Print

ရေယုန်ဆိုတာဘာလဲ

  11-Feb-2019
Preview Image

ရေယုန်ဆိုနာ ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်တာပါ။ ဟားပီးစ်ဗိုင်းရပ် (Human Herpes Virus HSV) ပါ။ ဗိုင်းရပ်စ်နှစ်မျိုး ရှိတယ်။ HSV 1 နဲ့ HSV 2 ပါ။HSV1 ဟာ နှုတ်ခမ်းရေယုန် ဖြစ်စေတယ်။ မိသားစုအတွင်း ထိတွေ့ကိုင်တွယ်ခြင်း၊ နမ်းခြင်း၊ မျက်နှာသုတ်ပဝါ၊ အသုံးဆောင်များ၊ အတူတူသုံးစွဲခြင်းတို့မှ တစ်ဆင့် ကူးစက်တယ်။ လက္ခဏာမပြဘဲနေနိုင်သလို အရမ်းနာတာကြောင့် ဆရာဝန်နဲ့ ပြရတာလည်း ရှိတယ်။


ကြည့်လိုက်ရင် နှုတ်ခမ်းထောင့်မှာ အရည်ဖုသေးသေးလေးတွေ အစုလိုက် ပေါ်လာတာပါ။ တစ်ပတ်ဆယ်ရက်လောက် အထိ ကြာတက်တယ်။ မပေါ်ခင်မှာ နာသလို စပ်သလို အရင်ဖြစ်တက်ပါတယ်။ အနာကျတ်သွားရင် အမာရွတ် မကျန်ခဲ့တက်ဘူး။ ဒါပေမဲ့ ဗိုင်းရပ်စ်က ကိုယ်ခန္ဓာအတွင်းမှာ အောင်သွားတာပါ။ အာရုံကြောစနစ်မှာ နားနေပါတယ်။ ဘယ်သူမဆို ဒီအတိုင်းပါပဲ။ လူအများစုတော့ နှုတ်ခမ်းရေယုန်ပြန်ဖြစ်လေ့ မရှိဘူး။ တချို့တော့ နဂိုဖြစ်ပြီးသား နေရာမှာ၊ အနီးတဝိုက်မှာ ပြန်ဖြစ်တက်ပါတယ်။ ပြန်ဖြစ်တာက ပထမလောက်မဆိုးတော့ဘူး။ အများအားဖြင့် အအေးမိခြင်း၊ တုပ်ကွေး၊ နေလောင်ခြင်း၊ ရာသီသွေးပေါခြင်း စတာတွေနဲ့ ပက်သက်တယ်။ ဘယ်သူတွေ ပြန်ဖြစ်တက်ပြီး ဘယ်သူတွေ ပြန်မဖြစ်ဘူးလဲဆိုတာ ခန့်မှန်းလို့မရပါဘူး။

         

HSV 2 အမျိုးအစားက လိင်အင်္ဂါများ၊ သားအိမ်ခေါင်းများ၊ တင်ပါးစတာတွေမှာ ဖြစ်လေ့ရှိတယ်။ ရောဂါရှိသူနဲ့ ထိတွေ့ ဆက်ဆံပြီး နှစ်ရက်ကနေ နှစ်ဆယ်ရက် အတွင်းမှာ ဖြစ်တက်ပါတယ်။ အဓိကက လိင်ဆက်ဆံခြင်းနဲ့ ကူးစက်ပါတယ်။ ပထမဆုံးဖြစ်တာရော၊ ပြန်ဖြစ်တာတွေမှာပါ လက္ခဏာပြလေ့ရှိတယ်။ ဖြစ်တဲ့နေရာမှာ အနီကွက်ပေါ်တာ၊ ယားတာ၊ နာတာ၊ စပ်တာ၊ ဆီးပူတာတွေအပြင် ကိုယ်လက်ကိုက်တာ၊ ဖျားတာတွေအထိပါ ဖြစ်တက်တယ်။

         

ပြန်မဖြစ်ခင်မှာလည်း နာတာ၊ ယားတာစတာတွေ ရက်အနည်းငယ် အရင်စဖြစ်ပါတယ်။ နောက်မှ အရည်ကြည်ဖုတွေ ပေါ်လာတာပါ။ အနာကျတ်သွားရင် HSV 1 လိုပဲ ကိုယ်တွင်းက အာရုံကြော ဆဲလ်တွေထဲမှာ ခိုးအောင်းနားနေပါတယ်။ ခုခံအားကျဆင်းတဲ့အခါ၊ ပင်ပန်းနွမ်းနယ်တဲ့အခါ၊ ဖိစီးမှုများတဲ့အခါ၊ လိင်ဆက်ဆံမှုပြုတဲ့အခါ၊ ဓမ္မတာပေါ်တဲ့ အခါတွေမှာ ပြန်ပေါ်လာတက်တယ်။

