Print

မှဲ့နဲ့ဆက်စပ် ဖြစ်တတ်တဲ့ အရေပြားကင်ဆာ

  30-Oct-2016
Preview Image

အရေပြားဆိုတာဟာလည်း ၃၂ ကောဋ္ဌာသဝင် အင်္ဂါအစိတ်အပိုင်း တခုပါပဲ။ ခန္ဓာကိုယ်ရဲ့ ဖြစ်ခြင်းပျက်ခြင်း သဘောတွေကို သညာအရ သိပေမယ့် အရေပြားတထောက် အလှအပကို မက်မောကြတာလည်း ရှိကြသပေါ့။ ဒါပေမယ့်လည်းရှောင်လွှဲမရတဲ့ ဗျာဓိသဘောအတိုင်း အင်္ဂါအစိတ်အပိုင်းတိုင်းက ကင်ဆာဆိုတာနဲ့ မကင်းလေတော့ အရေပြားမှာလည်း ကင်ဆာဖြစ်တတ်ပါတယ်။ ဖြစ်တာမှ အမျိုးအစားတွေ ကွဲပြားပြီး အမျိုးအမည်တွေ အများကြီး ရှိတတ်ပါတယ်။ အဲဒီထဲကမှ Melanoma လို့ခေါ်တဲ့ အရေပြားကင်ဆာကတော့ အဆိုးရွားဆုံးအဖြစ် လူကို ဒုက္ခပေးပါတယ်။ ဒီရောဂါက အသားအရောင်ကို ဖြစ်ပေါ်စေတဲ့ Melanin ဆိုတဲ့ အရောင်ထုတ်ပေးတဲ့ အရေပြားဆဲလ်တွေမှာ ကင်ဆာဖြစ်လာတာမျိုးပါ။

အရေပြားတင်မက မျက်လုံးနဲ့အူတွေမှာပါ တွေ့ရတတ်ပါသေးတယ်။ အဖြစ်များတာကတော့ လူတွေကို ဆွဲဆောင်နိုင်တဲ့ မှဲ့တွေကနေ ပြောင်းလဲပြီး ဖြစ်တာပါ။ ဒါကြောင့် မှဲ့လေးတွေက သာယာချင့်စဖွယ်ဖြစ်သလို အန္တရာယ်လွယ်ထားရသလိုပဲ ဆိုတဲ့ အသိလေးလည်း ရှိကြစေချင်ပါတယ်။ ဒီကင်ဆာဖြစ်ရတဲ့ အကြောင်းရင်းအတိအကျကို ပြောရခက်ပေမယ့် ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများတာက ဖြစ်နိုင်ခြေ အများဆုံးလို့ ယူဆကြပါတယ်။ နေရောင်ခြည်ထဲကသာမက လိမ္မော်ဝါရောင် မီးချောင်းတွေနဲ့ ထိတွေ့ရတဲ့ အရေပြားတွေမှာလည်း အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။ အသက် ၄၀ အောက် အမျိုးသမီးတွေမှာ အတွေ့ရများတယ်လို့ ဆိုပါတယ်။ တကယ်လို့ ကင်ဆာအဖြစ် ပြောင်းလဲလာမယ့် အရေပြားရဲ့ လက္ခဏာတွေကို ကြိုတင်သတိထားမိသူတွေ အဖို့တော့ စောစောသိ၊ စောစောကုရင် ပျောက်ကင်းစေနိုင်ပါတယ်။

Melanoma ကင်ဆာကတကိုယ်လုံးဘယ်နေရာမဆို ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နေရောင်အထိများတဲ့ ကျော၊ ခြေ၊ လက်နဲ့ မျက်နှာတွေမှာ အဖြစ်များပါတယ်။ ခြေဖဝါး၊ လက်ဖဝါးနဲ့ ခြေသည်း၊လက်သည်းအောက်လို နေရောင်ခြည်နဲ့ အထိအတွေ့ သိပ်မများတဲ့ နေရာတွေမှာလည်း ဖြစ်တတ်ပါတယ်။ အသားအရောင်မရွေး ဖြစ်တတ်တဲ့ ရောဂါပါပဲ။

