Print

ဆောင်းနှင်းခူရဲ့ ရောဂါလက္ခဏာများ

  13-Feb-2019
Preview Image

ဆောင်းနှင်းခူရဲ့ ရောဂါလက္ခဏာတွေက အရေပြား ခြောက်သွေ့ခြင်း၊ အရေပြားရောင်ခြင်းနှင့် ယားခြင်းတို့ပါ။ ဆောင်းနှင်းခူ ဖြစ်နေသူမှာ အရေပြားခြောက်သွေ့တာကို တွေ့နိုင်ပါတယ်။ အရေပြားရောင်ခြင်းကို အစင်းအရာတွေနဲ့ ကွဲအက်နေတဲ့ အရေပြားပေါ်မှာ အနီရောင်ဖု၊ အနီကွက်လေးများဖြစ် မြင်နိုင်ပြီး အကွက်ပေါ်မှာ အကြေးခွံလေးတွေလည်း တွေ့နိုင်ပါတယ်။ ကိုင်ကြည့်ရင် အရေပြားက မနူးညံ့ဘဲ ကြမ်းနေပါတယ်။

         

ဆောင်းနှင်းခူဆိုတဲ့ နာမည်အတိုင်း အရေပြား ခြောက်သွေ့တဲ့ ဆောင်းတွင်းမှာ ပိုယားတတ်ပါတယ်။ ယားလို့ ကုတ်မိတဲ့အခါ သားငံရည်တွေ၊ သွေးတွေ ထွက်နေတာကိုလည်း မြင်နိုင်ပါတယ်။ အရေပြားအနာ ဖြစ်တတ်ပါတယ်။

 

ဆောင်းနှင်းခူ အဖြစ်များသောနေရာများ

          အဝတ်အစား ဖုံးအုပ်မထားတဲ့ ခြေသလုံးတွေ၊ ပေါင်တွေ ဖြစ်ပါတယ်။ လက်မောင်းတွေမှာလည်း အဖြစ်များပါတယ်။ မျက်နှာနဲ့ လည်ပင်းမှာတော့ တွေ့ခဲပါတယ်။ ဒါပေမယ့် တစ်ကိုယ်လုံးမှာ ဆောင်းနှင်းခူ ဖြစ်တတ်ပါတယ်။

 

ဆောင်းနှင်းခူ ဖြစ်စေသည့်အကြောင်းများ

          အကြောင်းအရင်းကို တိတိကျကျ စုံစုံလင်လင် မသိနိုင်သေးပေမယ့် ဆောင်းရာသီမှာ အရေပြားခြောက်သွေ့ခြင်းနဲ့ ကိုယ်ခံစွမ်းအားစနစ်ကြောင့်လို့ ယူဆကြပါတယ်။ အသက်ကြီးလာတာကြောင့် အရေပြားအပေါ်ယံလွှာကနေ ရေဓာတ်ဆုံးရှုံးခြင်း၊ ချွေးထွက်နည်းလာခြင်း၊ အဆီဓာတ် (lipids) လျော့နည်းခြင်းတွေနဲ့ အဆီထုတ်နှုန်း လျော့နည်းခြင်းတွေ ဖြစ်လာပါတယ်။ အသက်ကြီးသူတို့မှာ အဆီထုတ်နှုန်းနဲ့ ချွေးထုတ်နှုန်း နည်းလာတတ်တာကြောင့် အရေပြား ပိုခြောက်သွေ့လာတာနဲ့ တစ်ပြိုင်တည်း အရေပြားဆဲလ်တွေက ပွတ်တိုက်မခံနိုင်တော့ဘဲ ထိခိုက်လွယ်လာတယ်။ ယားလာပါတယ်။ ဆောင်းနှင်းခူ ဖြစ်လာပါတော့တယ်။

 

