Print

မျက်ကွင်းညိုရသည့် ယေဘုယျ အကြောင်းရင်းများ

  09-Feb-2019
Preview Image

မျက်ဝန်းတစ်ဝိုက်မှာ အကွက်လိုက် ညိုမှိုင်းနေတဲ့ မျက်ကွင်းညိုသူတွေကို ပန်ဒါဝက်ဝံလေးတွေလို့ စနောက်ကြလေ့ ရှိပါတယ်။ မျက်ကွင်းညိုသူတွေအနေနဲ့ နေ့စဉ်သွားလာကြတဲ့အခါ မြင်သာထင်သာရှိပြီး အရုပ်ဆိုးလှတဲ့ အညိုကွက်တွေကို ဖုံးဖိကွယ်ဝှက်ထားဖို့ မိတ်ကပ်တွေနဲ့ နည်းအမျိုးမျိုး သုံးပြီးကြိုးစားကြပေမယ့် အချိန်ကြာလာလေ ညိုမည်းတာတွေက ပိုပြီး သိသိသာသာဖြစ်တာကြောင့် အလှအပနဲ့ ပတ်သက်ပြီး အမြဲတစေ စိတ်အနှောင့်အယှက် ဖြစ်ကြရပါတယ်။ မျက်ကွင်းညိုတာက အလှအပအတွက်ပဲ စိတ်ညစ်ဖို့ ကောင်းစေတာလား ဒါမှမဟုတ် ကျန်းမာရေးမှာ အနုတ်လက္ခဏာပြနေတာများလား၊ ဘာကြောင့်များလဲဆိုပြီး မရေရာ မသေချာမှုတွေ ရှိနေနိုင်ပါတယ်။

 

မျက်ကွင်းညိုရတာ ဘာကြောင့်လဲ

          မျက်ကွင်းညိုရတာက အိပ်ရေးပျက်လို့၊ မောပန်းနွမ်းနယ်နေလို့၊ ကွန်ပျူတာ မျက်နှာပြင် ဒါမှမဟုတ် စမတ်ဖုန်းမျက်နှာပြင်ကို အချိန်နာရီပေါင်းများစွာ ကြည့်လို့စသဖြင့် ထင်ကြေးအမျိုးမျိုးပေးလေ့ ရှိပါတယ်။ ဒီအကြောင်းရင်းတွေအပြင် မျက်ကွင်းညိုရတဲ့ အကြောင်းအရင်းတွေ ထပ်ပြီးရှိနေပါသေးတယ်။

          ပထမဦးဆုံးအနေနဲ့ ညိုမည်းတဲ့ စက်ဝန်းပုံသဏ္ဍာန်က မျက်ဝန်းအနားမှာ ဘာကြောင့် ဖြစ်လာရသလဲဆိုတာ ကြည့်ရအောင်။ လူတွေရဲ့ အရေပြားအောက်မှာ ပင့်ကူအိမ်လိုမျိုး ယှက်ဖြာနေတဲ့ ဆံခြည်မျှင်သွေးကြောငယ်လေးတွေ ရှိနေပါတယ်။ ဒီဆံခြည်မျှင်သွေးကြောလေးတွေက အလွန်ပါးလွှာ သေးငယ်လွန်းတာမို့ သွေးနီဥဆဲလ်တွေက သွေးကြောမျှင်လေးတွေမှာ အတင်းတွန်းထိုးပြီး စီးဆင်းသွားလာကြရာမှ သွေးကြောတွေရဲ့ ပတ်လည်တွေအထိ သွေးနီဥဆဲလ်တချို့ ယိုစိမ့်ထွက်လာကြပါတယ်။ ဒါကို ရှင်းလင်းဖယ်ရှားဖို့အတွက် အင်ဇိုင်းတွေလည်း ထွက်လာပါတယ်။ ဒီသွေးနီဥဆဲလ်တွေ အင်ဇိုင်းနဲ့ ထိတွေ့ပြီး ပြိုကွဲသွားတဲ့အချိန်မှာ အပြာရောင်တွေ အမည်းရောင်တွေ ဖြစ်ကျန်ခဲ့တာ ဖြစ်ပါတယ်။ မျက်ဝန်းပတ်ပတ်လည်က အရေပြားက အပါးလွှာဆုံးဖြစ်တဲ့အတွက် ဒီလိုကျန်ရစ်ခဲ့တဲ့ အရောင်ခြယ်တွေကို မြင်တွေ့နိုင်တာဖြစ်ပြီး မျက်ကွင်းညိုတာလို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။

 

