Print

Acne (ဝက်ခြံ)

  30-Oct-2016
Preview Image

ဝက်ခြံဆိုသည်မှာ အဖြစ်များသော အရေပြားဆိုင်ရာ ပြဿနာတစ်ခု ဖြစ်ပြီး မျက်နှာ၊ နောက်ကျောနှင့် ရင်ဘတ်တဝိုက်တွင် အဖြစ်များသည်။ ဝက်ခြံတွင် ဝတ်ဆံမည်း (Blackheads) နှင့် ဝတ်ဆံဖြူ (Whiteheads) ဟူ၍ နှစ်မျိုးရှိသည်။ ဝက်ခြံသည် များသောအားဖြင့် ပြည်များဖြင့် ပြည့်နေသော အရည်အိတ်ပုံစံ တည်ရှိပြီး ရောဂါပြင်းထန်သည့်အခါ၊ ဖြစ်ချိန်ကြာသည့်အခါမျိုးတွင် အမာရွတ်အဖြစ် ထင်ကျန်နေတတ်သည်။

လက္ခဏာများ

ဝက်ခြံကြောင့် မျက်နှာတွင် အစက်အပြောက်များ ဖြစ်စေပြီး တခါတရံ အရေပြား ပူနေတတ်ကာ နာကျင်စေတတ်သည်။ ဝက်ခြံ တွေ့ရသော ကိုယ်ခန္ဓာနေရာများမှာ-

- မျက်နှာ - လူတိုင်းနီးပါး ဖြစ်ပေါ်ခံစားဖူးကြသည်။

- နောက်ကျော - ဝက်ခြံပေါက်ဖူးသူတိုင်း၏ ထက်ဝက်ကျော်တွင် နောက်ကျောဝက်ခြံကို တွေ့ရသည်။

- ရင်ဘတ် - ဝက်ခြံပေါက်ဖူးသူတိုင်း၏ ၁၅% ခံစားကြရသည်။

ဖြစ်ပွားရသော အကြောင်းရင်းများ

အရေပြားပေါ်ရှိ မွေးညှင်းပေါက်လေးများ ပိတ်ဆို့၍ ချွေး၊ အဆီ နှင့် အညစ်အကြေးများ စုပုံကာ ဝက်ခြံဖြစ်ပွားရခြင်း ဖြစ်သည်။ အမျိုးသားဟော်မုန်း Testosterone ဓါတ် များသည့် လူပျို၊ အပျိုဖော် ဝင်စအရွယ်တွင် ထို ဟော်မုန်းဓါတ်ကြောင့် ဝက်ခြံဖြစ်ပွားတတ်သည်။ လေ့လာမှုများအရ ဝက်ခြံသည် မျိုးရိုးစဉ်ဆက်လိုက်၍လည်း ဖြစ်ပွားသည်။ အရွယ်ရောက်သူများတွင် ဖြစ်တတ်သော Adult Acne ဖြစ်ပွားသူများအားလုံး၏ ၈၀% မှာ အမျိုးသမီးများ ဖြစ်ကြောင်း တွေ့ရှိရသည်။ အမျိုးသမီးများ၏ ဟော်မုန်း အပြောင်းအလဲကြောင့် ဖြစ်ပွားရခြင်း ဖြစ်နိုင်သည်ဟု ပညာရှင်များက ယူဆကြသည်။ ထို အပြောင်းအလဲ အချိန်များမှာ

- ရာသီသွေးပေါ်ချိန် - အချို့ အမျိုးသမီးများသည် ရာသီသွေးပေါ်ကာနီး အချိန်တွက် ဝက်ခြံများ ထွက်လာတတ်သည်။

- ကိုယ်ဝန်ဆောင်ချိန် - ကိုယ်ဝန်ဆောင်စဉ် ဝက်ခြံထွက်ခြင်းကို အမျိုးသမီးအတော်များများ ခံစားကြရပြီး များသောအားဖြင့် ကိုယ်ဝန် ပထမ ၃ လအတွင်းတွင် ဝက်ခြံအဖြစ်များသည်။

- သားဥအိမ် အရည်အိတ်တည်ခြင်း (Polycystic Ovary Syndrome) - ဤရောဂါတွင်တော့ ဝက်ခြံနှင့်အတူ ဝလာခြင်း၊ သားဥအိမ် အရည်အိတ်လေးများ ဖြစ်တည်လာခြင်းတို့ကို တွဲ၍ တွေ့ရသည်။

