Print

အရေပြားယားယံခြင်းကိုဖြစ်စေသောအကြောင်းအရင်းများ

  30-Oct-2016
Preview Image

အရေပြားခြောက်သွေ့ခြင်း

အခြားသိသိသာသာ ပြောင်းလဲမှုများမတွေရသော အရေပြားယားယံမှုသည် များသောအားဖြင့် အရေပြား ခြောက်သွေ့ခြင်းကြောင့်ဖြစ်ပါသည်။ အရေပြားခြောက်သွေ့ခြင်းသည် ပုံမှန်အားဖြင့် ပတ်ဝန်းကျင်အခြေအနေများကြောင့် ဖြစ်ပါသည်။ ရာသီဥတု ပူခြင်း၊ အေးခြင်း၊ လေထုစိုထိုင်းဆ နည်းခြင်း၊ လေအေးပေးစက် (သို့) လေပူပိုင်းစက် ကြာရှည်စွာ အသုံးပြုခြင်း၊ လွန်ကဲစွာ ကိုယ်လက်ဆေးကြောခြင်း (သို့) ရေချိုးခြင်းစသည်တို့သည် အရေပြားခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်သောအချက်များ ဖြစ်ပါသည်။

အခြားဖြစ်စေနိုင်သောအကြောင်းများ

အရေပြားယားယံခြင်းကို ဖြစ်စေနိုင်သော အခြားအကြောင်းအရင်းများတွင် အရေပြားအခြေအနေများ နှင့် သုံးစွဲလိုက်သောဆေးဝါးများကြောင့် ယားယံမှုများသည် အတွေ့ရဆုံးဖြစ်ပါသည်။

အရေပြားအခြေအနေများနှင့်ရောဂါများ

အရေပြားယားယံခြင်းကို ဖြစ်စေနိုင်သော အကြောင်းအရင်းများတွင် psoriasis၊ အရေပြားရောင်ရမ်းခြင်း၊ ဝဲ သန်းစွဲခြင်း၊ ရေကျောက်ပေါက်ခြင်း၊ အင်ပျဉ်ထခြင်း စသည်ဖြင့် များစွာရှိ်ပါသည်။ ဤအခြေအနေများတွင် ယားယံခြင်းသည် နေရာကွက်၍ ဖြစ်ပွားပြီး အရေပြားနီရဲခြင်း၊ အဖုထခြင်းနှင့် ရေကြည်ဖုထခြင်းများနှင့် အတူတွဲပြီး အတွေ့ရများပါသည်။

ကိုယ်တွင်းရောဂါများ

အသည်းရောဂါများ၊ ကျောက်ကပ် ပုံမှန်အလုပ်မလုပ်ခြင်း၊ သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်သော သွေးအားနည်းခြင်း၊ သိုင်းရွိုက်ဂလင်းပြဿနာများနှင့် သွေးကင်ဆာများ စသည်တို့တွင် အရေပြားယားယံခြင်း ဖြစ်ပွားတတ်ပါသည်။ ဤအခြေအနေများတွင် ယားယံခြင်းသည် နေရာကွက်၍ ဖြစ်ခြင်းထက် တစ်ကိုယ်လုံးယားယံလေ့ရှိပါသည်။ အရေပြားကို စစ်ဆေးကြည့်လျှင် ကုတ်ခြစ်ရာများမှလွဲ၍ ပုံမှန်အရေပြား အတိုင်းပင် တွေ့ရလေ့ရှိပါသည်။

ဓာတ်မတည့်ခြင်းများ

သိုးမွေး၊ ဓာတုပစ္စည်းများ၊ ဆပ်ပြာနှင့် အခြားအရေပြားကို လှုံ့ဆော်သောအရာများသည် ယားယံခြင်းကို ဖြစ်စေနိုင်ပါသည်။ အစားအစာ ဓာတ်မတည့်ခြင်းများသည်လည်း အရေပြားယားယံခြင်းကို ဖြစ်စေနိုင်ပါသည်။

