Print

အဆီပြန်သော အသားအရေနှင့် အမျိုးသားများ မျက်နှာပြင် အသားအရေထိန်းသိမ်းခြင...

  04-Jun-2019
Preview Image

         မိမိအသားအရေကို မိမိကိုယ်တိုင် ထိန်းသိမ်းကြတဲ့နေရာမှာ အမျိုးသားတွေထက် အမျိုးသမီးတွေ ပိုပြီး ဂရုတစိုက် ထိန်းသိမ်းကြပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ အရင်ကထက်ပိုပြီး အမျိုးသားတွေက မိမိအသားအရေကို ထိန်းသိမ်းစောင့်ရှောက်လာကြပါတယ်။

  

        အမျိုးသားတွေအနေနဲ့ မိမိအသားအရေကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ မိမိအသားအရေဟာ ဘယ်လိုအသားအရေမျိုးဆိုတာ သိရှိထားဖို့လိုပါတယ်။ မိမိအသားအရေဟာ အဆီပြန်တဲ့အသားအရေ ဖြစ်နေပြီဆိုရင်တော့ သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ယေဘုယျအားဖြင့် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာ ဝက်ခြံတွေ ဖြစ်ပွားလွယ်ကူလို့ပါပဲ။ T-zone လို့ခေါ်တဲ့ နဖူး၊ နှာခေါင်း ပတ်ဝန်းကျင်၊ မှေးစေ့ စတဲ့နေရာတွေမှာ အဆီပြန်ခြင်း ပိုမိုဖြစ်ပွားမယ်ဆိုရင် အဆီပြန်တဲ့ အသားအရေလို့ များသောအားဖြင့် မှတ်ချက်ချကြပါတယ်။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေမှာဆိုရင် တခြားအသားအရေပိုင်ရှင်တွေထက် ပိုပြီး အဆီ၊ ဖုန်မှုန့်၊ အညစ်အကြေးတွေဟာ ချွေးပေါက်တွေမှာ ကပ်ညှိတတ်ပါတယ်။ အဲဒါကို သေသေချာချာ ဂရုမစိုက် မထိန်းသိမ်းရင် ဝက်ခြံတွေ အများအပြား ဖြစ်လာပါလိမ့်မယ်။

   

       အဆီပြန်တဲ့ အသားအရေပိုင်ရှင် အမျိုးသားတွေအနေနဲ့ မျက်နှာပြင်သန့်ရှင်းဆေးကြောတဲ့နေရာမှာ တခြားအသားအရေပိုင်ရှင်တွေထက် ပိုပြီးဂရုစိုက်ပေးဖို့ လိုပါတယ်။ တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်လောက် မျက်နှာသစ်ပေးဖို့ လိုပါတယ်။ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီး တစ်ကြိမ်လောက် မျက်နှာသစ်ပေးမယ်ဆိုရင် ပိုမိုကောင်းမွန်ပါလိမ့်မယ်။

         

မျက်နှာသစ်ဆပ်ပြာတွေကို ရွေးချယ်ပါ

          ပြင်းထန်တဲ့ မျက်နှာသစ်ဆပ်ပြာတွေ Facial Foam တွေ၊  Facial Cleanser စတဲ့ Face wash တွေကို ရှောင်ရှားစေချင်ပါတယ်။ ပြင်းထန်တဲ့ မျက်နှာသစ်ဆပ်ပြာတွေဟာ မျက်နှာပြင် အသားအရေကို ထိခိုက်စေပြီး မျက်နှာပြင် အသားအရေအတွက် လိုအပ်တဲ့အဆီတွေကို ဆုံးရှုံးစေပါတယ်။ မျက်နှာသစ်ဆပ်ပြာကို ရွေးချယ်ဝယ်ယူတဲ့နေရာမှာ အမျိုးသားတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ For Man မျက်နှာသစ်ဆပ်ပြာတွေ၊ Facial Foam တွေ၊ Facial Cleanser တွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ အဆီပြန်တဲ့ အသားအရေပိုင်ရှင် အမျိုးသားတွေအနေဖြင့် Oil-free လို့ စာတမ်းလေးပါဝင်တဲ့ Product တွေကို ရွေးချယ်ဝယ်ယူ အသုံးပြုစေချင်ပါတယ်။

