Print

နှုတ်ခမ်းခြောက်တာ ဘာကြောင့်လဲ

  22-May-2019
Preview Image

နှုတ်ခမ်းခြောက်တာ ဘာကြောင့်ဖြစ်ပါသလဲ . . .

 အကြမ်းအားဖြင့် အဓိက အကြောင်းအရင်းနှစ်မျိုးရှိပါတယ်။ ပင်ကိုသွေးသားကြောင့်ဖြစ်ရတဲ့ နှုတ်ခမ်းခြောက်ခြင်းရယ် ၊ ပြင်ပ ပယောဂ ဒါမှမဟုတ် ရောဂါ တစ်ခုကြောင့် ဖြစ်ရတဲ့ နှုတ်ခမ်းခြောက်ခြင်းရယ်ဆိုပြီး ခွဲခြားပြောပါမယ်။


ပင်ကိုယ်သွေးသားကြောင့်ဆိုတာ ဘာကို ဆိုလိုတာပါလဲ . . .

တိတိကျကျ အကြောင်းခြင်းရာ မရှိဘဲကို သူ့ဘာသာသူ နှုတ်ခမ်းခြောက်တာမျိုးပါ။ ဒီလိုအမျိုးအစားမှာ ထူးခြားတာက အပေါ်နှုတ်ခမ်းမှာပဲ အဖြစ်များပါတယ်။ နှုတ်ခမ်းက နည်းနည်း အရောင်လျော့လာပြီး ခြောက်လာမယ်။ တစ်ဆင့်တက်ပြီး အကြေးခွံကွာမယ်။ ပြီးတော့ အနာနီရဲကျန်ခဲ့မယ်။ ကျိန်းစပ်စပ်နဲ့ နာမယ်။ နောက်ပြီး ဒီအမျိုးအစားက ထူးခြားတာက ခဏခဏ ပြန်ဖြစ်တာပါပဲ။


ပြင်ပ ပယောဂကြောင့်ဆိုတာ. . .

နေရောင်ခြည် ပြင်းပြင်းထိတာမျိုး၊ နှုတ်ခမ်းနီနဲ့ မတည့်တာမျိုး ၊ ကိုယ့်လျှာနဲ့ကိုယ် နှုတ်ခမ်းကို ပြန်လျက်တဲ့ အကျင့်မျိုး၊ နှုတ်ခမ်းကိုက်တဲ့ အကျင့်မျိုး၊ သွားတိုက်ဆေး ဒါမှမဟုတ် ပါးစပ်သန့်ဆေးနဲ့ မတည့်တာမျိုး ၊ လက်သည်းနီနဲ့ မတည့်တာမျိုးစတဲ့ အကြောင်းတွေပါ။


ဘယ်လိုပုံစံခြောက်သွေ့သွားပါသလဲ…

အောက်နှုတ်ခမ်းမှာပဲ ပိုပြီးသိသိသာသာ ခြောက်ပါတယ်။ နာတာရှည် ဖြစ်လေ့ရှိပြီး အကြေးခွံတွေ လန်လိုက် ၊ နှုတ်ခမ်းသားအနီတက်လိုက်နဲ့ လူနာအနေနဲ့ ပူစပ်ပူလောင် ခံစားရရှာပါတယ်။ နှုတ်ခမ်းက ခြောက်ရုံတင်မကဘူး။ အက်ကွဲတတ်တဲ့အတွက် နေရထိုင်ရခက် တတ်ပါတယ်။


Lip Sticks ဆိုတဲ့ နှုတ်ခမ်းဆိုးဆေးရဲ့ ဓာတုဗေဒ ဖော်မြူလာမှာ အမြင်အာရုံစွဲမက်လောက်အောင် ထည့်ထားတဲ့ ဆိုးဆေးအရောင်နဲ့ အမွေးနဲ့ဟာ တစ်ခါတစ်ရံ အခန့်မသင့်ရင် နှုတ်ခမ်းကို ခြောက်သွေ့ရောင်ရမ်းစေပါတယ်။ သတိပြုစရာပါ။ ဒါပေမယ့် ထုတ်လုပ်သူတွေက ကျယ်ကျယ်ပြန့်ပြန့် သုတေသန လုပ်ပြီးမှ ရောင်းချလေ့ရှိတာကြောင့် မတည့်သူ အနည်းအကျဉ်းလောက်မှသာ ပြဿနာဖြစ်စေပါတယ်။


