Print

ဗောက်ထခြင်းပြဿနာ

  25-Feb-2017
Preview Image

ဗောက်ထခြင်းပြဿနာ
လူတစ်ဦးတစ်ယောက်အနေနဲ့ တစ်ချိန်တစ်ခါမှာ မိမိရဲ့ဦးခေါင်းမှာ ဗောက်ဖတ်လေးတွေ ထတာကို ကြုံဖူးကြမှာပါ။ စိတ်အနှောက်အယှက် ဖြစ်စရာပါပဲ။

 

ဗောက်ထတာကို ဆေးပညာအရ ဘယ်လိုခေါ်ပါသလဲ
သိပ်များရင် Seborrheic Dermatitis လို့ ခေါ်ပါတယ်။ နှင်းခူတစ်မျိုးပါ။ သာမန်ဗောက်ထတာကို အရပ်အခေါ်တေ့ာ Dandruff လို့ပဲ အသိများပါတယ်။

 

ဘယ်လိုဖြစ်ရတာလဲ
Malassezia Furfur လို့ခေါ်တဲ့ အရေပြားမှိုတစ်မျိုးကြောင့် ဖြစ်ရတာလို့ ယူဆထားကြပါတယ်။ 

 

ဦးရေအပြင် ဘယ်နေရာတွေမှာ ဖြစ်နိုင်ပါသေးသလဲ
အရေပြားအဆီအိတ်တွေ များများရှိတဲ့ နဖူး၊ မျက်ခုံး၊ နှာခေါင်းဘေး တစ်ဖက်တစ်ချပ်နဲ့ နားနောက်ဘက်တွေမှာလည်း ဖြစ်နိုင်ပါတယ်။ နောက်ကျောနဲ့ ရင်ဘတ်အပေါ်ပိုင်းမှာလည်း တွေ့ရတတ်ပါတယ်။ 

 

ဦးခေါင်းမှာလိုပဲ တစ်ခြားနေရာမှာဖြစ်ရင် အကြေးခွံ ဗောက်ဖတ်တွေ ထွက်တတ်ပါသလား
မထွက်ပါဘူး။ ဝါကြန့်ကြန်၊ စေးကပ်ကပ် အကြေးခွံတွေကိုပဲ သေချာကြည့်မှ တွေ့ရတတ်ပါတယ်။

 

ဗောက်ထတိုင်းယားတတ်သလား
တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ တချို့ဦးခေါင်းယားလို့ ကုတ်လိုက်ရင် ဗောက်ဖတ်တွေ အဖွေးသား ကွာကျလာတာမျိုးလည်း ရှိတယ်။ တချို့ကျတော့ ပုံမှန်ခေါင်းဖြီးတဲ့အခါမှာ ဗောက်ဖတ်သေးသေးလေးတွေ ပါလာတာမျိုးလည်း
ရှိတယ်။ ချွေးထွက်ရင်တော့ ပိုယားတတ်ပါတယ်။

 

ဘယ်ရာသီဥတုမှာ ပိုဖြစ်တတ်ပါသလဲ
နွေမှာ အဖြစ်နည်းပြီး မိုးတွင်းကာလမှာ ပိုဖြစ်တတ်ပါတယ်။

 

သာမန်ဗောက်ထတာ ကုသလို့ရသလား
ကုလို့ရပါတယ်။ ပျောက်လိုက်၊ ပြန်ဖြစ်လိုက်နဲ့ သံသရာလည်တတ်တာမို့ ကုသမှုကို ပုံမှန်ရေရှည် ထိန်းသိမ်းဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ 

 

ဘယ်လိုကုရပါသလဲ
သာမန်အဆင့်ကို လွယ်လွယ်နဲ့ ကုနိုင်ပါတယ်။ ဥပမာ - ခေါင်းလျှော်ရည်တွေပါ။ ကီတိုကိုနာဇော (Ketoconazole) ဆိုတဲ့ မှိုသတ်ဆေးပါတဲ့ ခေါင်းလျှော်ရည်တွေကို ဗောက်ကင်းစင်အောင် သုံးနေကြတာ ကြာပါပြီ။ ထူးခြားတာက ဒီမှိုသတ်ဆေးက အခြားမှိုသတ်ဆေးတွေထက် ဗောက်ထစေတဲ့မှို (Malassezia furfur) ကို နှိမ်နင်းနိုင်တာပါပဲ။ ဒါပေမယ့် သုံးစွဲနည်းတော့ မှန်ဖို့လိုပါတယ်။ ရိုးရိုးသုံးနေကျ ခေါင်းလျှော်ရည်နဲ့ လျှော်သလို ခေါင်းမှာ အမြုပ်တွေထွက်တာနဲ့ ချက်ချင်း ရေလောင်းချလိုက်တာမျိုး မလုပ်ရပါဘူး။ အနည်းဆုံး သုံးလေးမိနစ်လောက် ခေါင်းနဲ့ရင်ဘတ် မျက်နှာပေါ်မှာ အမြုပ်တွေနဲ့ လိမ်းကျံပြီးမှ ရေလောင်းချရတယ်။

 

ဗောက်မပြန်မထအောင် ဘယ်လိုလုပ်ရမလဲ
တစ်ကိုယ်ရေသန့်ရှင်းရေးလည်း အရေးကြီးပါတယ်။ မျှတတဲ့ အစားအစာတွေလည်း စားသုံးဖို့လည်း လိုပါတယ်။ အရေးကြီးတာကတော့ စောစောကပြောခဲ့တဲ့ ဗောက်ကင်းစင်စေတဲ့ ခေါင်းလျှော်ရည်တွေနဲ့ အနည်းဆုံး တစ်ပတ်တစ်ကြိမ်လောက်
လျှော်ပေးရမှာပါ။ မသက်သာဘူးဆိုရင်၊ ဒါမှမဟုတ် Seboorrheic Dermatitis လိုပခေါ်တဲ့ နှင်းခူပုံသဏ္ဍာန်မျိုးအထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပြီဆိုရင်တော့ နီးရာ ကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့ ပြသတိုင်ပင်ပြီး ကုသမှုခံယူပါလို့ အကြံပြုလိုပါတယ်။

 

Healthcare.com.mm

Ref:
ဒေါက်တာကျော်ကျော်
(အရေပြားအထူးကု)
Health for all magazine, January 2014, Pg. 72-73

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18