Print

မိတ်ကပ်လိမ်းတာ အရေပြားပျက်စီးလား

  28-Nov-2018
Preview Image


မိတ်ကပ်တွေနေ့တိုင်းလိမ်းလို့ မျက်နှာအရေပြား ပျက်စီးလားဆိုရင် သင့်ရဲ့အသားအရေပေါ် မူတည်နိုင်ပါတယ်။ သင့်အရေပြားက အထိမခံတဲ့ Sensitive Type လား၊ အလာဂျီ အလွယ်တကူ ထတတ်တာမျိုးလား စတဲ့ အရေပြား အခြေအနေတွေပေါ် မူတည်ပါတယ်။

မိတ်ကပ်တွေက အမျိုးသမီးတွေရဲ့ အရေပြားပေါ် ဆိုးကျိုးသက်ရောက်စေလားဆိုတာကို လေ့လာထားတဲ့ သုတေသနတွေတော့ မရှိသေးပါဘူး။ ဒီတော့ မိတ်ကပ်ကိုနှစ်သက်တဲ့ ပျိုမေတို့ မျက်နှာအရေပြား မထိခိုက်စေဖို့ ဒီအချက်တွေကို သတိရလိုက်ပါ။

 

(၁) ပါဝင်ပစ္စည်းကိုကြည့်ပါ

မိတ်ကပ်လိမ်းလို့ အရေပြားပျက်စီးတာမဟုတ်ပါဘူး၊ မိတ်ကပ်မှာပါတဲ့ ပါဝင်ပစ္စည်းတွေကသာ အရေပြားပေါ် သက်ရောက်မှု ပေးနိုင်တာဖြစ်ပါတယ်။

 

(၂) အရည်အသွေးကိုကြည့်ပါ

အရည်အသွေးကို ဦးစားပေးရွေးချယ်ပါ။ အထူးသဖြင့် မိတ်ကပ်ဖောင်ဒေးရှင်း၊ အစိုဓာတ်ထိန်းခရင်မ်နဲ့ မိတ်ကပ်ဖျက်ဆေးတွေကို အရည်အသွေး ကောင်းတာလေးတွေ သတိထားပြီး ရွေးချယ်ဝယ်ယူပါ။

 

(၃) ပုံမှန်ဆေးကြောသန့်စင်ပါ

မိတ်ကပ်လိမ်းတဲ့ ဖော့တုံးတွေကို သုံးပြီးတိုင်း ဆေးကြောပေးပြီး မိတ်ကပ်လိမ်းတဲ့ ဘရပ်ရှ်တွေကို အနည်းဆုံး တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါ သန့်စင်ပေးရပါမယ်။

 

(၄) မိတ်ကပ်တွေကိုပြန်သန့်စင်ပါ

ညအိပ်ရာဝင်ခါနီးတိုင်း မိတ်ကပ်ဖျက်ဆေးရည်ကိုသုံးပြီး မိတ်ကပ်တွေကို အရင် သန့်စင်ပေးပါ။ ပြီးနောက် မျက်နှာသစ်ဆေးနဲ့ ထပ်သစ်ပေးနိုင်ပါတယ်။ ကွာလတီဘယ်လောက်ကောင်းတဲ့ မိတ်ကပ်ပဲဖြစ်ဖြစ် ညဘက်မှာ မသန့်စင်ဘဲ အိပ်ရာဝင်မယ်ဆိုရင် မျက်နှာအရေပြား ပျက်စီးစေပါတယ်။

 

(၅) သင့်အရေပြားအခြေအနေကို ဆန်းစစ်ပါ

ဝက်ခြံထွက်တတ်တဲ့ အသားအရေမျိုးဆိုရင် တချို့ ဘီဘီနဲ့ စီစီ ခရင်မ်တွေနဲ့ မတည့်တတ်ပါဘူး။ တချို့အမှတ်တံဆိပ်တွေက Sensitive Skin Type ရှိသူတွေမှာလည်း မတည့်တာတွေ ဖြစ်တတ်ပါတယ်။

 

(၆) မဝယ်ခင်စမ်းလိမ်းကြည့်ပါ

သင်ဟာ မိတ်ကပ်အသစ်ပြောင်းလိမ်းဖို့ ဝယ်ယူမယ်ဆိုရင် Tester အရင်စမ်းကြည့်ပါ။ သင်နဲ့ တည့်မတည့်စမ်းဖို့ အနည်းငယ်လိမ်းပြီး နာရီအတော်ကြာကြာနေကြည့်ပါ။ တည့်တယ်ဆိုမှ နောက်နေ့မှာ ပြန်သွားဝယ်ပါ။

 

ဒါတွေသိထားပါ

အရည်အသွေးကောင်းပြီး သင့်အသားအရေနဲ့တည့်တဲ့ မိတ်ကပ်တွေကို ရွေးချယ်အသုံးပြုမယ်ဆိုရင် နေ့စဉ်လိမ်းလည်း ဘာဆိုးကျိုးမှမပေးနိုင်ပါဘူး။ ချွေးပေါက်တွေလည်း မပိတ်စေတဲ့အပြင် အရေပြားအတွက် အလွှာတစ်ခုအနေနဲ့ ကာကွယ်ပေးထားနိုင်ပါတယ်။ ဓာတ်မတည့်တာတစ်ခုခုကြောင့် ရောင်ရမ်းတာ၊ ဝက်ခြံထွက်တာဖြစ်ရင်တော့ မျက်နှာပေါ် ဘာမိတ်ကပ်မှ မလိမ်းဘဲ ခဏအနားပေးလိုက်ပါ။

 

Darliko (Mahidol University)



Related Articles


Advertisment 18