Print

ဗီတာမင်အီးနှင့် အရေပြား

  07-Feb-2019
Preview Image

ဗီတာမင်အီးဆိုတာ တိုကိုဖီရော Tocopherol သဘာဝဓာတု ပစ္စည်းတွေကို ခေါ်တာပါ။ အယ်လ်ဖာ၊ ဘီတာ၊ ဒယ်တာ၊ ဂါမာဆိုပြီး အုပ်စုကွဲတွေ ရှိတဲ့အနက် ဒီနေ့မှာ အသုံးများနေတဲ့ ဗီတာမင်အီးကတော့ အယ်လ်ဖာတိုကိုဖီရော(Alpha tocopherol)ပဲ ဖြစ်ပါတယ်။ ဒီ ဗီတာမင်အီးကိုပဲ သဘာဝအတိုင်း ထုတ်လုပ်တာနဲ့ ဖန်တီးထုတ်လုပ်တာ နှစ်မျိုးရှိပါတယ်။


သဘာဝက အာနိသင်ရှိပြီး ပါးစပ်ကနေ သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်က ပိုပြီး များများစုပ်ယူနိုင်ပါတယ်။ ဒါပေ့မယ် ဈေးကျတော့ “သဘာဝဗီတာမင်” က ဈေးပိုပြီး “ဖန်တီးထားတဲ့ ဗီတာမင်” က ဈေးသက်သာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခန္ဓာကိုယ်အတွက် အကျိုးပြုတာချင်းကတော့ တူတူပါပဲ။


ဗီတာမင်အီးက ခန္ဓာကိုယ်ကြီးကို ဘယ်လိုကောင်းကျိုးတွေ ပေးသလဲဆိုရင် ဓာတ်တိုးပစ္စည်းတွေကို ဆန့်ကျင်နှိမ်နှင်းနိုင်တဲ့ သတ္တိရှိခြင်းပါပဲ။ လူသားတွေအတွက် ဒီအစွမ်းသတ္တိက သိပ်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဆရာတို့ သက်ရှိလူသားတွေအနေနဲ့ နေ့စဉ်နဲ့အမျှ ဇရာအရဖြစ်စေ၊ နေရောင်ခြည်ဒဏ် ခံရလိုဖြစ်စေ၊ ဆေးလိပ်သောက်လို့ ဖြစ်စေ၊ ပတ်ဝန်းကျင် လေထုညစ်ညမ်းလိုဖြစ်စေ၊ အောက်ဆီဂျင်အရိုင်းဓာတ်(ဖရီးရယ်ဒီကယ်) တွေ ထွက်နေလို့ပါ။ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အဲဒီ အောက်စီဂျင်အရိုင်းဓာတ်တွေကို တွန်းလှန်နိုင်မှ အသက်ရှည်ပြီး အဆင်းလှမှာကိုး။ အဲဒီလို တွန်းလှန်ချေဖျက်ပါက ခန္ဓာကိုယ်ကလာပ်စည်းတွေရဲ့ အပေါ်ယံအလွှာဟာ ပျက်စီးမှုမရှိဘဲ တည်ငြိမ်နိုင်မှာပါ။


ဗီတာမင်အီး သုံးစွဲရင် အဆင်းလှတယ်ဆိုတာ ပျော့ပျောင်းနူးညံ့တဲ့ အရေပြားမျိုးပါ။ ဘာလို့လဲဆိုတော့ ဗီတာမင်အီးဟာ နေရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့ အရေပြားကိုလည်း ပြန်လည် ကောင်းမွန်စေပါတယ်။ လူဆိုတာ နေရောင်ခြည်ဒဏ်ကြောင့် အရေပြားဟာ အနည်းနဲ့အများ လူတိုင်းမှာ ထိခိုက်ပျက်စီးရတာပါပဲ။


