Print

ဖြစ်တတ်သော အရေပြားရောဂါများ

  19-Feb-2019
Preview Image

 အရေပြားဟာ ဆဲလ်သက်တမ်းတစ်လ၊ အလေးချိန် ၈ ပေါင်၊ အဝန်းအကျယ် ၂၂ စတုရန်းပေ၊ ကိုယ်ခန္ဓာ ရာခိုင်နှုန်းရဲ့ ၁၅ ရာခိုင်နှုန်း ရှိပါတယ်။ ကျန်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက အနားရတာရှိပေမယ့် အရေပြားကတော့ ၂၄ နာရီပတ်လုံး အလုပ်လုပ်နေရပါတယ်။ အရေပြားက အပူ၊ အအေးကို ထိန်းထားပေးတယ်။ လိမ်းဆေးဖြစ်ဖြစ် လိုးရှင်းဖြစ်ဖြစ် ဘာပဲလိမ်းလိမ်း အရေပြားက စုပ်ယူတတ်တယ်။ နေရောင်ထိုး၊ ဒဏ်ရာမရအောင် ကာကွယ်ပေးတယ်။ အရေပြားဟာ ကိုယ်ခံစွမ်းအားရဲ့ ပထမဆုံး ခံတပ်ဖြစ်ပါတယ်။ အရေပြားဟာ ပိုးမွှားတွေကို ကာကွယ်ပေးတယ်။ ဥပမာ - ကလေးလေးတစ်ယောက် ရေထဲမှာ ပျော်နေတယ်။ ဒါပေမဲ့ ကလေးလေးက ပွဖောင်းမလာဘူး။ အရေပြားက အပြင်ကနေ ရေတွေ ခန္ဓာကိုယ်ထဲဝင်မလာအောင် ကာထားတယ်။ နောက်ပြီး စစ်ထုတ်ပေးတယ်။ ချွေးတွေ ထွက်လာတယ်။ ခံစားတတ်တယ်။ နူးညံ့တဲ့အထိအတွေ့လေးတွေကို ခံစားတတ်တယ်။ နာတတ်တယ်။ အရေပြားမှာ အလွှာသုံးလွှာ ရှိတယ်။ အရေပြားဟာ ပြောင်းလဲတတ်တယ်။ ပြောင်းလဲမှုနှင့်အတူ ဖြစ်တတ်တဲ့ ရောဂါတွေလည်း ရှိပါတယ်။


တယ်လီဖုန်းနှင့် အရေပြား

 ဖုန်းတွေ အရမ်းကြည့်တဲ့အခါမှာ မျက်လုံးတွေက ကြောင်သွားသလို ဖြစ်တတ်တယ်။ မျက်လုံးတွေ ကြည့်လို့မကောင်းတော့ မျက်လုံးတွေကို လက်နဲ့ပွတ်တယ်။ မျက်မှောင်ကျုံ့တယ်။ နောက်ပြီး ဖုန်းပြောရင် ပါးနဲ့အတင်း ကပ်ပြောတာတွေရှိတယ်။ အဲလိုလုပ်တဲ့အခါ အရေပြားဟာ အပူလောင်မယ်။ ဝက်ခြံတွေ ထွက်တတ်တယ်။ ဖုန်းအကြာကြီး ကိုင်ထားတဲ့အတွက် Chemical allergic ဖြစ်တယ်။ ဖုန်းသုံးတဲ့အခါ သတိထားရမှာက သန့်ရှင်းရေး မလုပ်ဘဲ သုံးတာ၊ စကရင် ညစ်ပတ်နေရင် ပါးနဲ့ကပ်ပြောရတာ ဖြစ်တဲ့အတွက် ပိုးမွှားတွေကြောင့် ဝက်ခြံဖြစ်တာတွေ ရှိတယ်။ ဖုန်းအသစ်သုံးရင် အရမ်းသတိထားစေချင်တယ်။ Chemical တွေပါတယ်။ အဲဒါတွေက allergic ရတတ်တယ်။ တိုက်ရိုက်အသားနဲ့ထိပြီး ဖုန်းပြောတာကို လျှော့ပါ။ တတ်နိုင်ရင် စပီကာဖွင့်ပြီး ပြောစေချင်တယ်။ ကြိုးဖုန်းကိုပဲ သုံးစေချင်တယ်။