         

အခုနောက်ပိုင်း ပါးစပ်နဲ့ လိင် ဆက်ဆံခြင်းလည်း ပြုလုပ်လေ့ရှိလာတာ ကြောင့် HSV 1က လိင်အင်္ဂါမှာဖြစ်ပြီး HSV 2 က ပါးစပ်၊ နှုတ်ခမ်းမှာ ဖြစ်တာလည်း များပြားလာပါတယ်။အနာဖြစ်နေမှ ကူးတာမဟုတ်ဘူး။ လက္ခဏာမပြဘဲလဲ ကူးစက်နိုင်တယ်။ အဲဒီလို ကူးတာ ပိုတောင်များတယ်လိုု့ လေ့လာမှုတွေက ဆိုပါတယ်။ အထူးသဖြင့် လိင်အင်္ဂါရေယုန်ပါ။ ကူးစက်မှု ၈၀ ရာခိုင်နှုန်းက လက္ခဏာမပြဘဲနဲ့ ကူးတယ်လို့ ပြောကြတယ်။ ဘယ်လိုဖြစ်တာလဲဆိုတော့ အနာမရှိပေ့မယ့် ဗိုင်းရပ်စ်ပိုးက လိင်အင်္ဂါတစ်ဝိုက်မှာ ရှိနေတယ်။ လက္ခဏာမပြဘဲ ပိုးထုတ်လွှတ်ခြင်း လို့ခေါ်တယ်။ အဲဒီကနေ ကူးစက်တာဖြစ်တယ်။

         

ကင်ဆာရောဂါရှင်များ၊ ကိုယ်အင်္ဂါအစားထိုးကုသမှု ခံယူထားသူများ၊ ခုခံအား ကျဆင်းနေသူများဟာလည်း ရေယုန် တစ်ကိုယ်လုံး ပျံ့နှံ့သွားနိုင်တာမို့ ဂရုစိုက်ရမယ့်သူများ ဖြစ်တယ်။ရေယုန်ပေါက်တဲ့ပုံစံက သိသာ ထင်ရှား ကွဲပြားတာမို့ ကြည့်ရုံနဲ့ပဲ အလွယ်တကူ ရောဂါသတ်မှတ်နိုင်တယ်။ လိုအပ်ရင် အနာနေရာကို အရေပြားခြစ်ယူပြီး ဓာတ်ခွဲစမ်းသပ်မှု ပြုလုပ်နိုင်ပါတယ်။

         

Acyclovir စတဲ့ ဗိုင်းရပ်စ်ဆေးသောက်ခြင်း၊ လိမ်းခြင်းများနဲ့ ကုသကြပါတယ်။ နောက်လက္ခဏာ သက်သာစေရန် ရေခဲအဝတ်ကပ်ခြင်း၊ ပိုးသတ်ဆေး၊ အကိုက်အခဲပျောက်ဆေးများလည်း တွဲစပ်အသုံးပြုလေ့ ရှိပါတယ်။

         

ရေယုန်ရောဂါကာကွယ်ဆေးတော့ မရှိသေးပါဘူး။ ရောဂါဖြစ်နေသူဟာ တခြားသူများနဲ့ ကိုင်တွယ်ထိတွေ့ခြင်း တက်နိုင်သမျှ ရှောင်ရပါမယ်။ ရေခွက်၊ ဇွန်း၊ နှုတ်ခမ်းနီ စသည်တို့ အတူတကွသုံးစွဲခြင်း မလုပ်ရပါဘူး။ လိင်အင်္ဂါရေယုန် ဖြစ်နေတုန်းမှာလည်း လိင်ဆက်ဆံမှု ရှောင်ကြဉ်ထားရပါမယ်။ တစ်လင်တစ်မယား လိင်ဆက်ဆံမှုဟာ အကောင်းဆုံးပါ။ တခြားသူနဲ့ ဆက်ဆံမယ်ဆိုရင်တော့ လုံခြုံစိတ်ချမှုရှိဖို့ လိုအပ်တာပေါ့။ ဒါကြောင့် ကွန်ဒုံးအသုံးပြုရပါမယ်။ ပုတ်သင်ညို ပြောသလိုလုပ်တာ အသင့်တော်ဆုံးပါ။


Credit :

ဒေါက်တာ စိုးဝင်းဦး

(အရေပြားအထူးကု ဆရာဝန်ကြီး)

(No.121,February 2017)

Health for All



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18