          မျက်နှာပြင်ဆေးကြောသန့်တဲ့ နေရာမှာလည်း တစ်နေ့ကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်လောက် (နံနက်၊ ညနေ၊ ည) ပဲ ပြုလုပ်စေချင်ပါတယ်။ မကြာခဏ မျက်နှာသန့်ရှင်းဆေးကြောခြင်းဟာ မျက်နှာအသားအရေကို ထိခိုက်စေနိုင်ပါတယ်။ အဆီပြန်တဲ့ မျက်နှာအသားအရေပိုင်ရှင်တွေဟာ မိမိမျက်နှာအဆီပြန်တဲ့အတွက် မကြာခဏ မျက်နှာသန့်စင်ဆေးကြောခြင်း ပြုလုပ်တတ်ကြပါတယ်။ ဒါ့ကြောင့်မို့ ဒီအချက်ကို သတိပြုစေချင်ပါတယ်။ မကြာခဏ မျက်နှာသန့်စင်ဆေးကြောခြင်းကို ရှောင်ရှားပြီး တစ်နေ့နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်လောက်ပဲ ပြုလုပ်စေချင်ပါတယ်။

          အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအနေဖြင့် မိမိရဲ့မျက်နှာဟာ အဆီပြန်တဲ့အတွက် အစိုဓာတ်ထိမ်းသိမ်းဖို့ မလိုအပ်ဘူးလို့ ထင်တတ်ကြပါတယ်။ အဲဒါဟာ မှားယွင်းတဲ့ အယူအဆပါပဲ။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာလည်း မျက်နှာပြင် အသားအရေကို အစိုဓာတ် ထိမ်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ ၁၀ ခွက်လောက် သောက်သုံးပေးသင့်ပါတယ်။ ရေဓာတ်ဟာ မျက်နှာပြင်အစိုဓာတ်ထိမ်းသိမ်းရာမှာ အဓိကအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ နောက်ပြီး မျက်နှာပြင် ဆေးကြောသန့်ရှင်းပေးပြီးတဲ့နောက်မှာ Oil-free Moisturizer တွေကို အထူကြီး လိမ်းကျံခြင်းမျိုးကို ရှောင်ရှားပြီး ခပ်ပါးပါးလေးပဲ လိမ်းကျံသင့်ပါတယ်။ အမျိုးသားတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ For Man Oil-free Moisturizer တွေနဲ့ ရွေးချယ်ဝယ်ယူ အသုံးပြုနိုင်ပါတယ်။

 

လက်နဲ့မကြာခဏ မျက်နှာပြင်အား ပွတ်သပ်ကိုင်တွယ်ခြင်း မပြုပါနဲ့။

          အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေဟာ မိမိမျက်နှာမှာ အဆီပြန်နေတဲ့အတွက် မိမိရဲ့လက်နဲ့ မကြာခဏ မျက်နှာပြင်အား ပွတ်သပ်ကိုင်တွယ်တတ်ကြပါတယ်။ အဲဒီလိုမျိုး မိမိရဲ့မျက်နှာကို မကြာခဏ ပွတ်ကိုင်မယ်ဆိုရင် မိမိရဲ့လက်မှာရှိတဲ့ ဖုန်မှုန့်၊ အညစ်အကြေး၊ ဗက်တီးရီးယား စတာတွေဟာ လက်ကနေတစ်ဆင့် မျက်နှာကို ရောက်ရှိသွားပြီး မိမိရဲ့ မျက်နှာပြင်အသားအရေကို ပိုမိုထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့်မို့ မိမိရဲ့ မျက်နှာပြင်ကို လက်နဲ့ မကြာခဏ ပွတ်သပ်ကိုင်တွယ်ခြင်းမျိုးကို ရှောင်ရှားစေချင်ပါတယ်။ အကယ်၍ မျက်နှာအဆီပြန်နေတာကို ဖယ်ရှားပွတ်သပ်ချင်ရင်တော့ တစ်သျှူး သို့မဟုတ် အဝတ်စ ပွပွသန့်သန့်လေးနဲ့ ဖွဖွလေး အသာအယာ ဖယ်ရှားပွတ်သပ်နိုင်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်းကြီး ဖယ်ရှားပွတ်သပ်ခြင်းမျိုး မပြုလုပ်မိဖို့လည်း ဂရုပြုစေချင်ပါတယ်။

 

Credit: နေရည်ချို

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18