လူဆိုတာ နေရောင်ခြည်နဲ့ ဘယ်လိုမှ မကင်းနိုင်ပါဘူး။ သာမန်နေရောင်ခြည်နဲ့ ထိတွေ့မှုက ဘာပြဿနာမှ မရှိပါဘူး။ နှစ်ရှည်လများ နေရောင်ပြင်ပြင်း ထိတွေ့တဲ့သူတွေမှာ (ဥပမာ - လမ်းလုပ်သားတွေ၊ အောက်ဒိုး အားကစားသမားတွေ ) သူတို့ရဲ့ အောက်နှုတ်ခမ်းတွေ ခြောက်သွေ့ရောင်ရမ်းပြီး အက်ကွဲနေတတ်ပါတယ်။ သိပ်ဆိုးရွားရင် ခရုသင်းလို အဖြူကွက်တွေ ထိတွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်နေတာကို သိလျက်နဲ့ဖြစ်ဖြစ် ၊ ဂရုမစိုက် ဆေးလည်းကုမှု မခံယူဘူးဆိုရင် ရှားရှားပါးပါး အရေပြားကင်ဆာအထိ ဖြစ်သွားနိုင်ပါတယ်။


ဒီနေရာမှာ နေရောင်ခြည်ကြောင့် နှုတ်ခမ်းကွဲအက် ခြောက်သွေ့သလို အေးမြတဲ့ရာသီဥတုမှာလည်း နှုတ်ခမ်းတွေ ခြောက်တတ်ပါသေးတယ်။ ဆောင်းတွင်းကာလမှာ အရမ်းအေးရင် ၊ လေတိုက်ရင် ၊ နှုတ်ခမ်းတွေ မသိမသာ ခြောက်တတ်ပါတယ်။ အေးတဲ့အရပ်ကို ခေတ္တခဏ ရောက်သွားရင် ပိုသိသာပါတယ်။ ဆရာ့ဇနီးဟာ ရန်ကုန်ကနေ တောင်ကြီးကို ကိစ္စတစ်ခုနဲ့သွားတော့ ဟိုမှာအေးလွန်းလို့ နှုတ်ခမ်းတွေ အရမ်းခြောက်တာကို ခံစားခဲ့ရရှာပါတယ်။ ဒါဟာ ယာယီပါ။ အပူအအေးမျှသွားရင် ပြန်ကောင်းသွားတာပဲ။


“သွား” သန့်စင်တဲ့ ဆေးရည်၊ ပေါင်ဒါမှုန့် တွေပါတဲ့ အမွှေးနဲ့ရယ် ၊ ပိုးသေစေတဲ့ ဓာတုပစ္စည်းတွေဟာ ဓာတ်မတည့်ရင် နှုတ်ခမ်းကို ရောင်စေပါတယ်။ ခြောက်စေပါတယ်။ နှုတ်ခမ်းတွင်မကဘူး။ ပါးစပ်ပတ်လည် အရေပြားတွေပါ ခြောက်သွေ့အက်ကွဲပြီး တင်းတင်းရင်းရင်း ဖြစ်ပွားတတ်ပါတယ်။ ဆေးပညာစကားအရ (Circumoral Dermatitis ) လို့ ခေါ်ပါတယ်။


ဆေးလိပ်သောက်တဲ့သူတွေရဲ့ အရေပြားဟာ ယေဘုယျအားဖြင့် အသားအရေ ခြောက်သွေ့တတ်ပါတယ်။ ဒါကြောင့် ပြောရရင် အရေပြားတင်မဟုတ်ဘူး နှုတ်ခမ်းလည်း ခြောက်နိုင်ပါတယ်။ ဆေးလိပ်ကြောင့် ပါးစောင်မှာ လည်းအနီကွက်တွေ ၊ အဖြူကွက်တွေ၊ အဖုသေးသေးလေးတွေ ပေါက်တတ်ပါတယ်။ Smoker’s Deratosis၊ Smoker’s Patches လို့ခေါ်ပါတယ်။ ဆေးလိပ်ရဲ့ အပူဓာတ်ကြောင့် ဖြစ်ရတာပါ။

