်သည်း၊ ခြေသည်း နဲ့ ဆံပင်တွေကို ထိခိုက်စေပါတယ်။


ပွေး၊ ဒက် မှို ကူးဆက်ပုံ

          ပွေး၊ ဒက် မှိုပိုးကြောင့် ဖြစ်တတ်သော အရေပြားရောဂါများသည် ကူးစက်တတ်ပါတယ်။ ကူးစက်ပုံများမှာ - ရောဂါပိုးရှိသူ၏ အရေပြားကို တိုက်ရိုက် ထိတွေ့ခြင်း၊ ရောဂါပိုးရှိသူ၏ အသုံးအဆောင် (ဥပမာ - ခေါင်းရိတ်ဓား၊ ဘီး၊ အဝတ်အစားများ စသည်) ဗီဒို၊ တံခါးလက်ကိုင်များကို ထိတွေ့ြ့ခင်း။ ဖိနပ်၊ ခြေစွပ် မိုးစိုသော်လည်း တာရှည်ထားခြင်း။ ပွေး၊ ဒက် ရောဂါပိုးရှိသော အိမ်မွေးတိရစ္ဆာန်၊ ရေကူးကန်ကြမ်းပြင်များနှင့် ထိတွေ့ခြင်း၊ ဖိနပ်မပါဘဲ လမ်းလျှောက်ခြင်း၊ ကစားခြင်း၊ ခြေထောက် မိုးစိုသော်လည်း ခြေထောက်သေသေချာချာမဆေးခြင်း၊ မိမိဘာသာ ရောဂါပိုးရှိသော နေရာကို ပွေး၊ ဒက်ပေါက်နေသောနေရာကို ထိကိုင်၊ ကုတ်ခြစ်ရာမှ မိမိကိုယ်ကို ပြန်ကူးစက်တတ်ခြင်းတို့ ဖြစ်သည်။


အရေပြား ပွေး၊ ဒက် မှိုကြောင့် ဖြစ်သော အရေပြား ရောဂါများမှာ

          ပွေး - အနီရောင် အကွင်းအဝိုင်းလေးများအဖြစ် မြင်နိုင်ပါတယ်။ ရောဂါရဲ့ ဘေးအနားသတ် ထူနေပြီး ၊ အကြေးခွံလေးများ ဖြစ်နေပါတယ်။ ပွေးကြောင့် ယားယံခြင်း၊ အရေပြား နီမြန်းခြင်း၊ အကြေးခွံလေးများ ဖြစ်ခြင်း၊ အကွင်း၊ အဝိုင်းပုံစံလေးများ ဖြစ်ခြင်း၊ ပေါင်ကြား ၊ ဂျိုင်းကြား လို အရေပြားထိကပ်နေတဲ့နေရာများ (ဥပမာ - ချိုင်း၊ ပေါင်ခြံ ၊ ခြေချောင်ကြား) မှ အရေပြားသည် ချွေး၊ မိုးရေ စိုစွတ်နေသောအခါ၊ ယားယံခြင်း၊ ပွန်းခြင်း၊ ကုတ်မိသော် အနာဖြစ်ခြင်းများဖြစ်တတ်ပါတယ်။ ပွေးသည် ခြေဖဝါး၊ လက်ဖဝါး၊ ကိုယ်၊ ခြေလက်စသည့် တစ်ကိုယ်လုံးနေရာအနှံ့တွင် ဖြစ်တတ်ပါတယ်။

 

         သဲဝဲ ရေဝဲ - ခြေချောင်း၊ လက်ချောင်းများကြားတွင် မှိုပိုးဝင်သော ရောဂါဖြစ်ပါတယ်။ ခြေချောင်လေးများ ထိကပ်နေသော နေရာများတွင် ဖြစ်တတ်ပါတယ်။ ခြေချောင်၊ လက်ချောင်းကြားတွင် နီရဲ၊ ပွန်းခြင်း၊ အရည်စိုထွက်ခြင်း၊ အရေပြားပက်ကြားအက်ခြင်း၊ ရည်ကြည်ဖုဖြစ်ခြင်းများ ဖြစ်တတ်ပါတယ်။ (ရေကိုင်၊ ဆပ်ပြာကိုင်များသော သူများ၊ ဗွက်၊ မိုးရေ စိမ်သော သူများတွင်လည်း ခြေ၊ လက်များမှာ သဲဝဲ၊ ရေဝဲ စားတတ်ပါတယ်။)