ရှေးဦးလက္ခဏာတွေ

ဒီအရေပြားကင်ဆာရဲ့ ပထမဦးဆုံးလက္ခဏာတွေကတော့

– ရှိနေတဲ့မှဲ့မှာအပြောင်းအလဲတွေ ဖြစ်လာတာ

– ပုံမှန်အရေပြားမှာ အရောင်ပြောင်းလာတာ၊ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲတခုခု ဖြစ်လာတာတွေပါပဲ။ တခုသိထားဖို့က အမြဲတမ်း မှဲ့ကနေပေါ်လာတာမဟုတ်ဘဲ ပုံမှန် အရေပြားကနေလည်း ဖြစ်တတ်တယ်ဆိုတာပါ။

ပုံမှန်မှဲ့ဆိုတာ

ကင်ဆာအပြောင်းအလဲကိုသိဖို့ ပုံမှန်မှဲ့ရဲ့ သဘာဝကိုသိထားသင့်ပါတယ်။ ပုံမှန်မှဲ့ဆိုတာက ယေဘုယျအားဖြင့် အရောင်တရောင်တည်းပါ။ အညို၊ ဒါမှမဟုတ် အမည်းစသဖြင့်ပေါ့။ အနားကပ်လျက် အရေပြားနဲ့ တိတိကျကျ အနားသတ်ကလေးရှိပါတယ်။ အဝိုင်း၊ ဒါမှမဟုတ် ဘဲဥပုံတွေ့ရပြီး လက်မတစိတ် (၆ မီလီမိတာ) လောက် အချင်းရှိတတ်ပါတယ်။ ခဲတံဖင်ပိုင်းက ခဲဖျက်လောက်ပေါ့။ တချို့တော့လည်း ဒီထက်ပိုကြီးတာ တွေ့ရတတ်ပြီး တချို့က အသက်ကြီးမှ ပေါ်လာတတ်သလိုတချို့ကျတော့လည်း အလိုလို ပျောက်ကွယ်သွားတတ်ပါတယ်။

ပုံမှန်မဟုတ်(သို့မဟုတ်) ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ မှဲ့

မှဲ့တခုမှာ ပုံမှန်မဟုတ်တဲ့ အနေအထားတွေရှိရင် ကင်ဆာဖြစ်နိုင်ခြေကို သတိပြုရပါတော့မယ်။ အဓိကတွေ့နိုင်တာတွေက ပုံသဏ္ဌာန်မမှန်တာ (ထက်ခြမ်းပုံ ကြည့်ရင် နှစ်ဖက်မညီတာမျိုး)၊ အနားသတ်က တိတိကျကျမရှိဘဲ ချိုင့်ကွေးဝင်နေတာ၊ အရောင်ပြောင်းလာတာ၊ နဂိုရှိနေတာထက် ပိုကြီးလာတာ အစရှိတဲ့ အချက်တွေပါပဲ။ တခြားအရေးပါတဲ့ အပြောင်းအလဲကတော့ ယားလာတာ၊ သွေးစိမ့်ထွက်လာတာတွေ ဆိုရင် သတိပြုပါ။ အရေပြားပေါ်မှာမဟုတ်ဘဲ တခြားနေရာတွေမှာလည်း မှဲ့ကင်ဆာကိုတွေ့ရတတ်ပါသေးတယ်။ အများအားဖြင့်တော့ လက်သည်းခြေသည်းတွေ အောက်မှာ၊ ပါးစပ်၊ အစာလမ်းကြောင်း၊ ဆီးလမ်းကြောင်းနဲ့ မိန်းမကိုယ်တွေမှာ၊ မျက်လုံးထဲမှာ စသဖြင့်ပေါ့။

