Print

မိုးရာသီရောက်ပြီဆိုရင်

  28-May-2019
Preview Image

နွေနဲ့ မိုးအကူးအပြောင်းမှာ အရေပြားရဲ့ အစိုဓာတ်၊ အဆီဓာတ်၊ ခန္ဓာကိုယ်အတွင်းအပြင် အပူချိန် ကွာခြားမှုတွေကြောင့်အရေပြားမှာ ပြဿနာလေးတွေ ဖြစ်လာတတ်ပါတယ်။ အများအားဖြင့် မိုးဦးစမှာ မှိုပိုးစွဲကပ်နာနဲ့ ကပ်ပါးပိုးစွဲကပ်နာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသက် ၄ နှစ်မှ ၁၀ နှစ်ကြား ကလေးငယ်တွေမှာ ပိုအဖြစ်များပါတယ်။ ကလေးငယ်တွေရဲ့ အရေပြားဟာ ပါးလွှာသလို ခုခံအားကလည်း မကောင်းတာကြောင့် ကလေးငယ်တွေဟာ အရေပြားအနာတွေ အဖြစ်များရခြင်းပါ။


မိုးရာသီမှာ အဖြစ်များတဲ့ အရေပြားအနာများ

          ပွေးယားနာဆိုတာ အရေပြား မှိုပိုးစွဲကပ်နာ တစ်မျိုးပါ။ အနီရောင်ဖုသေးသေးလေးတွေ အဝိုင်းအကွင်းပုံစံ ပေါ်နေပြီး ယားယံကာ အဖတ်တွေ ကွာနေတတ်ပါတယ်။ ပွေးဟာ လူကနေသော်လည်းကောင်း ၊ အိမ်မွေးတိရိစ္ဆာန်ကနေသော်လည်းကောင်း ကူးစက်နိုင်ပြီး မသန့်ရှင်းတဲ့ မြေကြီးနဲ့ ရေကူးကန်ကနေ တစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ ချွေးထွက်လွန်တဲ့ အခါ ပူနွေးစိုစွတ်တဲ့ ဝန်းကျင်ကလည်း ပွေးယားနာဖြစ်စေဖို့ အထောက်အပံ့တစ်ခုပါပဲ။ ပွေးယားနာဖြစ်လာရင် မှိုပိုးသတ်လိမ်းဆေးခရင်မ် (Clotrimazole သို့ Miconazole ပါဝင်တဲ့ လိမ်းဆေး) တွေကို လိမ်းပေးနိုင်ပြီး မလိမ်းမီ ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာသုံးစွဲသင့်ပါတယ်။


ခြေဖဝါးယားနာ (Athlete’s Foot)

          မိုးဦးကျမှာ ဖြစ်တတ်တဲ့ ခြေဖဝါးယားနာကို မြန်မာလို သဲဝဲစားတယ်လို့လည်း ခေါ်ကြပါတယ်။ ခြေချောင်းကြားနဲ့ ခြေဖဝါးတွေမှာ ယားယံပြီး နီရဲတဲ့ ယားနာအစိုတွေ ဖြစ်လာတာပါ။ တစ်ခါတလေ အရေပြားအက်ကွဲပြီး အရည်ကြည်ဖုလေးတွေ ထွက်ကာ အနံ့ဆိုးထွက်တတ်ပါတယ်။ ကလေးငယ်တွေမှာ အဖြစ်များတာ တွေ့ရပြီး ရောဂါပိုးရှိသူ (သို့) အရာဝတ္ထုတွေနဲ့ ထိတွေ့ရာကနေ ကူးစက်နိုင်ပါတယ်။