 

တစ်ချို့တစ်လေ စီးကရက်သောက်တဲ့ အခါ ဆေးလိပ်ဖင်ကို စွပ်တဲ့ အစွပ်ကြောင့်လည်း နှုတ်ခမ်းခြောက်သွေ့ထိခိုက်တတ်ပါတယ်။ အဲဒီအစွပ်ဟာ ရာဘာတို့ သတ္တုဓာတ်တို့နဲ့ လုပ်ထားတာဆိုတော့ မတည့်ရင် ဓာတ်မတည့်မှု Allergy သဘောပါ။


ဒီနေရာမှာ တစ်ဆက်တည်းပြောရရင် လေမှုတ်တူရိယာတွေဖြစ်တဲ့ ဆက်ဆိုဖုန်း (Saxophones)၊ ကလာရီနက် (Clarinet) တို့ကို သုံးစွဲသူတွေလည်း ပါးစပ်မှုတ်တဲ့နေရာမှာ စွပ်ထားတဲ့အစွပ်ကို ဓာတ်မတည့်မှုဖြစ်ရင် နှုတ်ခမ်းခြောက်တတ်ပါတယ်။

   

       လက်သည်းဆိုးဆေးမှာ ဖော်မယ်ဒီဟိုက် (Formaldehyde) ဆိုတဲ့ တာရှည်အထားခံအောင် သုံးရတဲ့ ဓာတုပစ္စည်းပါတယ်။ ဒီပစ္စည်းကြောင့် ဓာတ်မတည့်သူတွေမှာ လက်သည်းထိခိုက်ပျက်စီးစေပါတယ်။ နှုတ်ခမ်းကို လက်သည်းနဲ့ မကြာခဏ ပွတ်တိုက်တဲ့ အကျင့်ရှိသူတွေ ၊ လက်သည်းကိုက်တတ်သူတွေမှာ နှုတ်ခမ်းရောင်ရမ်းပြီး ခြောက်သွေ့ကွဲအက်ပါလေရော။ ဒါကြောင့်လူနာကို စမ်းသပ်ရင် သူ့ရဲ့ အမူအရာကိုလည်း မသိမသာ အကဲခတ်တတ်ဖို့ လိုပါတယ်။


          သရက်သီး၊ လိမ္မော်သီး၊ ရှောက်သီး စတဲ့အသီးတွေကြောင့်လည်း ရှားရှားပါးပါး နှုတ်ခမ်းတွေ ကွဲအက်တတ်ပါတယ်။ အပျင်းပြေ ပါးစပ် ထဲငုံပြီး ဝါးလေ့ရှိတဲ့ ပီကေတို့၊ ချွမ်းဂန်း (Chewing Gum) တို့နဲ့လည်း အဆင်မသင့်ရင် ပါးစပ်နဲ့ နှုတ်ခမ်းတွေ ရောင်ရမ်းတတ်ပါတယ်။


          အမျိုးသားတွေမုတ်ဆိတ်မရိပ်ခင် သန့်စင်တဲ့ Preshave Lotion အရည်တို့ ၊ ရိတ်ပြီးရင် အေးမြသန့်စင်စေတဲ့ After Shave Lotion အရည်တို့လည်း မတည့်လို့ရှိရင် နှုတ်ခမ်းကို ခြောက်သွေ့စေပါတယ်။အဖြစ်အများဆုံးကတော့ သွေးအားနည်းရောဂါပါ။ သွေးထဲမှာ သံဓာတ်အားနည်းတဲ့ ရောဂါပါ။ အမျိုးသမီးတွေ အဖြစ်များပါတယ်။ နေမကောင်းလို့ဆေးခန်းသွားပြရင် ဆရာဝန်တွေက နှုတ်ခမ်းခြောက်သလား ၊ ဖျော့တော့တော့ဖြစ်နေသလား ၊ ကြည့်ရှုစစ်ဆေးတာဟာ သံဓာတ်အားနည်းခြင်း ရှိ ၊ မရှိ သဲလွန်စရှာ တဲ့သဘောပါ။