ဖြစ်တန်ရာအကြောင်းတွေ

အရေပြားကင်ဆာမှာ ခရမ်းလွန် ရောင်ခြည်ကို အဓိက ဖြစ်တန်ခြေရှိတဲ့ အကြောင်းလို့ သတ်မှတ်ပေမယ့် တခြားဖြစ်နိုင်ခြေတွေလည်း ရှိနေတာပါပဲ။ အသားအရောင်နုတာ၊ ဖြူတာ၊ ဆံပင်နဲ့ မျက်လုံးအနက်ရောင် မဟုတ်သူတွေမှာတော့နေရောင်ခြည် လောင်ကျွမ်းတာပိုစေလို့ ကင်ဆာဖြစ်နိုင်ခြေပိုပါတယ်။ အသားညိုသူ၊ မည်းသူတွေမှာ ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းနည်းပါသတဲ့။ နေလောင်ခံရတာများတာ၊ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများတာ၊ အီကွေတာ အနီးမှာနေထိုင်တာ၊ ခန္ဓာကိုယ်မှာမှဲ့တွေများတာ၊ မိသားစုမှာ အရေပြားကင်ဆာရှိတာစတဲ့ အချက်တွေက အရေပြားကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေပါ။

ဘယ်လိုတွေ့ရှိတတ်သလဲ

အရေပြားကင်ဆာ ဖြစ်နိုင်တဲ့ အကြောင်းတွေ ကိုယ့်မှာရှိနေတယ်လို့ သံသယမကင်းရင် ပုံမှန်စစ်ဆေးမှုတွေ ပြုတာကတော့ အကောင်းဆုံးပါ။ အများအားဖြင့်တော့ ရောဂါလက္ခဏာအရ ဖြစ်စေ၊ တခြားရောဂါကိုစစ်ဆေးရင်းနဲ့ဖြစ်စေ၊ နှံ့စပ်သေချာတဲ့ ဆရာဝန်တွေက တွေ့ရှိတာသာများပါတယ်။ တချို့လည်း ကိုယ့်မှာရှိနေတဲ့ မှဲ့ရဲ့ အပြောင်းအလဲကို သတိပြုမိတာ၊ ကိုယ့်အရေပြားကိုယ် အလှကြည့်နေတတ် သူတွေမှာဆိုရင်လည်း အရေပြားအရောင် ပြောင်းလာတာမျိုးကိုသတိပြုမိတာကနေ ကင်ဆာဖြစ်တာကို သိရှိကြရပါတယ်။ သေချာတဲ့နည်းကတော့ သံသယရှိတဲ့ အရေပြားအစိတ်အပိုင်းကနေ အသားစယူ စစ်ဆေးခြင်းပါပဲ။

ကုသပုံ

 အရေပြားကင်ဆာကိုလည်း တွေ့ရှိတာစောခြင်း၊ နောက်ကျခြင်း၊ သူ့ရဲ့အရွယ်အစား၊ အတိမ်အနက်နဲ့ ပျံ့နှံ့မှုပေါ် မူတည်လို့ အဆင့်တွေခွဲခြားပြီး ကုသနည်းတွေ အမျိုးမျိုးရှိပါတယ်။ ဖြစ်နေတဲ့ အစိတ်အပိုင်းလေးကို လှီးဖြတ်တာ၊ အဲဒီနေရာကနေ သွားနိုင်တဲ့ သားငန်ရည်ကျိတ်တွေကို ဖယ်ထုတ်တာ၊ ကင်ဆာဆေးတွေ တိုက်ကျွေးကုသတာ၊ ဓာတ်ကင်တယ်လို့ ဆိုကြတဲ့ ဓာတ်ရောင်ခြည်သုံးကုတာ အစရှိတဲ့ ကုထုံးတွေကို သုံးကြပါတယ်။ အခုနောက်ပိုင်း ထိရောက်တယ်ဆိုပြီး သုံးလာတာကဇီဝကုထုံးပါ။ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ကင်ဆာကို တိုက်ဖျက်စေတာပေါ့။ ကင်ဆာနဲ့တူတဲ့ ပစ္စည်းကို ခန္ဓာကိုယ်ကနေ၊ ဒါမှမဟုတ် ဓာတ်ခွဲခန်းမှာ ထုတ်ပြီး လူကိုယ်ထဲထည့်ပေးတဲ့ နည်းပါ။ အရေပြားကင်ဆာကစောစောသိ၊ စောစောကုရင်ပျောက်ကင်းစေနိုင်တယ်လို့ ဆိုကြပါတယ်။ ခုနောက်ပိုင်းပေါ်လာတဲ့ ဆေးဝါးတွေဖြစ်တဲ့ Vemurafenib (Zelboraf) နဲ့ Dabrafenib (Tafinlar) ကတော့ အစွမ်းထက်တယ်လို့ ဆိုကြပါတယ်။