          ဒက်-မှိုပိုး ကူးစက်ထားသော လက်သည်းဖြင့် ခေါင်းကို ကုတ်မိပါက ဦးရေပြား မှိုပိုးဝင်တတ်ပါတယ်။ ဦးရေပြားပေါ် ဒက်ပေါက်တဲ့အခါ အကြေးခွံလေးများ ကပ်နေသော အနီရောင် အဖု၊ အနီပြင်လေးတွေ ကို တွေ့တတ်ပါတယ်။ တစ်ခါတစ်ရံ ရောင်ကိုင်းဖောင်းမို့နေပြီး ၊ ဆံပင်ကျွတ်လွယ်ခြင်း၊ ဆံပင် ကွက်ကျွတ်သွားခြင်းကိုလည်း တွေ့တတ်ပါတယ်။

          လက်သည်၊ ခြေသည်း မှိုပိုး - သဲဝဲ၊ ရေဝဲကို သေသေချာချာ မကုသလျှင်၊ မိုးရေ၊ရေစို ၊ ရေစိမ် များလျှင် ဖြစ်တတ်ပါတယ်။ လက်သည်း၊ ခြေသည်းနား အရေပြားမှာ ပွေးမှို ရောဂါ ကူးစက်ခံရတဲ့အခါ လက်သည်းခြေသည်း မှိုစွဲပြီး လက်သည်းခြေသည်း အရောင်ပြောင်းခြင်း၊ ထူလာခြင်း၊ ပဲ့ထွက်ခြင်း၊ ပုံပျက်ခြင်း၊ ကျွတ်ဆတ်ခြင်း၊ ရုပ်ဆိုးခြင်းတို့ကို ဖြစ်စေပါတယ်။


နောက်ဆက်တွဲ ဆိုးကျိုးများ

          ပွေး၊ ဒက်မှိုပိုးကို မကုသပဲ ထားလျှင် ဘက်တီးရီးယားရောဂါပိုးဝင်ပြီး ပြည်တည်ခြင်း၊ အရေပြားယားသောကြောင့် ကုတ်ရာမှ အရေပြားရောင်ရမ်းကာ နှင်းခူစွဲခြင်း၊ အရေပြားကို ကုတ်ရာမှ ထိခိုက်သောကြောင့် အရေပြား အရောင်ပြောင်းသွားခြင်း၊ အနာရွတ်ဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်းဖြစ်တတ်ပြီး၊ ရောင်ရမ်းမှု ပြင်းထန်ပါက ဆံပင် ပြန်မပေါက်တတ်ခြင်းတို့ ဖြစ်ပါတယ်။


မိုးရာသီမှာ မှိုပိုးရောဂါအား အထူးသတိထား သင့်သောသူများ

          ဆီးချို၊ သွေးချို ရောဂါရှိသူများ၊ ကိုယ်ခံစွမ်းအားကျသူများ၊ ကလေးငယ်နှင့် အသက်ကြီးသောသူများ၊ မိုးရေထဲ ကြာရှည် အလုပ်လုပ်သူများ၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုမစိုက်သူများသည် ပွေး၊ ဒက်မှို ကူးစက်လွယ်သူများ ဖြစ်ပါတယ်။ လူစုဝေးနေသော နေရာများဖြစ်သည့် စာသင်ကျောင်းများ၊ အဆောင်များသည်လည်း မှိုကူးစက်နိုင်သော နေရာများဖြစ်ပါတယ်။


ကုသနည်းများ

          မှို ပိုးဆန့်ကျင် လိမ်းဆေးများ၊ စားဆေးများ၊ အယားပျောက်ဆေးများနှင့် ကုသနိုင်သည်။ စနစ်တကျ ကုသလျှင် မှိုပိုးရောဂါသည် လုံးဝပျောက်ကင်းသော ရောဂါမျိုးဖြစ်ပါသည်။