သုတေသနတစ်ခုမှာ မျက်စိတစ်ဝိုက်မှာရှိတဲ့ အရေးအကြောင်းတွေကို ဗီတာမင်အီး ခရင်မ် တစ်လလောက် လိမ်းကြည့်လိုက်တာက တစ်အုပ်စု၊ ပလေစီဘို(Placebo)လို့ ခေါ်တဲ့ ဘာအစွမ်း သတ္တိမှမရှိတဲ့ ခရင်မ်ကို တစ်လလောက် လိမ်းကြည့်တာက တစ်အုပ်စု ယှဉ်ကြည့်ကြတယ်။ အဲဒီမှာ ဗီတာမင်အီး လိမ်းကြည့်တဲ့ အုပ်စုမှာ အရေးအကြောင်းတွေ သိသိသာသာ လျော့နည်း သွားတဲ့အပြင် အသားအရေလည်း ချောလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တစ်ချို့က ဗီတာမင်အီးသုံးရင် နုပျိုကျန်းမာတဲ့ အရေပြားဖြစ်စေတယ်လို့ ဆိုကြပါတယ်။


ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွက်တွေကို ပြန်လည်ပြီး ချောချောမောမော ဖြစ်အောင် ဗီတာမင်အီးက ကူညီပေးပါတယ်။ ဝက်ခြံမပေါက်အောင် ကာကွယ်တယ်လို့တော့ ဆရာ မတွေ့မိသေးပါဘူး။ အဓိကအချက်ကတော့ အနာကျက်ခြင်းကို အားပေးတာပါ။ ယေဘုယျအားဖြင့် အနာတစ်ခုဟာ မြန်မြန်ကျက်ရင် အမာရွတ် သိပ်မကြီးဘူးပေါ့။ တချို့အနာတွေဟာ ပင်ကိုအကြောင်းတရားအရကို အနာကျက်နှေးတတ်တာမျိုး ရှိပါတယ်။ ဥပမာ - နာတာရှည်လှဲနေရတဲ့ လူနာမျိုးမှာ ခါးအောက်ပိုင်းမှာ ပေါက်တဲ့အနာမျိုးပေါ့။ အလွန် အကျက်နှေးပါတယ်။ ဒီတခါမျိုးမှာ ပုံမှန်ကုထုံးတွေအပြင် ဗီတာမင်အီးဆေးပါ သောက်ခိုင်းရင် ပိုကောင်းပါတယ်။ အနာကျက်တာကို တစ်နည်းအားဖြင့် အထောက်အကူပြုတယ်ပေါ့။ ဒါပေမဲ့ သုတေသနတစ်ခုမှာတော့ ဗီတာမင်အီးဟာ အနာကျက်မြန်စေတဲ့ အထောက်အထား မရှိပါဘူး။


ဗိုက်အကြောပြတ်တာတွေကို ကိုယ်ဝန်ဆောင်မိခင်များအပြင် အဝလွန်သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် စတီးရွိုက်ဟော်မုန်းဓာတ် များသူတွေမှာ တွေ့ရတက်ပါတယ်။ ဒီလို အရုပ်ဆိုးတဲ့ အရေပြားပြဿနာကို ဗီတာမင်အီး သုံးစွဲခြင်းဖြင့် လျော့နည်းသက်သာစေတယ်လို့လည်း ဆိုပါတယ်။

         