အသက်အရွယ် - မျက်လုံးတဝိုက်အရေပြားက အပါးလွှာအနူးညံ့ဆုံး ဖြစ်ပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ မျက်လုံးတဝိုက်အရေပြားတွေက ပိုမိုပါးလွှာလာပြီး အရေပြားအောက်က သွေးကြောမျှင်လေးတွေက ပိုပြီး ထင်ရှားပေါ်လွင်လာပြီး မျက်ကွင်းညိုလာကြပါတယ်။

 

မျိုးရိုးလိုက်ခြင်း - မျိုးရိုးဗီဇနဲ့ မျိုးရိုးလိုက်ခြင်းအကြောင်းတရားကလည်း မျက်ဝန်းတဝိုက်ညိုမည်းမှုတွေကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။

အာဟာရချို့တဲ့ခြင်း - အာဟာရဓာတ်ချို့တဲ့တာကြောင့်လည်း မျက်ကွင်းညိုမှုကို ဖြစ်စေတတ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ဗီတာမင် အေ၊ စီ၊ ကေ၊ အီးတို့ ပြည့်ကြွယ်ဝတဲ့ အစာအာဟာရတွေကို မှီဝဲစားသုံးပေးတာကြောင့် မျက်ကွင်းညိုခြင်းကို သက်သာလျော့ပါးစေနိုင်ပါတယ်။

 

ပင်ပန်းနွမ်းနယ်၍ အိပ်ရေးမဝခြင်း - အအိပ်အနေ နည်းပါးတာ ဒါမှမဟုတ် ပင်ပန်းနွမ်းလျတာမျိုးတို့ကြောင့် အရေပြားကို ဖျော့တော့သွားစေပြီး မျက်ဝန်းအရေပြား အောက်က သွေးကြောမျှင်တွေကို ပိုပြီး ထင်သာမြင်သာရှိစေတာကြောင့် မည်းပြာတဲ့ရောင်ခြယ်တွေ ပိုပြီးသိသာလာစေကာ မျက်ကွင်းညိုရတာ ဖြစ်ပါတယ်။

 

ဆေးလိပ်နှင့် အရက်သောက်သုံးခြင်း - ဆေးလိပ်တွေ၊ အရက်တွေ သောက်သုံးတာကြောင့် အရေပြားဆဲလ်တွေရဲ့ လုပ်ဆောင်မှုကို အားနည်းစေပြီး မျက်ကွင်းညိုစေတာ ဖြစ်ပါတယ်။ အရက်သောက်တာအပြင် လက်ဘက်ရည်၊ ကော်ဖီလိုမျိုး ကဖင်းဓာတ်ကဲတဲ့အရည်တွေ သောက်သုံးတာကြောင့် ခန္ဓာကိုယ်အတွင်း  ရေဓာတ်ဆုံးရှုံးမှုဖြစ်စေပြီး အရေပြားလုပ်ဆောင်မှုကို အနှောင့်အယှက် ဖြစ်စေတာကြောင့်လည်း မျက်ကွင်းညိုရပါတယ်။

 

နေရောင်နှင့်ထိတွေ့ခြင်း - နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာကနေ အရေပြားမျက်နှာပြင်က ရောင်ခြည်ဆဲလ်တွေကို ထိခိုက်ပျက်စီးစေပြီး မျက်ကွင်းညိုစေပါတယ်။ နေရောင်နဲ့အချိန်ကြာ ထိတွေ့တဲ့အခါ မျက်ဝန်းပတ်လည်က အရေပြားရောင်ခြယ်တွေဖြစ်တဲ့ မယ်လနင်တွေ သာမန်ထက်ပိုပြီး အရောင်ရင့်လာစေပါတယ်။ အရေပြားကို အပြင်လွှာနဲ့ အတွင်းလွှာဆိုပြီး ပင်မအလွှာနှစ်ထပ်ပေါင်းစပ်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အရေပြားအပြင်လွှာမှာ မယ်လနင်တွေ ပိုလာတဲ့အခါ အညိုရောင် ဖြစ်စေပြီး အရေပြားအတွင်းလွှာမှာ မယ်လနင်တွေ သာမာန်ထက် ပိုလာမယ်ဆိုရင်တော့ အပြာရောင် ဒါမှမဟုတ် မီးခိုးပြာရောင် ဖြစ်လာစေပါတယ်။

 

ဟော်မုန်းပြောင်းလဲခြင်း - အမျိုးသမီးတွေမှာ ဓမ္မတာလာချိန်နဲ့ ကိုယ်ဝန်ဆောင်ချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲဖြစ်သလို တဆက်တည်းမှာပဲ အရေပြားမှာပါ ပြောင်းလဲမှုတွေဖြစ်လာစေပြီး မျက်ကွင်းတွေ ညိုလာစေတတ်ပါတယ်။

 