ဆေးဝါးများ

ပဋိဇီဝဆေးများ၊ မှိုသေစေသော ဆေးများနှင့် မူးယစ်စေသော နာကျင်မှု သက်သာစေသောဆေးများ သည်ယားယံခြင်းနှင့် အင်ပျဉ်ထခြင်းကဲ့သို့သော အခြေအနေများကို ဖြစ်စေနိုင်ပါသည်။

ကိုယ်ဝန်ရှိခြင်း

အချို့အမျိုးသမီးများတွင် ကိုယ်ဝန်ရှိချိန်၌ ယားယံမှုဖြစ်ပွားတတ်ပြီး ဝမ်းဗိုက်၊ ပေါင်၊ ရင်သားနှင့် လက်မောင်းများတွင် အဖြစ်များပါသည်။ ယားယံတတ်သော အရေပြားရောင်ရမ်းခြင်းကဲ့သို့သော အခြေအနေများသည် ကိုယ်ဝန်ဆောင်ချိန်တွင် ပိုဆိုးလာတတ်ပါသည်။

နောက်ဆက်တွဲ ပြဿနာများ

ကာလရှည် ယားယံမှုနှင့် ကုတ်ခြစ်ခြင်းသည် ယားယံမှုကို တိုးစေပြီး Lichen simplex chronicus ခေါ် အရေပြားနှင်းခူတစ်မျိုးအဖြစ် ကူးပြောင်းသွားနိုင်ပါသည်။ ဆက်တိုက် ကုတ်ခြစ်နေရခြင်းသည် အရေပြားတွင်း ဗက်တီးရီးယားပိုးဝင်ခြင်းများကို ဖြစ်စေနိုင်ပြီး အရေပြားအရောင်ပြောင်းလဲခြင်းများနှင့် ရာသက်ပန် အမာရွတ်များကို ဖြစ်စေနိုင်ပါသည်။

နေထိုင်မှုပုံစံနှင့် မိမိဘာသာကုသမှုများ

ယားယံမှုကို လျော့နည်းစေရန်နှင့် အရေပြားရောင်ရမ်းမှုကို သက်သာစေရန် အောက်ပါ မိမိဘသာ ကုသမှုများကို ကြိုးစားကြည့်နိုင်ပါသည်။

- ယားယံမှုသက်သာစေသော လိမ်းဆေးများ လိမ်းခြင်း၊

- တတ်နိုင်သမျှ ကုတ်ခြစ်ခြင်းကို ရှောင်ကြဉ်ခြင်း (ကုတ်ခြစ်ခြင်းကို မရှောင်နိုင်လျှင် ယားယံနေသောနေရာကို အုပ်ထားနိုင်ပါသည်။ လက်သည်းများကို ညှပ်ထားပြီး အိပ်ရာဝင်သောအခါ လတ်အိတ်စွပ်ထားနိုင်ပါသည်)

- အအေးဝတ်ကပ်ခြင်း၊

- ရေအေးဖြင့်ရေချိုးခြင်း၊

- ချောမွတ်သော ချည်ထည်များဝတ်ခြင်း၊

- ဆိုးဆေးများနှင့် မမွှေးနံ့မပါသော ဆပ်ပြာများကို ရွေးချယ်အသုံးပြုခြင်း၊

- အဝတ်အစားလျှော်ဖွတ်ရာတွင် ပြင်းအားမများသော အနံ့မရှိသော သန့်စင်ဆေးရည်များကို ရွေးချယ်အသုံးပြုခြင်း၊

- နီကယ်၊ ကျောက်မျက်ရတနာများ၊ ရေမွှေး၊ သန့်စင်ပစ္စည်းများနှင့် အလှပြင်ပစ္စည်းများ သုံးစွဲရာတွင် မိမိအရေပြားကို လှုံ့ဆော်နိုင်သော၊ ဓာတ်မတည့်ခြင်း ဖြစ်စေနိုင်သောပစ္စည်းများကို ရှောင်ကြဉ်သုံးစွဲခြင်း စသည်တို့ဖြစ်ပါသည်။

 

Healthcare.com.mm

 

Ref:

ဒေါက်တာခိုင်ခိုင်ဇော်

အရေပြားရောဂါများ အကြောင်း တစေ့တစောင်း စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18