Print

ယားနေတာဘဲ… ဘာပွေးလဲ…

  07-Jun-2019
Preview Image

အရေပြားဆေးခန်းများသို့ လာရောက်ကုသခံကြသော လူနာများကို လေ့လာကြည့်ပါက ပွေးရောဂါမှာ နှင်းခူရောဂါပြီးလျှင် ဒုတိယအများဆုံးတွေ့ရသော ရောဂါတစ်ခုဖြစ်သည်ကို တွေ့နိုင်ပါသည်။ သို့သော်လည်း ပိုးမွှားတို့ကြောင့်ဖြစ်ရပြီး ကူးစက်နိုင်သော အရေပြားရောဂါများ အနက်တွင်မူ အဖြစ်အများဆုံးသော ရောဂါတစ်ခု ဖြစ်ပါသည်။


          အသက်အရွယ်မရွေး ဖြစ်နိုင်ကြသော်လည်း ကလေးငယ်များတွင် အဖြစ်နည်းကြပါသည်။ အရွယ်ရောက်ပြီးသူများတွင်မူ အမျိုးသားများက ပို၍ဖြစ်ပွားကြပါသည်။ အန္တရာယ်မရှိသော်လည်း ပိုးမွှားတို့ကြောင့် ဖြစ်ရသော ရောဂါနှင့်အညီ တစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ကြပါသည်။ ထို့အပြင် ပွေးရောဂါကို လူအများစုက တစ်ကိုယ်ရေသန့်ရှင်းမှုနည်းပါး၍ ဖြစ်ရသော ရောဂါဟု ယူဆထားကြရာမှ လူအများ မြင်တွေ့နိုင်သော နေရာများဖြစ်ပါက ပေါင်းသင်း ဆက်ဆံရေးထိခိုက် နိုင်ပါသည်။


          လူတို့တွင် ပွေးရောဂါ ဖြစ်စေနိုင်သော မှိုပိုးရောဂါတို့ကို အကြမ်းအားဖြင့် အုပ်စုသုံးခု ခွဲခြားနိုင်ပါသည်။ မြေကြီး၊ အပင် များတွင် ပုံမှန် နေထိုင်သော မှိုပိုးတို့မှ ပွေးရောဂါ ဖြစ်ကြရခြင်းမှာ ပိုးရှိနေသော မြေကြီးအရွက်တို့နှင့် အရေပြား ထိတွေ့မိရာမှ ရောဂါဖြစ်ရခြင်းဖြစ်ပါသည်။ တချို့မှာမူ မွေးမြူရေးတိရစ္ဆာန်များ ဖြစ်ကြသော ကျွဲ၊ နွား၊ မြင်း၊ ဆိတ် အစရှိသည့် တိရစ္ဆာန်များပေါ် ပုံမှန်နေထိုင်ကြပြီး ထို တိရစ္ဆာန်တို့၏ အရေပြားနှင့်လည်းကောင်း ၊ အမွေးအမျှင်များနှင့် လည်းကောင်း၊ ထိတွေ့မိကြရာမှ ပွေးရောဂါ ကူးစက်ခံရခြင်းဖြစ်ပါသည်။ လူတို့နှင့် ပို၍ အနေနီးသော အိမ်မွေးခွေးနှင့် ကြောင်တို့မှ ကူးစက်ခံရမှုမှာလည်း အလွန်မှှ လွယ်ကူသော ဖြစ်ရပ်ပင် ဖြစ်ပါသည်။ နောက် မှိုပိုးတစ်မျိုးမှာမူ လူတိုင်း အရေပြားပေါ်တွင် ပုံမှန်နေထိုင်ကြသော မှိုပိုးများဖြစ်ကြပြီး ချွေးထွက်များခြင်း၊ အရေပြား ဒဏ်ရာရခြင်း စသော အခြေအနေများကြောင့် လူတို့၏ အရေပြားပေါ်တွင် ပွေးရောဂါ ဖြစ်စေကြပါသည်။ မည်သည့် ပိုးအမျိုးအစားဖြစ်စေ ချွေးထွက်များမှုနှင့် အရေပြားဒဏ်ရာ ရထားမှုဖြစ်နေပါက ရောဂါဖြစ်စေရန် လွယ်ကူပါသည်။ အများက ထင်မြင်နေသကဲ့သို့ ဆီးချိုဖြစ်နေမှုကြောင့် ပွေးဖြစ်ရခြင်းမှာ မဟုတ်ပါ။