အခြား ဝက်ခြံထွက်စေနိုင်သော အကြောင်းများမှာ-

* စတီးရွိုက်ဆေးများ၊ Lithium နှင့် အတက်ကျဆေးများ

* ဆေးလိပ် သောက်ခြင်း

* အချို့ အလှပြင်ပစ္စည်းများ

နောက်ဆက်တွဲ ပြဿနာများ

အမာရွတ်ထင်ကျန်ရစ်ခြင်း မှာ ဝက်ခြံထွက်ခြင်း၏ အဓိက နောက်ဆက်တွဲ ပြဿနာဖြစ်သည်။ အထူးသဖြင့် ဝက်ခြံကို ညှစ်ထုတ်ခြင်း ပြုလုပ်တတ်လျှင် အမာရွတ် ပိုဖြစ်တတ်သည်။

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ဝက်ခြံကြောင့် သင်စိတ်ညစ်ခြင်း၊ မပျော်ရွှင်ခြင်း တို့ ခံစားနေရလျှင်၊ သာမာန် အလွယ်ဝယ်ယူရသော ဆေးဝါးများ အသုံးပြုသည့်တိုင် ဝက်ခြံမပျောက်ကင်းလျှင် ဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။ ကုသမှုအတွက် အချိန်ယူရမည်ဖြစ်ပြီး နေ့ချင်းညချင်း မပျောက်ကင်းနိုင်ခြင်းကို သိရှိကာ စိတ်ရှည်ရှည်ထား ကုသသင့်သည်။

ကုသခြင်း

ဝက်ခြံ၏ အနည်းအများ ပြင်းထန်မှုအပေါ် မူတည်၍ ကုသမှု ပုံစံများ ကွဲပြားနိုင်ပါသည်။ ဆရာဝန် အသုံးပြုနိုင်သော ဆေးများမှာ

- Retinoids လိမ်းဆေးများ

- ပိုးသတ်ဆေး လိမ်းဆေး

- ပိုးသတ်ဆေး သောက်ဆေး

- Azelaic acid

- the combined oral contraceptive pill (အမျိုးသမီးများတွင်) စသည်တို့ ဖြစ်ကြသည်။ များသောအားဖြင့် ကုသမှု ၃ လလောက် ကြာမှသာ ရောဂါစတင်၍ သက်သာတတ်ကြသည်။

ဝက်ခြံ သက်သာစေရန် သိထားသင့်သော အရာများမှာ

- ဝက်ခြံပေါက်ပွားရာ အရေပြားနေရာကို တစ်နေ့ ၂ ကြိမ်ထက်ပို၍ မဆေးကြောသင့်ပါ။ မကြာခဏ ဆေးကြောခြင်းက အရေပြားကို ထိခိုက်ကာ ရောဂါပိုဆိုးစေနိုင်သောကြောင့် ဖြစ်သည်။

- ဆေးကြောသန့်စင်ရာတွင် အပျော့စား ဆပ်ပြာ (ကလေးသုံးသော ဆပ်ပြာမျိုး)၊ Cleanser တို့ကို အသုံးပြုကာ ရေနွေးနွေးနှင့် သန့်စင်ပေးပါ။ (ပူလွန်း အေးလွန်းသော ရေကို အသုံးမပြုရ)

- ညှစ်ထုတ်ခြင်းကို မပြုလုပ်သင့်ပါ။ ထိုသို့ ညှစ်ထုတ်ခြင်းက အမာရွတ် ပိုဖြစ်စေနိုင်၍ ဖြစ်သည်။

- မိတ်ကပ် ထူထူလိမ်းခြင်းကို ရှောင်ကြဉ်ပါ။ အလှပြင် ပစ္စည်းများထဲမှ water-based products များကို ပိုအသုံးပြုသင့်သည်။

- အိပ်ယာ မဝင်မီ မိတ်ကပ်များကို စင်ကြယ်အောင် ဆေးကြောသန့်စင်ပေးပြီးမှ အိပ်ပါ။

- မျက်နှာနှင့် ဆံပင်မကြာခဏ ထိတွေ့မှုကို ထိန်းသိမ်းပေးပါ။ ထိုသို့ ထိတွေ့တတ်ပါက ဆံပင်ကို သန့်ရှင်းစေရန် မကြာခန ခေါင်းလျှော်ပေးသင့်သည်။

 

ကြယ်မင်းတာယာ

Healthcare.com.mm

Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18