Print

မကြာခဏ လက်ဆေးခြင်းနှင့် အရေပြား

  05-Feb-2019
Preview Image

လက်ဆေးခြင်း

          လက်ဆေးခြင်းဆိုတာ အရေပြားသန့်ရှင်းရေးအတွက် အလွန်အရေးကြီးပါတယ်။ လက်မသန့်ရှင်းရင် လက်ကတစ်ဆင့် ပြင်ပကပိုးတွေ ခန္ဓာကိုယ်အတွင်း ဝင်ရောက်နိုင်ပြီး ဝမ်းလျှော၊ ဝမ်းပျက်ရောဂါ၊ သံကောင်ရောဂါ၊ အသက်ရှုကျပ်ရောဂါ၊ အရေပြားရောဂါစတဲ့ ရောဂါများစွာကိုဖြစ်စေတယ်၊ အအေးပတ်တာ၊ အသည်းရောင်အသားဝါဖြစ်တာ၊ အစာအိမ်နဲ့ အူလမ်းကြောင်း ပိုးဝင်တာ၊ တခြားပိုးဝင်တာတွေကို ဖြစ်စေပါတယ်။


အရေပြား

          အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ ကြီးမားတဲ့ အဂါၤတစ်ခုဖြစ်တယ်။ အရေပြားအလွှာမှာ အပေါ်ဆုံးလွှာက ဆဲလ်သေလေးတွေဆက်ပြီးပေါင်းထားတဲ့ အလွှာလေးက ခုခံကာကွယ်နိုင်စွမ်း ရှိတယ်။ အရေပြားက ထွက်တဲ့ အဆီပြင်လေးနဲ့အရေပြားရဲ့ ရေဓာတ်၊ အရေပြားရဲ့ PH ချွေး၊ အစိုဓာတ်နဲ့ အရေပြားဆဲလ်လေးတွေ ကွာကျတတ်တာကလည်း အရေပြားရဲ့ ကိုယ်ခံစွမ်းအားစနစ် တစ်ခုဖြစ်တယ်။ အရေပြားရဲ့ ပုံမှန်နေ ပိုးလေးတွေကြောင့် ရောဂါကာကွယ်နိုင်စွမ်းရှိမယ်။ ပတ်ဝန်းကျင်ဒဏ်ကို ကာကွယ်မှု စနစ်ရှိမယ်။


လက်မကြာခဏ ဆေးခြင်းနှင့်အရေပြား

          သတိထားသင့်တာက လက်မကြာခဏဆေးတာက အရေပြားရဲ့ကာကွယ်ပေးထားတဲ့ အခြေအနေကို ထိခိုက်စေတယ်။ လက်ခဏခဏဆေးတဲ့အခါ ဆပ်ပြာ၊ ပိုးသတ်ဆေးနဲ့ရေတွေကြောင့် အရေပြားရဲ့ပုံမှန်ဖြစ်တဲ့ အက်စစ်ဓာတ်အခြေအနေ (PH) ကနေ ပြောင်းလဲတတ်သည်။ တချို့ ဆပ်ပြာ၊ သန့်စင်ပစ္စည်း၊ ပိုးသတ်ဆေး၊ ဓာတု ပစ္စည်းတွေက အရေပြားရဲ့ PH ကို ပြောင်းလဲစေတယ်။ အရေပြားရှိ အဆီလွှာကို လျော့နည်းစေတယ်။ အစိုဓာတ်နည်းလာတယ်။ ချွေးခြောက်သွေ့လာတယ်။ ခြောက်သွေ့တဲ့ အရေပြားဖြစ်လာတယ်။ အရေပြားကို ကာကွယ်ပေးတတ်တဲ့ ပုံမှန်ပိုးတွေပါ နည်းသွားစေတယ်။ အရေပြားရဲ့ရေစိမ့်ဝင်နိုင်မှုကို ထိခိုက်စေတယ်။ အရေပြားခံနိုင်ရည်ကျဆင်းလာပါတယ်။ အရေပြားရဲ့ကိုယ်ခံစွမ်းအားစနစ်ထိခိုက်လာတယ်။ အရေပြားက တုံ့ပြန်လွယ်လာတယ်။


လက်ဆေးလွန်ခြင်းကြောင့် အရေပြားရောဂါဖြစ်ခြင်း

          လက်မကြာခဏဆေးတဲ့အခါ အရေပြားက နီမြန်းလာတယ်။ အကြေးခွံလေးတွေ တွေ့ရတက်ပြီး ယားလာမယ်။ အစင်းလေးတွေ ကွဲလာမယ်။ နေရခက်လာတယ်။ အဲဒီအခါအရေပြားရဲ့ ရေထိန်းသိမ်းမှု ကျဆင်းလာတယ်။ ခြောက်သွေ့လာတယ်။ ပိုးများဝင်ရောက်လာပါလိမ့်မယ်။