 

         နောက်တစ်ခုကတော့ Candida လို့ခေါ်တဲ့ အရေပြားမှိုကြောင့်လည်း နှုတ်ခမ်းခြောက်ပြီး ကွဲအက်နီမြန်းစေပါတယ်။ အဖြစ်များဆုံးကတော့ အစိုဓာတ်အမြဲတမ်းရှိနေတဲ့ နှုတ်ခမ်းထောင့်တွေပါ။


SLE လို့ အသိများတဲ့ အရေပြားလေးဖက်နာရောဂါမှာလည်း နှုတ်ခမ်းတွေ တစ်အားခြောက် တတ်ပါတယ်။ ပိုဆိုးတာက အောက်နှုတ်ခမ်းပါ။ ကွဲအက်ပြီးအနာတောင် ဖြစ်နိုင်ပါတယ်။တခြားရောဂါတွေဖြစ်တဲ့ Seborrheic Dermatitis ဆိုတဲ့ အဆီနှင်းခူ၊ ဆိုရီရေးစစ် (Psoriasis) ဆိုတဲ့ ဂျွတ်ပွေးနာတို့ကြောင့်လည်း နှုတ်ခမ်းခြောက်ခြင်း လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။


တစ်ချို့လိမ်းဆေးတွေ၊ စားဆေးတွေဟာ နှုတ်ခမ်းကို ထိခိုက်စေပါတယ်။ အဆိုးဆုံးကတော့ ဗီတာမင် အေမျိုးကွဲဖြစ်တဲ့ Isotretion ဆိုတဲ့ စားဆေးပါပဲ။ ဒီဆေးက ဝက်ခြံပုန်းတွေနဲ့ တခြားအရေပြားရောဂါတွေကို သက်သာစေပေမယ့် ကြာကြာသောက်ရင် နှုတ်ခမ်းတွေ သိသိသာသာ ခြောက်တော့တာပါပဲ။


ပါးစပ်ထောင့်ကွဲတာဟာ အရပ်ခေါ်တဲ့ ကျီးကန်းပါးစပ်ပေါ့ ။ ဆေးပညာအခေါ်ကတော့ Angular Stomatitis ပါ။ ဖြစ်စေတဲ့ အကြောင်းကတော့ အများကြီးပါ။ ဗီတာမင် B2 ချို့တဲ့ရင်လည်းဖြစ်ပါတယ်။ ကလေးတွေမှာဆို ပိုတွေ့တာပေါ့ ။ လက်မကိုစုပ်တဲ့ အကျင့်ရှိတဲ့ ကလေးတွေမှာလည်း တံတွေးစိုစိုနဲ့မို့ ပိုဖြစ်နိုင်ပါတယ်။ နောက်အရေပြားမှိုကြောင့် ဖြစ်တာများတယ်။ အထူးသဖြင့် ဆီးချို ဝေဒနာရှင်တွေမှာ အဲဒီမှိုကြောင့်ဖြစ်တာ များပါတယ်။


အသက်အရွယ် ကြီးတဲ့ သူတွေမှာလည်း အပေါ်နှုတ်ခမ်းနဲ့ ပါးတွေ အလွန်အမင်း တွဲကျပြီး နှုတ်ခမ်းထောင့်မှာ လှောင်ပိတ်နေတာကြောင့်လည်း ဒီအရေပြားမှိုတွေဝင်ပြီး နှုတ်ခမ်းရောင်တတ်ပါတယ်။ ဒီလို ဇရာအိုတွေမှာ နောက်ပြဿနာတစ်ခုကတော့ သွားမရှိလို့ သွားတု အံကပ်ပုံတပ်ထားတဲ့အခါမှာ သန့်သန့်ရှင်းရှင်း မထိန်းသိမ်းခဲ့ရင် အရေပြားမှိုဟာ နှုတ်ခမ်းထောင့်မှာလည်း လာပြီး ဒုက္ခပေးတော့တာပါပဲ