ကွန်ပျူတာနှင့် အရေပြား

 ကွန်ပျူတာကို အခုချိန်မှာ လူတိုင်း သုံးတယ်။ အခုခေတ်မှာ ကွန်ပျူတာကို တတ်မှဖြစ်မယ်ဆိုပြီး သုံးရတယ်။ အင်တာနက် လိုင်းမကောင်းတဲ့အခါ လူက စိတ်မောရတယ်။ မောတာနဲ့အတူ အရေပြားတွေ ခြောက်သွေ့လာတယ်။ နီရဲတာတွေ၊ မည်းတာတွေ ဖြစ်တတ်ပါတယ်။ Laptop အရမ်းသုံးတဲ့ သူတွေမှာ အမဲစက်တွေ ထွက်တယ်။ ခါးနာမယ်၊ ဇက်နာမယ်၊ လက်ချောင်းတွေမှာ အသားမာတတ်မယ်၊ လက်ဖဝါးတွေမှာ ယားနာဖြစ်မယ်။ ဒါကြောင့် ကွန်ပျူတာကို အဝေးကနေ ကြည့်မယ်။ ကွန်ပျူတာက ပြန်တဲ့အလင်းနဲ့ မျက်စိတိုက်ရိုက်မထိအောင် ပါဝါမပါတဲ့ မျက်မှန်သပ်သပ်ရှိတယ်၊ တပ်စေချင်တယ်။ ခါးမတ်မတ်ထိုင်ပါ။ ရေသောက်မယ်။ ကွန်ပျူတာရှေ့မှာ အကြာကြီးထိုင်နေရတာကို ရှောင်ပြီး လမ်းထလျှောက်တာမျိုးတွေ လုပ်ရမယ်။ ကွန်ပျူတာ အသုံးပြုသူတွေက Antioxidants နဲ့ Suncreen တွေကို အသုံးပြုသင့်ပါတယ်။


အိပ်စက်အနားယူခြင်းနှင့် အရေပြား

 အိပ်ရေးမဝဘူးဆိုရင် အရေပြားမှာ အရေးအကြောင်းတွေ ပေါ်တယ်။ နှင်းခူ၊ ဝက်ခြံစတဲ့ အရေပြားရောဂါတွေကို ပိုဆိုးစေသည်။ မျက်တွင်းကျတာတွေ၊ မည်းတာတွေဖြစ်တယ်။ စိတ်ဖိစီးမှုများတာတွေ၊ စိတ်တိုတာတွေ ဖြစ်တတ်တယ်။ အခုလို တုပ်ကွေးရာသီတွေမှာဆို အိပ်ရေးမဝအောင် အိပ်သင့်တယ်။ အိပ်တာက အားဆေးတစ်ခုလိုဖြစ်တဲ့အတွက် ကိုယ်ခံစွမ်းအားကျတာတွေကို ကာကွယ်နိုင်တယ်။ နောက် အိပ်ရေးမဝရင် အဝလွန်တာတွေ ဖြစ်တယ်။ အိပ်ချိန်က ၁၀နာရီ ရှိရမယ်။ ကိုယ်ခံစွမ်းအားတိုးမယ်၊ မျက်လုံးကြည်စေတယ်။


အရက်နှင့် အရေပြား

 အရက်သောက်တဲ့သူတွေရဲ့ အရေပြားက ဝါတာတာ၊ ဖျော့တော့တော့၊ မျက်နှာက နီစပ်စပ်တွေဖြစ်ပြီး အရောင်ပြောင်းတယ်။ အရက်ကို ဆက်တိုက် မသောက်ဘူးဆိုရင် နှာခေါင်းပဲ နီမယ်။ ပြီးရင် ပြန်ကောင်းလာမယ်။ အရက်ကို ဆက်တိုက်သောက်မယ်ဆိုရင်တော့ အရေပြားတစ်ခုလုံးက ပြောင်းလဲပြီးတော့ နီတာပြာမယ်။ နီစပ်စပ်ဖြစ်မယ်။ ဝက်ခြံထွက်မယ်၊ အသားအရေကြမ်းရင့်မယ်။ အရေပြားကင်ဆာဖြစ်မယ်။ မျက်လုံးတွေ ဝါမယ်။ ဒါကြောင့် ကြိုက်လို့သောက်ရင်တောင် ရက်ခြားသောက်၊ လျှော့သောက်၊ အစာကို များများစားပေး၊ အရက်ကြောင့် အသည်းခြောက်တာ မဖြစ်အောင် ရေလုံလောက်အောင် သောက်ပေးပြီး နေပူဒဏ်ရှောင်တာမျိုး၊ အိပ်ရေးမဝအောင် အိပ်တာမျိုးတွေ လုပ်ရပါမယ်။