          အရေပြားမှာ ရောဂါတစ်ခုခုရှိရင် (ဥပမာ - နှင်းခူ၊ ဆိုရီးယေးစစ်ရောဂါ၊ ဓာတ်မတည့်မှုတွေ)၊ အရေပြား ထိခိုက်ဒဏ်ရာရှိထားရင် ( ဥပမာ - ဓားဒဏ်ရာရတာ )၊ ရာသီဥတုခြောက်သွေ့အေးမြတဲ့အခါ လက်မကြာခဏဆေးတာကြောင့် အရေးပြားအခြေအနေ ပိုဆိုးပါတယ်။


လက်ဆေးခြင်းနှင့် ရောဂါများ

          လက်မကြာခဏဆေးခြင်းကြောင့် ဆပ်ပြာနဲ့ သန့်စင်ပစ္စည်းတွေမှာပါတဲ့ အရေပြားယားနာရောဂါဖြစ်စေတယ်။ ဓာတ်မတည့် နှင်းခူဖြစ်စေတယ်။ အရေပြားနီရဲရောင်ရမ်းလာပြီး ယားလာတယ်။ အထူးသဖြင့် လက်ထိပ်တွေမှာ နီရဲလာတယ်၊ ရောင်ရမ်းလာတယ်၊ သွေးထွက်လာတယ်။ အကြေးခွံလေးတွေ ဖြစ်လာတတ်တယ်။ ရည်ကြည်ဖု ဖြစ်လာတတ်တယ်။ သားနံရည်ကျလာတယ်၊ အချိန်ကြာသော် နာတာရှည် နှင်းခူဖြစ်လာတတ်တယ်။ လက်အရေးပြား ခြောက်သွေ့အက်ကွဲပြီး အဆီခန်းစေတယ်။

         

လက်မကြာခဏ ဆေးလွန်းလျှင် ရေစား၊ ဆပ်ပြာစားတာကြောင့် လက်သည်းတွေ ကြွလာပြီး ကြွပ်ဆတ်လာတယ်။ အစင်းကြောင်းတွေပေါ်လာတက်သည်။ ပုံပျက်လာစေတယ်။ လက်သည်း အရောင်ပြောင်းစေတယ်၊ လက်သည်းကို မှိုပိုးဝင်စေတယ်။ မှက်ခရုပိုးဝင်တာတွေဖြစ်စေတယ်။ ဘက်တီးရီးယားပိုးဝင်တာကြောင့် ပြည်တည်နာတွေ ဖြစ်တတ်တယ်။ အရေပြားပုံမှန်နေ ပိုးတွေကလည်း ရောဂါဖြစ်လာစေပါတယ်။

         

ဘရပ်ရ်ကြမ်းကြမ်းနဲ့ လက်တွေကိုပွတ်တိုက်ဆေးပါက အရေပြား အပေါ်ယံလွှာ ပျက်စီးတယ်။ အရေပြား ရဲ့ပုံမှန်ထိန်းသိမ်းမှုဖြစ်စဉ်ကို ပျက်စီးစေတယ်။လက်သည်းဘေးအရေပြားတွေရောင်ရမ်းနီမြန်းနေတတ်တယ်။ လက်သည်း ပန်းကုံးရောင်တာ၊ ပြည်တည်တာတွေဖြစ်ပြီး၊ လိုအပ်ရင် ခွဲစိတ်ကုသရတတ်ပါတယ်။


လက်ဆေးခြင်းနှင့် အရေပြားထိန်းသိမ်းခြင်း

ကောင်းမွန်သင့်တော်မယ့် အရေပြားသန့်စင်ပစ္စည်းတွေကို သုံးသင့်ပါတယ်။ အရေပြားရဲ့ pHထိန်းနိုင်တဲ့ လက်ဆေး ပစ္စည်းတွေဆိုရင်ပိုကောင်းပါတယ်။လက်ဆေးပြီးချိန်ရဲ့ ညဉ့်မအိပ်ခင် အချိန်တွေမှာ အရေပြားထိန်းခရင်မ်တစ်ခုခုလိမ်းသင့်တယ်။ အရေပြား ထိခိုက်ဒဏ်ရာ ရထားရင် ဆပ်ပြာပျော့ပျော့လေး သုံးသင့်တယ်။ လိုအပ်မှ လက်ဆေးသင့်ပါတယ်။ မကြာခဏ လက်မဆေးသင့်ဘူး၊ အချိန်ကြာမြင့်စွာ လက်ကိုရေမစိမ်သင့်ဘူး။ မဖြစ်မနေရေကြာကြာ ထိတွေ့မယ်ဆိုပါက၊ လက်အိတ်သုံးသင့်ပါတယ်။ လက်ကို ဘရပ်ရ် ကြမ်းကြမ်းနဲ့ပွတ်တိုက်မဆေးသင့်ဘူး။