ခုခေတ်ကြီးမှာ HIV / AIDS ရှိတဲ့ သူတွေမှာ ခုပြောခဲ့တဲ့ နှုတ်ခမ်းထောင့်ကွဲတာ တွေ့ရလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ HIV / AIDS မှာ အရေပြားမှို အလွယ်တကူ ဝင်နိုင်လို့ပါပဲ။ နှုတ်ခမ်းခြောက်တာ၊ ကွဲတာလဲ HIV ပိုးရှိတဲ့ ပုဂ္ဂိုလ်တွေမှာ မရှားပါးလှတဲ့ ပြဿနာပါ။ ဒါပေမယ့် သာမန် နှုတ်ခမ်းခြောက်တာလောက်နဲ့ ငါတော့ HIV ပိုးရှိတယ်ဆိုပြီး အကြောက်လွန်မနေကြပါနဲ့။


ဆင်ဆင်ခြင်ခြင် နေထိုင်တတ်ရင် တချို့ကိစ္စတွေက ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့။ ဥပမာ နေရောင်ခြည်ပြင်းပြင်းကို တတ်နိုင်သမျှ ရှောင်တာမျိုး၊ အာဟာရ ပြည့်ပြည့်ဝဝ စားတာမျိုး၊ လက်စုပ်တာတို့၊ နှုတ်ခမ်းကို လျှာနဲ့ မကြာခဏ လျက်တဲ့အကျင့်တို့ကို ရှောင်တာမျိုး ၊ အသက်ကြီးတဲ့သူတွေ၊ ဆီးချိုရှိတဲ့သူတွေမှာ ပါးစပ်ကို သန့်သန့်ရှင်းရှင်း ဖြစ်အောင် ဂရုစိုက်တာမျိုး စတာတွေပါပဲ။


နေပူနဲ့မကင်းနိုင်တဲ့ အားကစားသမားတို့ ၊ အောက်ဒိုးထွက်ရတဲ့ ပုဂ္ဂိုလ်တို့ဆိုရင် နေရောင်ကာ လိမ်းဆေးတွေကို မျက်နှာပေါ်တင်မကဘူး၊ နှုတ်ခမ်းပေါ်မှာပါ လိမ်းထားသင့်ပါတယ်။ဘာကြောင့်ပဲ နှုတ်ခမ်းခြောက်ပါစေ၊ အကြောင်းရင်းကို တိတိကျကျ သိရင် အဲဒါကိုရှောင်လိုက်ရင် ကုလိုက်ရင် သက်သာပျောက်ကင်းသွားတာပါပဲ။ ဒါပေမယ့် လက်တလော သက်သာအောင်တော့ စတီးရွိုက်ပါတဲ့ လိမ်းဆေးတွေ လိမ်းပေးလိုက်ရင် သိသိသာသာကို သက်သာလာပါတယ်။ ကွဲရာအက်ရာရှိရင်တော့ Silver Nitrate (ဆင်းလ်ဗားနိုက်ထရိုတ်)ဒါမှမဟုတ် Zinc Oxide (ဇင့်အောက်ဆိုဒ်)လိမ်းပေးရင် ပိုကောင်းပါတယ်။


တစ်ခုသတိထားရမှာက ပါးစပ်ထဲက အရေပြားမှိုနဲ့ ပတ်သက်နေမယ်ဆိုရင်တော့ အစက်ချ မှိုသတ်ဆေးရည်တို့၊ လိမ်းဆေးတို့၊ Fluconazole မှိုသတ်သောက်ဆေးတို့ပါ မှီဝဲရပါလိမ့်မယ်။နှုတ်ခမ်းခြောက်တာဟာ တစ်ခါတစ်ရံ မလွဲမသွေ ကြုံရတတ်တဲ့ ပြဿနာတစ်ရပ်ပါ။ သာမန်ခပ်ပေါ့ပေါ့ ကိစ္စတစ်ခု ဖြစ်နိုင်သလို ကင်ဆာအထိဖြစ်သွားနိုင်တဲ့ ကြီးမားတဲ့ ပြဿနာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် နာတာရှည် နှုတ်ခမ်းခြောက်ခြင်း ပြဿနာ ကြုံရပြီဆိုရင်တော့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကုသတာ အကောင်းဆုံးပါပဲလို့ အကြံပြု လိုပါတယ်။

Credit : ဒေါက်တာ ကျော်ကျော်(အရေပြားအထူးကု)

          



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18