စိတ်ဖိစီးမှုနှင့် အရေပြား

 လူက အလုပ်တွေများလို့ စိတ်ပင်ပန်းလာပြီဆိုရင် အရေပြားက အရင်ဆုံးယားလာတယ်၊ အဲ့တော့ ကုတ်တယ်။ နဂိုအခံအရေပြားကိုက တုံ့ပြန်လွယ်တဲ့ အရေပြားရောဂါ ရှိတယ်ဆိုရင် ပိုဆိုးတတ်တယ်။ စိတ်ဖိစီးတာကိုမှာမှ တစ်အားစိတ်လှုပ်ရှားဖို့ကောင်းတဲ့ စိတ်ဖိစီးမှုမျိုး ဖြစ်လာခဲ့မယ်ဆိုရင်  သမင်ဖြူ ဖြစ်နိုင်တယ်။ စိတ်ညစ်ရင် အရေပြားမှာ အင်ပျဉ်တွေထတာ ဖြစ်တယ်။ ဆံပင်ကျွတ်မယ်။ ဒါ့ကြောင့် စိတ်သက်သာရအောင် တရားအားထုတ်တာ၊ ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာအပြင် သီချင်းဆိုတာ၊ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို မှတ်စုရေးထားတာတွေကြောင့် စိတ်ဖိစီးမှုကင်းစေပါသည်။


တက်တူးနှင့် အရေပြား

 တက်တူးထိုးရင် ဖြစ်တတ်တာက အရေပြားတွေ ကြွတတ်လာတယ်။ ထိုးရင်းနဲ့ ပိုးဝင်ရင် အေအိုင်ဒီအက်စ်ကအစ အသည်းရောင်ဘီ၊ စီတွေ ဖြစ်တယ်။ ဓာတ်မတည့်တာ၊ နေရောင်မခံနိုင်တာ၊ အဖုအလုံးတွေ ဖြစ်တာနဲ့ အမာရွတ်ကျန်တာတွေ ဖြစ်နိုင်တယ်။ ပထမ ဘာပုံထိုးမှာလည်း အရင်သေချာ စဉ်းစားပါ။ ထိုးပြီးရင် နေကို တတ်နိုုုုင်သမျှ ရှောင်ပါ။ အပ်အသစ်ကို သုံးဖို့ ဂရုစိုက်ရမယ်။


Beach နဲ့ အရေပြား

 အခုလိုရာသီမှာ ပင်လယ်ကမ်းခြေကို သွားကြတဲ့ သူတွေများတယ်။ အရေပြားတွေ ခြောက်သွေ့မယ်၊ ယားမယ်။ နေလောင်ဒဏ် ခရင်မ်တွေ သုံးမယ်။ ပင်လယ်စာတွေဆိုလည်း အကြိုက်ပဲ စားကြမယ်။ အဲ့အခါမှာ ဓာတ်မတည့်တဲ့ ရောဂါတွေ ဖြစ်လာတယ်။ ကမ်းခြေမှာ လမ်းလျှောက်တဲ့အခါ ခွေးတွေ၊ ကြောင်တွေရဲ့ မစင်တွေရှိတယ်။ သဲဖွဖွနုနုလေးတွေက နင်းလိုက်တဲ့အခါမှာ ခြေထောက်ထဲကို မမြင်နိုင်တဲ့ သံကောင်တွေ ဝင်သွားတယ်။ ကမ်းခြေသွားမယ်ဆိုရင် အရေပြားကို ထိန်းသိမ်းမယ်။ မပွန်းအောင် မပဲ့အောင် ထိန်းထားမယ်။ အရေပြားထိသွားပြီဆိုရင် နေပူရှောင်ရမယ်။ နေရောင်ကို တတ်နိုင်သမျှ ကာကွယ်ရမယ်။


နေရောင်နဲ့ အရေပြား

 နေရောင်ခြည်နဲ့ အရေပြားထိတဲ့အခါ နေလောင်မယ်။ အရေပြားတွေ နီမယ်။ မိတ်တွေထမယ်၊ အဖတ်တွေ လန်မယ်။ နေပူထဲမှာ အလုပ်လုပ်ရတာများတဲ့ သူတွေရဲ့ အရေပြားက အတွန့်တွေဖြစ်တယ်။ နောက် အရေပြားကင်ဆာဟာလည်း နေပူကြောင့် ဖြစ်တတ်တယ်။


Credit : သဇင်ဖြူဖြူထွေး

Pg No. 80 - 81, AROGYAM, No. 295. Fabruary 2017



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18