ဓာတ်မတည့်ခြင်း - ဓာတ်မတည့်မှုဖြစ်တာကြောင့် မျက်လုံးတွေ ယားယံတဲ့အခါ မျက်လုံးကို ပွတ်သပ်မိပြီး သွေးကြောတွေ ဖူးရောင်လာပြီး  မျက်ကွင်းညိုစေတတ်ပါတယ်။ အချို့အစားအစာတွေနဲ့ ဓာတ်မတည့်တာကြောင့်လည်း မျက်လုံးအောက်တွေမှာ ညိုမည်းလာတတ်ပါတယ်။ ကလေးသူငယ်တွေမှာ မျက်ကွင်းညိုလာတာက ဓာတ်မတည့်မှုပြဿနာဖြစ်နေတဲ့ လက္ခဏာပြတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။


သွေးအားနည်းရောဂါနဲ့ အသည်းရောဂါတွေ ခံစားလာရရင်လည်း မျက်ကွင်းညိုလာရတတ်တယ်ဆိုတဲ့ သုတေသနစစ်ချက်တွေလည်း ရှိတတ်ပါတယ်။ သွေးအားနည်းရောဂါနှင့် မျက်ကွင်းညိုခြင်း - သံဓာတ်လုံလောက်မှုမရှိခြင်းက မျက်ကွင်းညိုရခြင်း အကြောင်းတရားတွေ အများကြီးထဲက အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ဒါကို ဖြေရှင်းဖို့ဆို အလွယ်ကူဆုံးအနေနဲ့ အစားအသောက်ပုံစံကို ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ သံဓာတ်ပမာဏနိမ့်ကျခြင်းက သွေးအားနည်းရောဂါရဲ့ ယေဘုယျအကျဆုံးပုံစံတစ်မျိုးပဲ ဖြစ်ပါတယ်။ အောက်ဆီဂျင်ပါရှိတဲ့ သွေးတွေ ခန္ဓာကိုယ်တစ်သျှူးတွေဆီ အရောက်နည်းပါးတာကြောင့် အောက်စီဂျင် ဓာတ်ပြုမှုချို့တဲ့ပြီး သွေးအားနည်းခြင်း ဖြစ်စေတာပါ။ ဒါကြောင့် သွေးအားနည်းသူတွေအနေနဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် လုံလောက်တဲ့ သံဓာတ့်ရရှိစေဖို့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ နို့ထွက်အစားအစာတွေ၊ အသီးအနှံတွေကို ပုံမှန်စားသုံးပေးသင့်ပါတယ်။

 

ရေဓာတ်ခမ်းခြောက်ခြင်းနှင့် မျက်ကွင်းညိုခြင်း - ရေဓာတ်ခမ်းခြောက်တာကလည်း မျက်ကွင်းညိုခြင်းကို ဖြစ်စေပါတယ်။ ရေဓါတ်လုံလောက်စွာ မရှိဘူးဆိုရင် မျက်လုံးအောက်ဘက်အရေပြားနှင့် ပါးရိုးဆက်စပ်နေတဲ့ နေရာမှာ မျက်ကွင်းညိုခြင်းကို သိသာထင်ရှားလာစေပါတယ်။ သစ်သီးလေးတွေ စိမ်ထားတဲ့ ရေကို နေ့စဉ် ရေဖန်ခွက် ၈ခွက်ကနေ ၁၀ ခွက်လောက် သောက်သုံးပေးသင့်ပါတယ်။ လက်ဖက်ရည်၊ ကော်ဖီတို့လိုမျိုး ကဖင်းဓာတ်ကြွယ်ဝတဲ့ အရည်တွေက ရေဓါတ်ခမ်းခြောက်စေတတ်တာကြောင့် မျက်ကွင်းညိုသူတွေအနေနဲ့ တတ်နိုင်သမျှ မသောက်ဘဲ ရှောင်ကြဉ်သင့်ပါတယ်။

 

အသည်းရောဂါနှင့် မျက်ကွင်းညိုခြင်း - အသည်းမှာ ဖြစ်ပွားတဲ့ ရောဂါအမျိုးမျိုးကြောင့် အသည်းရဲ့ လုပ်ဆောင်ချက်မမှန်တော့တဲ့ အခါမျိုးမှာလည်း မျက်ကွင်းညိုတတ်တာကြောင့် မျက်ကွင်းညိုသူတွေအနေနဲ့ ကိုယ့်ရဲ့ အသည်းအခြေအနေနဲ့ ပတ်သက်ပြီး အမြဲသတိချပ်သင့်ပါတယ်။ အသည်းရောင်၊ အသည်းနာဖြစ်တဲ့အခါ မျက်ကွင်းညိုလာတတ်တာကြောင့် ပုံမှန်ကျန်းမာရေး စစ်ဆေးစမ်းသပ်ဖို့လည်း လိုအပ်ပါတယ်။

 

Credit : သံသာ

(January 2017, Page No.295, AROGYAM)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18