          အရေပြား မည်သည့်နေရာတွင်မဆို ဖြစ်နိုင်ကြသော်လည်း အဖြစ်များကြသော နေရာတို့မှာ ပေါင်ခြံနှင့် တင်ပါးတို့ ဖြစ်ကြပါသည်။ ထို့အပြင် ခါး၊ ဆီးစပ်၊ ခြေသလုံး၊ ခြေဖဝါး၊ ခြေချောင်းများ အကြား အမျိုးသမီးများတွင် ရင်သား အောက်နေရာ၊ လက်မောင်းနှင့် မျက်နှာ တို့လည်း ဖြစ်နိုင်ကြပါသည်။


          အဝတ်အစားဖြင့် ဖုံးအုပ်ထားသော နေရာတို့၌ ဖြစ်ကြသော ပွေးမှာ လူတို့၏ အရေပြားတွင် ပုံမှန်နေထိုင်သော ပိုးတို့ကြောင့် အဖြစ်များကြပြီး အဝတ်အစားဖြင့် မဖုံးအုပ်ထားသော နေရာတို့ ဖြစ်သောပွေးများမှာမူ တိရစ္ဆာန်တို့နှင့် မြေကြီးပေါ်တွင်နေကြသော ပိုးတို့ကြောင့် အဖြစ်များကြသည်ဟု အကြမ်းဖျင်း ဆိုနိုင်ပါသည်။ မည်သည့်မှိုပိုးကြောင့် ဖြစ်စေကာမူ ရောဂါလက္ခဏာမှာ လူအများစုက သိရှိနေကြသကဲ့သို့ ဝိုင်းဝန်းနေသော အကွက်များပင်ဖြစ်သည်။ အသားဖြူသောသူတို့တွင် ထိုအကွက်များမှာ အနီရောင်ဖြစ်နေနိုင်သော်လည်း ၊ အသားညို ၊ အသားမည်းသော သူများတွင်မူ ညိုညစ်ညစ် ၊ မည်းညစ်ညစ် အကွက်များအဖြစ် တွေ့ရနိုင်ပါသည်။ အကွက်နီသည်ဖြစ်စေ၊ မည်းသည်ဖြစ်စေ ပွေးကွက်တို့၏ ထူးခြားချက်မှာ အကွက်တို့၏ အနားသားမှာ သာမန်အရေပြားထက် အနည်းငယ် ပို၍ မြင့်နေပြီးထင်ထင်ရှားရှားလည်း ရှိကြပါသည်။