ဆောင်းနှင်းခူ ကုသနည်းများ

ယားခြင်းကို သက်သာစေဖို့ ရည်ရွယ်ကုသခြင်း ဖြစ်ပါတယ်။ အရေပြား အရောင်ကျဆေး၊ အယားပျောက်ဆေးတွေကို လိမ်းဆေး၊ စားဆေးများနဲ့ ကုသသင့်ပါတယ်။ ဆောင်းနှင်းခူရောဂါ အဓိကအခြေခံဖြစ်စေတဲ့ အကြောင်းရင်းဖြစ်တဲ့ အရေပြားခြောက်သွေ့မှုကို မကုဘဲ ဆေးချည်းကုသနေရင် မသက်သာနိုင်ပါ။ ဒါကြောင့် အရေပြားကို အဆီ၊ ရေဓာတ်ဖြည့် ခရင်မ်တွေနဲ့ အရေပြားထိန်းသိမ်းကုသရပါမယ်။

         

အရေပြား ကောင်းမွန်စေဖို့ လူနေမှုပုံစံကို ပြောရလျှင် ရေချိုးချိန်ကို စပြောရပါမယ်။ တစ်ပတ်နှစ်ခါပဲ ရေချိုးပါ။  ရေချိုးရင် ၁၀ မိနစ်ထက် ကြာကြာမချိုးသင့်ပါ။ ရေမစိမ်သင့်ပါ။ ဆပ်ပြာရေနဲ့ ဆောင်းနှင်းခူဖြစ်နေတဲ့ အရေပြားကို ပွတ်တိုက်တာ မလုပ်သင့်ပါ။ ဆောင်းနှင်းခူ  ရှိသူများအနေနဲ့ တတ်နိုင်သမျှ အရေပြားကို ဖုံးအုပ်ကာကွယ်သင့်ပါတယ်။ ရုံးဖြစ်စေ၊ အိမ်ဖြစ်စေ ခြေချထိုင်ရာမှ လေအေးစက်ကျရာ ဒါမှမဟုတ် လေအေးတိုက်တဲ့ နေရာဖြစ်နေရင် စောင် သို့မဟုတ် ပုဝါနဲ့ ခြေသလုံးကို ဖုံးအုပ်ထားသင့်ပါတယ်။

         

ဘောင်းဘီရှည်၊ အင်္ကျ ီလက်ရှည် ဝတ်သင့်ပြီး ခြေစွပ် စွပ်ထားသင့်ပါတယ်။ ခရီးသွားရင် ခြေသလုံး၊ လက်မောင်းများအား သတိထား ဖုံးအုပ်ဖို့ ပုဝါ၊ စောင် သုံးသင့်ပါတယ်။ ဆောင်းတွင်းမှာ လေအေးစက်ကို အေးစက်နေအောင် ဖွင့်ထားမယ်ဆိုရင် အရေပြား ပိုခြောက်သွေ့တတ်ပါတယ်။

 

ဆောင်းနှင်းခူ၏ နောက်ဆက်တွဲ ဆိုးကျိုးများ

          အနာထဲကို ဘက်တီးရီးယားပိုး ဝင်တတ်ပါတယ်။ အဲဒီအခါ ပြည်တည်နာတွေ ဖြစ်လာတတ်ပါတယ်။ မှိုပိုးဝင်ခြင်းဖြစ်တဲ့အခါ ပွေးပေါက်လာတယ်။ ယားရင်း၊ ကုတ်ရင်း ဆောင်းနှင်းခူစွဲတဲ့အခါ နာတာရှည် နှင်းခူဖြစ်လာပြီး စိတ်ညစ်စိတ်ဓာတ်ကျခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဆောင်းနှင်းခူဆိုတာ ဆေးကုသရင်၊ ဆောင်းကုန်ရင် ပြန်သက်သာနိုင်ပေမယ့် ခြောက်သွေ့တဲ့ အရေပြားဖြစ်နေရင် ဆောင်းရောက်တဲ့အခါ ပြန်ဖြစ်တတ်ပါတယ်။ သေသေချာချာ မကုထားမယ်ဆိုရင် တစ်နှစ်ပတ်လုံး ဆောင်းနှင်းခူစွဲ၊ ဆောင်းနှင်းခူ ယားတတ်ပါတယ်။

 

Ref: Dr. မြတ်စန္ဒာကျော် (အရေပြားအထူးကုဆရာဝန်ကြီး)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18