ကာကွယ်နည်းများ

          မိုးစို၊ ချွေးစိုပါက ကြက်သီးနွေးမျှ ပူနွေးသော ရေဖြင့် ရေချိုးပါ၊ ရေချိုးပြီးသည်နှင့် လက်ချောင်း၊ ခြေချောင်းကြား၊ ဆံပင်နှင့် အရေပြားတို့အား ခြောက်သွေ့အောင် ပြုလုပ်ပါ။ ခြောက်သွေ့သော အဝတ်အစားများ ချက်ချင်းလဲပါ။


          ဖိနပ်-မိုးစိုခံ ဖိနပ်များ စီးပါ။ (ကြပ် သိပ်ပိတ်နေသော ဖိနပ်များထက် မိုးတွင်းစီး ရေစိုခံ ညှပ်ဖိနပ်မျိုးက ပိုသင့်တော်ပါသည်။ မိုးရွာထဲ ခြေဗလာဖြင့် လမ်းမလျှောက်သင့်ပါ။)


          ဆံပင် - ဆံပင်ကို မိုးစိုနေစဉ် မချည်နှောင်သင့်ပါ။ (ခေါင်းမှန်မှန်လျှော်ရမည်။ မိုးစိုနေသော ဆံပင်သည် မှိုပိုးများ၊ ဗောက်များ၊ ယားယံခြင်းများကို ဖြစ်စေတတ်သော ကြောင့် မိုးတွင်းတွင် ဆံပင် ခြောက်သွေ့စေရန် သတိထားရမည်။)


          နေ့စဉ် ပုံမှန် ရေချိုးပါ။ တစ်ကိုယ်ရေနှင့်အရေပြား - သန့်ရှင်းရေးဂရုစိုက်ပါ။ သန့်ရှင်းသော ရေလုံလောက်အောင် သောက်ပါ။ လတ်ဆတ်သော ဟင်းသီးဟင်းရွက် များကိုစားပါ။ မိုးတိမ်ထူနေသော်လည်း နေရောင်သည် အန္တရာယ်ပြုနိုင်စွမ်းရှိသောကြောင့် နေရောင်ကို ဂရုစိုက်ကာကွယ်ပါ။ (အပြင်ထွက်လျှင် နေရောင်ကာခရင်မ်၊ ထီး၊ မျက်မှန်၊ သုံးရမည်။


          လက်ဝတ်ရတနာများ - သန့်ရှင်းရေးကို ဂရုစိုက်ပါ။ (မိုးရာသီသည် တုန့်ပြန်လွယ်သော အရေပြား ရောဂါများကို ဖြစ်စေသည်။ အရေပြားယားယံစေသည်။ အထူးသဖြင့် ကိုယ်တွင် ကပ်ကာ ဝတ်ဆင်ရသော ဆွဲကြိုး၊ လက်ကောက်စသည်တို့၏ သန့်ရှင်းရေးကို ဂရုစိုက်ရမည်။ )

 

         မျက်နှာသုတ်ပုဝါ၊ ဘီး၊ အဝတ်အစားစသော အသုံးအဆောင်ပစ္စည်းများ သီးသန့် သုံးစွဲပါ။ (မှိုပိုးရောဂါရှိသူများနှင့် အတူသုံးစွဲပါက ထိတွေ့ခြင်းဖြင့် ရောဂါကူးစက်တတ်သည်။)

          လက်သေသေချာချာ ဆေးကြောပါ။ (လက်သည် မှိုပိုးရှိသော နေရာများကို ထိတွေ့ထားပါက ကူးစက်စေတတသည်။) အရေပြားကို မိမိဘာသာ မှန်မှန်စစ်ဆေးပါ။

          အရေပြားတွင် ပုံမှန်မဟုတ်သော ပြောင်းလဲခြင်းရှိပါက စောစော ဆေးကုသမှု ခံယူပါ။


အထူးသတိပေးလိုသည်မှာ -

          မိုးရာသီတွင် အဖြစ်များတတ်သော အရေပြား ပွေး၊ ဒက်မှို စွဲသော ရောဂါများ သည် ကာကွယ်နိုင်ပါသည်။ ထို့ကြောင့် တစ်ကိုယရေ သန့်ရှင်းရေးကို အထူးဂရုစိုက်ကြစေလိုပါသည်။

Credit : ဒေါက်တာ မြတ်စန္ဒာကျော်(အရေပြား အထူးကု အတိုင်ပင်ခံဆရာဝန်ကြီး)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18