ကာကွယ်နိုင်မယ့် နည်းလမ်းတွေ

အရေပြားကင်ဆာကိုလည်း ဖြစ်နိုင်ခြေများစေတဲ့ နည်းလမ်းတွေကို ရှောင်ကြဉ်ကာကွယ်လို့ ရနိုင်ပါတယ်။ နေ့လယ်ပိုင် နေရောင်ခြည်ကို ရှောင်ကြဉ်သင့် ပါတယ်။ အထူးသဖြင့် နေရောင်ခြည် အစူးရှဆုံး မွန်းတည့်အချိန်တွေမှာ ခန္ဓာကိုယ်ကို ကြာရှည်ရောင်ခြည် မထိစေတာ အကောင်းဆုံးပါပဲ။ အဲဒါကလည်း ခရမ်းလွန် ရောင်ခြည်သင့်မှုကို ကာကွယ်ရာရောက်လို့ပါ။ နေရောင်၊ အထူးသဖြင့် ခရမ်းလွန်ရောင်ခြည် ကာကွယ်တဲ့ အဝတ်အစားတွေ၊ အရောင်ရင့်တဲ့ ချည်သားတွေ၊ ဦးထုပ်တွေ ဝတ်ဆင်တာမျိုးပေါ့။ အသားအရောင်ကို အမြဲဂရုစိုက်ပြီး အပြောင်းအလဲတခုခုကြုံတာနဲ့ သတိမူမိတာကလည်း ကောင်းတဲ့ ကာကွယ်နည်းပါ။ မှန်ကြည့်တိုင်း မျက်နှာ၊ လည်ပင်း၊ နားရွက်တွေမှာ အရေပြားအရောင် အပြောင်းအလဲကို စောင့်ကြည့်၊ ရင်ဘတ်နဲ့ ကိုယ်လုံး၊ ခြေ၊ လက်တွေကို စစ်ဆေးကြည့်နေတာကလည်း ကာကွယ်နည်းပါပဲ။ မမြင်အပ်တဲ့ နေရာတွေကိုလည်း အဆင်သင့်တိုင်း ကြည့်ရှုစစ်ဆေး သင့်ပါတယ်။ အထူးသဖြင့်တော့ လူတွေကို ဆွဲဆောင်နိုင်တဲ့ မှဲ့တွေ နေရာအနှံ့ ပိုင်ဆိုင်ထားလေ ပိုပြီး ဂရုစိုက်ဖို့ လိုလေပါပဲ။ မှဲ့တွေ ပေါ်လာတယ်ဆိုရင် မှဲ့တွေမှာ အပြောင်းအလဲ တခုခုရှိလာပြီဆိုရင် ကိုယ့်ဘာသာ အဝါကတ်ပြပြီး သေချာတဲ့ စစ်ဆေးမှုတွေ လုပ်သင့်တာကို သတိပြုရမှာပါ။ အဲဒီတော့ ကိုယ့်မှာစံပယ်တင် မှဲ့ကလေးများ ရှိနေတယ်ဆိုရင်တော့ သူတပါးရဲ့ အားကျမြတ်နိုးမှု၊မိမိဘာသာ ကျေနပ်ရတဲ့ အလှအပအတွက်သာမက နောက်ဆက်တွဲ ကင်ဆာမဖြစ်စေဖို့၊ ဖြစ်နေရင်လည်း စောစောသိ၊ စောစောကုနိုင်ဖို့အတွက် အမြဲအရိပ်တကြည့်ကြည့် တသသသာ လုပ်နေပါလို့ တိုက်တွန်းလိုက်ပါတယ်။

 

Healthcare.com.mm

 

Ref:

ဒေါက်တာသက်ဦး

September 29, 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18