         

လက်ဖမိုးက လက်ဖဝါးထက် ပို အရေပြားပါးတယ်၊ ခံနိုင်ရည်နည်းတယ်။ လက်ဖဝါးတွေမှာ အရေပြား ရောင်ရမ်း၊ ယားလာရင် မကြာခဏ ဆေးတာကို ရှောင်သင့်ပါတယ်။ဒဏ်ရာတစ်ခုခုရှိနေရင် အရေပြားရောင်ရမ်းချိန်မှာ ပန်ကန်ဆေးတာ၊ အဝတ်လျှော်တာ၊ လက်မကြာခဏဆေးတာကို ရှောင်ပြီး လက်ကိုအနားပေးသင့်ပါတယ်။ ဓာတုပစ္စည်းတွေကိုလည်း ရှောင်သင့်ပါတယ်။ ရာသီဥတု ပူလွန်းချိန်၊ နေပူဒဏ်ခံပြီးချိန်တွေမှာ လက်ဖမိုးလို နေရာမျိုးကို နေလောင်နေတတ်တာကြောင့် ပွတ်တိုက်ဆေးတာရှောင်သင့်ပါတယ်။

         

မိမိလက်နဲ့ လက်သည်းတွေကို မိမိဘာသာ သေသေချာချာ စစ်ဆေးသင့်ပါတယ်။ ဆပ်ပြာကိုရေနဲ့ လက်စင်အောင်ဆေးပါ၊ ဆပ်ပြာပျော့ပျော့သုံးပါ။ အရေပြားကိုစားစေမယ့် ဆပ်ပြာကြမ်းကြမ်းတွေက အရေပြားခြောက်သွေ့ပြီး အရေးကြောင်းနဲ့အတွန့်တွေပေါ်တာကို ပိုမို ဖြစ်စေပါတယ်။

         

လက်ဆေးရာမှာ ပူလွန်းတဲ့ ရေမသုံးသင့်ပါ။ အရေပြားရဲ့ အပေါ်ယံအဆီလွှာတွေ ထိခိုက်နိုင်ပါတယ်။ ရေအေး ဒါမှမဟုတ် ရေခပ်နွေးနွေးကိုသာ သုံးသင့်ပါတယ်။ ၂၀ စက္ကန့်ထက်ကျော်ပြီး၊ ရေစိမ်လက်မဆေးသင့်ပါ။ ရေကြာကြာ စိမ်ဆေးပါက အရေပြားရေဓာတ်၊ အဆီဓာတ်နည်းပြီး၊ ခြောက်သွေ့တာ ဖြစ်စေပါတယ်။ လက်ဆေးရာမှာ လက်သည်းအောက်အထိ ပြောင်စင်သန့်ရှင်းအောင် လက်ဆေးသင့်ပါတယ်။ လက်ဆေးပြီးပါက လက်ကို ခြောက်သွေ့အောင် သုတ်ပါ အခြောက်ခံပါ။


အထူးသတိထားသင့်သော အချက်များ

          လက်သန့်စင်ပစ္စည်းတွေဟာ အရေပြားမှာ ဓာတ်မတည့်မှု ရောင်ရမ်းတဲ့ ယားနာတွေဖြစ်စေတာကို သတိထားပါ။ ပိုးသေဆေးပါတဲ့ သန့်စင်ပစ္စည်းတွေဟာသည် ဓါတုပစ္စည်းတွေက ပိုးကောင်းတွေရော၊ ပိုးဆိုးတွေရော နည်းစေတာမို့ အရေပြားရဲ့ ပုံမှန်ဖြစ်စဉ်ထိခိုက်ပါတယ်။ ပိုးယဉ်ပါးမှု ဖြစ်စေတတ်ပါတယ်။ လက်မှာ ပေါက်ပြဲဒဏ်ရာ၊ ဒါမှမဟုတ် အရေပြား ရောဂါတစ်ခုခု ရှိပါက အထူးသတိထားပါ


Credit :

ဒေါက်တာ မြတ်စန္ဒာကျော်

(အရေပြားအထူးကု အတိုင်ပင်ခံ ဆရာဝန်ကြီး)

(No.300, July 2017, Arogyam Magazine)

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18