ဒီလို ခြေဖဝါးယားနာဖြစ်လာရင် မှိုပိုးသတ်ဆေးတွေကို ဆေးအမှုန့် ဒါမှမဟုတ် ဆေးခရင်မ်ဖြစ်ဖြစ် ယားနာပေါ်မှာ လိမ်းပေးနိုင်ပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာ သုံးစွဲခြင်းပါပဲ။ တစ်ဖက်ကနေလည်း ကလေးငယ်ရဲ့ ခြေဖဝါးကို သန့်ရှင်းခြောက်သွေ့အောင်ထားပြီး အလုံပိတ်ဖိနပ်တွေ မစီးစေပါနဲ့။ အလုံပိတ် ရှုးဖိနပ်တွေက ချွေးအောင်းစေပြီး ပိုးပေါက်ပွားစေနိုင်တဲ့ စိုစွတ်တဲ့ ဝန်းကျင်ကို ဖန်တီးပေးနိုင်လို့ပါပဲ။ မဖြစ်မနေ ရှုးဖိနပ် ဝတ်ဆင်ပေးရမယ်ဆိုရင်လည်း ချည်သားခြေအိတ်လေး ဝတ်ပေးပြီး မှိုပိုးသတ်ပေါင်ဒါလေး ဖြူးပေးနိုင်ပါတယ်။ ခြေသည်းတွေကို တိတိ ညှပ်ပြီး ထောင့်လေးတွေကို ဝိုက်ညှပ်ပေးကာ အရမ်းတိုလွန်းတာမျိုး မဖြစ်စေနဲ့နော်။


ဝဲယားနာ

          ဝဲပိုးက ပြန့်ပွားကူးစက်လွယ်တဲ့ အရေပြားကပ်ပါးပိုးတစ်မျိုးဖြစ်ပြီး ဝဲယားနာက အရမ်းခံရခက်တဲ့ အရေပြား ရောဂါတစ်မျိုးပါ။ လက်ချောင်းကြား၊ လက်ဖနောင့် ၊ လက်ဖဝါး၊ တံတောင်ဆစ်၊ ချိုင်းကြား၊ တင်ပါးနဲ့ မျိုးပွားအင်္ဂါနားတွေမှာ ဝဲယားနာဖြစ်တတ်ပြီး ဒီနေရာတွေက ချွေးခိုအောင်းနိုင်တဲ့ နေရာတွေပါ။ ဝဲယားနာဖြစ်ရင် အရည်ကြည်ဖုသေးသေးလေးတွေ အစုလိုက်ပေါ်လာပြီး အရမ်း ယားယံကာ မကုတ်ရ မနေနိုင်ဖြစ်ပြီး ကုတ်မိလေ ဝဲပွားလေ ဖြစ်တတ်ပါတယ်။ ဝဲဖြစ်လာပြီဆိုရင် အထူးသတိထား ဂရုစိုက်ကုသရမှာဖြစ်ပြီး ကလေးငယ်တွေမှာ ဖြစ်ရင် ပိုဂရုစိုက် ရမှာပါ။ ဝဲပိုးက ဝေဒနာ ခံစားနေရသူတွေဆီကနေ၊ သူတို့ ကိုင်စွဲအသုံးပြုတဲ့ အရာတွေကနေ အခြားသူထံကို ကူးစက်နိုင်တာကြောင့် ဝဲပိုးကူးစက်ခြင်းမရှိအောင် အထူးသတိပြုရမှာပါ။ အကောင်းဆုံးကတော့ ဝဲပိုးကူးစက်ခံရပြီး ဝဲယားနာဖြစ်ပြီဆိုရင် ဆေးမြီးတိုတွေ၊ ကိုယ်ထင်ရာဆေးတွေ သုံးစွဲကုသနေမယ့်အစား အရေပြားအထူးကုဆရာဝန်နဲ့ ပြသဖို့ အကြံပြုပါရစေ။


ဒါတွေမဖြစ်အောင်

-       အပြင်က ပြန်လာတိုင်း ညစ်ပေနေတဲ့ လက်တွေ၊ ခြေတွေကို သန့်စင်အောင် ဆေးကြောပြီး ခြောက်သွေ့အောင် သုတ်ပါ။

-       ဒီရောဂါဖြစ်နေသူတွေနဲ့ ထိတွေ့မှု နည်းပါစေ။ သူတို့ ကိုင်စွဲအသုံးပြုတဲ့ပစ္စည်းတွေကို မျှဝေသုံးစွဲခြင်း မပြုပါနဲ့။

-       တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ဖို့ လိုပြီး တစ်နေ့ (၂) ကြိမ် အနည်းဆုံး ရေချိုးသန့်စင်ပါ။

-       ကျန်းမာရေးနဲ့ ညီညွှတ်မျှတအောင် စားသောက်ပြီး အိပ်ရေးဝဝ အိပ်မယ်ဆိုရင် ကိုယ်ခံအားကောင်းတာကြောင့် အရေပြားပိုး ကူးစက်ခံရခြေ နည်းတယ်နော်။

Credit : သွန်းသော်တာ(B.N.Sc,G)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18