အရေပြားဆိုတာ ပုံမှန်အစိုဓာတ် ရှိရပါတယ်။ ဒါမှ အသားအရေဟာ စိုစိုပြည်ပြည် ရှိမှာကိုး။ ဗီတာမင်အီးဟာ အရေပြားရဲ့ အစိုဓာတ်ထိန်းသိမ်းမှုကို အားပေးတယ်လို့ သိရပါတယ်။ ဒါကြောင့် ဗီတာမင်အီးဓာတ် သုံးစွဲရင် အသားအရေလှတယ်လို့ ပြောတာဖြစ်မှာပါ။ အဖြစ်များတဲ့ အရေပြားပြဿနာတွေဖြစ်တဲ့ နှင်းခူတို့၊ ဂျွတ်ပွေးနာတို့ကိုလည်း ဗီတာမင်အီးသုံးစွဲခြင်းဖြင့် သက်သာစေတယ်လို့ သုတေသနတွေက ဆိုပါတယ်။ အရေပြားတင် မဟုတ်ဘူး။ ဆံပင်တွေခြောက်သွေ့ရင်လည်း ဗီတာမင်အီးဓာတ် သုံးစွဲရင် သက်သာနိုင်တယ်လို့ ဆိုပါတယ်။

         

ဗီတာမင်အီးလိုအပ်ချက်က နည်းနည်းလေးပါ။ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ သဘာဝကထည့်ပေးလိုက်ပီးသားပါ။ ဟင်းသီးဟင်းရွက်တို့၊ ပဲတို့မှာ ပါပြီးသားပါ။ သံလွင်ဆီတို့၊ နေကြာစေ့တို့မှာတော့ ထူးထူးခြားခြား ဒီဓာတ်တွေ များများပါဝင်ပါတယ်။ နို့နဲ့ ဂျုံတို့မှာလည်း ဗီတာမင်အီး ပါတာပေါ့။ နေပူဒဏ်ခံရတာ၊ စိတ်ဖိစီးတာ၊ လေထုညစ်ညမ်းတာ၊ ဆေးလိပ်သောက်တာ၊ အားကစာအလွန်အမင်း ပြင်းပြင်းထန်ထန်လုပ်တာ စသဖြင့် ရှိတဲ့အခါမျိုး အရေပြားပြဿနာတွေနဲ့ ကြုံတွေ့နေရတဲ့အခါမှတော့ ဗီတာမင်အီးကို သုံးစွဲဖို့ လိုအပ်ပါတယ်။

         

ဗီတာမင်အီးက အဆီမှာ ပျော်ဝင်တဲ့ ဓာတ်ပါ။ ဒါကြောင့် ဗီတာမင်အီး သောက်မယ်ဆိုရင် အဆီပါတဲ့ အစားအစာနဲ့တွဲမှ ခန္ဓာကိုယ်က ပိုပြီးစုပ်ယူနိုင်ပါတယ်။ ဗီတာမင်အီးအားဆေးကို ရေရှည်အကြာကြီးစွဲသောက်ရင် သွေးကျဲတဲ့ ပြဿနာတော့ ရင်ဆိုင်ရနိုင်ပါတယ်။ ဥပမာ - သွားနှုတ်ရင် တော်တော်နဲ့ သွေးမတိတ်တာပါ။ ဒါ့အပြင် အခြားသွေးကျဲစေတဲ့ ဆေးတွေနဲ့တွဲပြီး မသုံးသင့်ပါ။

         

အရေပြားကျန်းမာရေးကို ထိခိုက်စေတဲ့ နေရောင်ခြည်တို့၊ ဆေးလိပ်သောက်တာတို့၊ စိတ်ဖီးစီးမှုတို့၊ အာဟာရချို့တဲ့တာတို့ဟာ တကယ်တော့ ကာကွယ်တားဆီးလို့ ရနိုင်တဲ့ကိစ္စပါ။ အထူးသဖြင့် အင်တီအောက်ဆီးဒင့်ဓာတ် ကြွယ်ဝလှတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို မျှမျှတတ စားသုံးပေးပါလို့ တိုက်တွန်းလိုပါတယ်။ ဗီတာမင် သက်စောင့်ဓာတ်များကို လိုအပ်မှသာ ဖြည့်စွက်မှီဝဲသင့်ပါကြောင်း အကြံပြုလိုပါတယ်။


Credit :

ဒေါက်တာ ကျော်ကျော်

(အထူးအရေပြား အထူးကု)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18