          ရံဖန်ရံခါ ထိုအကွက်များတွင် အမြှေးများ ရှိနေနိုင်ကြပြီး တစ်ခါတစ်ရံတွင် အကွက်၏ အလယ်ပိုင်း အရေပြားမှာ နီ၊ မည်းနေခြင်း မရှိဘဲ သာမန်အရေပြားအသွင်အပြင် သာရှိနေတတ်ကြပါသည်။ ယားယံနိုင်ကြပြီး ထပ်ဆင့် ဗက်တီးရီးယား ပိုးများ ဝင်ရောက်ပါကမူ နာကျင်စေနိုင်ကြပါသည်။ အများအားဖြင့် တစ်နေရာတည်း၌ သာဖြစ်လေ့ရှိသော်လည်း ကုတ်ခြစ်ခြင်းကြောင့် အခြားသော နေရာများတို့လည်း ရောဂါကူးသွားနိုင်ကြပါသည်။ ပွေးရောဂါ၏ ထူးခြားသော လက္ခဏာအရ ရောဂါဖြစ်နေသည်ကို ခန့်မှန်းနိုင်ပြီးဆေးဆိုင်များ၌ အလွယ်တကူရရှိနိုင်သော ပွေးဆေးများ ဝယ်လိမ်းကြရာမှလည်း ရောဂါပျံ့နှံ့သွားနိုင်ပါသည်။ ဆေးဆိုင်တို့ရှိ ဆေးအများစုမှာ ပွေးပိုးသတ်ဆေး တစ်မျိုး တည်းသာမက  ယားယံမှုသက်သာစေသော စွမ်းအားဖြင့်ဆေးများ ပေါင်းစပ်ထားလေ့ရှိကြရာမှ ထိုဆေးကြောင့် ပွေးကွက်များ ကြီးများကျယ်ပြန့်လာခြင်းနှင့် အခြား သော နေရာများသို့ပါ ကူးစက်သွားနိုင်ကြပါသည်။ ထို့အပြင် ရောဂါ၏ ထင်ရှားသော လက္ခဏာမှာလည်း ပျောက်ဆုံးသွားကြသဖြင့် ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသကြသော်လည်း ရောဂါ မဖော်ထုတ်နိုင်ဘဲ ကြန့်ကြာခြင်းနှင့် ကြုံရနိုင်ပါသည်။


          မည်သို့ပင်ဖြစ်စေ ပိုးမွှားတို့ကြောင့် ဖြစ်ရသော ရောဂါနှင့် အညီ မှိုပိုးသတ်ဆေး၊ လိမ်းဆေး၊ စားဆေးတို့ဖြင့် ရောဂါပျောက်ကင်းစေနိုင်ပါသည်။ သို့သော် သတိချပ်ရန်မှာ မှိုပိုးတို့ကို ရှင်းလင်းရန် အချိန်နှစ်ပတ်မှ လေးပတ်ခန့်ကြာမြင့်နိုင်ခြင်းပင် ဖြစ်ပါသည်။ နေရာတစ်ခုတည်း သာမက အခြားသော နေရာအနှံ့အပြား ဖြစ်သည့်ပွေးမျိုးနှင့် ကာလတာရှည်နေပြီဖြစ်သော ပွေးရောဂါအတွက်မူ လိမ်းဆေးတစ်မျိုးတည်းဖြင့် ကုသပျောက်ကင်းရန် မဖြစ်နိုင်တော့ဘဲ စားဆေး၊ ပိုးသတ်ဆေးကိုပါ သုံးစွဲရန်လိုပါသည်။ ထို့အတူပင် စွမ်းအားမြင့်ယားနာပျောက်ဆေးဖြင့် ရောစပ်ထားသော လိမ်းဆေးတို့ဖြင့် ကုသလာသည့်ပွေးမျိုးမှာလည်း ပိုးသတ်စားဆေး စားရန်လိုမည် ဖြစ်သည်။


          ပွေးဖြစ်ရခြင်း၏ အဓိကအကြောင်းအရင်းတစ်ခုမှာ ချွေးထွက်များမှုကြောင့် ဖြစ်ကြရာ ချွေးထွက်မှုထိန်းခြင်းအားဖြင့် ရောဂါဖြစ်မှုကို ပဏာမတစ်ခုထိ ကာကွယ်နိုင်မည်ဖြစ်သည်။ ထို့အပြင် အခြားသူများ၏ အသုံးဆောင်များဖြစ်သည့် မျက်သုတ်ပဝါ၊ အတွင်းခံတို့ကိုလည်း ငှားယူသုံးစွဲခြင်း မရှိပါက အခြားသူများထံမှ ရောဂါကူးစက်မှု လျော့ချနိုင်ပါသည်။ အိမ်မွေးတိရစ္ဆာန်များ အရေပြားပြဿနာဖြစ်ပါကလည်း သက်ဆိုင်ရာ တိရစ္ဆာန်ဆရာဝန်နှင့် ပြသခြင်းအားဖြင့် တိရစ္ဆာန်များမှ ပွေးကူးစက်မှုကို ထိန်းချုပ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။


Credit : ဒေါက်တာ သောင်းညွန့်ရွှေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18