Print

ဆံပင်ဖြူခြင်း

  30-Oct-2016
Preview Image

ဆံပင်ဖြူခြင်းသည် အသက်အရွယ်ရလာမှုနှင့် ဆက်နွှယ်နေသော လက္ခဏာတစ်ခု ဖြစ်ပါသည်။ လူတိုင်း အသက်အရွယ်အလိုက် ဆံပင်ဖြူခြင်း အနည်းနှင့် အများဖြစ်ပါတယ်။ ဆံပင်စတင်ဖြူခြင်းသည် လူဖြူများ (ကော့ကေးရှန်းများ) တွင် ၃၄/၉.၆ နှစ် ဖြစ်ပြီး လူမည်းများ (အာဖရိကန်များ) တွင် ၄၃.၉ / ၁ဝ.၃ နှစ် ဖြစ်သည်ဟုဆိုပါသည်။ ၅ဝ ရာခိုင်နှုန်းသော လူများသည် အသက် ၅ဝ အရွယ်တွင် ဆံပင်ဖြူ ၅ဝ ရာခိုင်နှုန်းခန့် ရှိနေမည်ဟု ဆိုပါသည်။ ဤဆံပင်ဖြူ တွေ့ရှိနိုင်မှုသည် ကျား၊ မနှင့် မူလဆံပင်အရောင်ပေါ် မူတည်ပြီး မရှိပါ။ အမျိုးသားများတွင် ဆံပင်ဖြူခြင်းသည် နားထင်မွေးများတွင် စတင်လေ့ရှိပါသည်။ အမျိုးသမီးများတွင် ဆံစပ်များတွင် စဖြူလေ့ရှိပါသည်။ ဆံပင်ဖြူနှုန်းသည် မျိုးရိုးဗီဇပေါ်တွင် တည်မှီပါသည်။ လူဖြူများတွင် အသက် ၂ဝ မတိုင်မီနှင့် လူမည်းများတွင် အသက် ၃ဝ မတိုင်မီ ဆံပင်ဖြူလျှင် ဆံပင်စောစောဖြူခြင်းဟု ယူဆနိုင်ပါသည်။ ဆံပင်စောစောဖြူခြင်းသည် မျိုးရိုးလိုက် တတ်ပါတယ်။ ဆံပင်ဖြူခြင်းသည် ဆံပင်များအတွင်းရှိ ရောင်ခြည်ပစ္စည်းများ မရှိတော့၍ဖြစ်ကြောင်း နားလည်ထားကြသော်လည်း ဆဲလ်များနဲ့ မော်လီကျူးဆိုင်ရာ အသေးစိတ် ဖြစ်စဉ်များကို အတိအကျ မသိကြသေးပါ။ ဆံပင်များ၏ အရောင်သည်မယ်လနိုဆိုက်များမှ ထုတ်လုပ်သော မယ်လနင်ရောင်ခြည် ပစ္စည်းပေါ်တွက် အဓိကတည်မှီပါတယ်။ဤမယ်လနင်ရောင်ခြည် ပစ္စည်းထုတ်လုပ်မှုသည် ရှုပ်ထွေးသော ဇီဝဓာတုဖြစ်စဉ်ဖြစ်ပြီး tyrosinase အင်ဇိုင်းသည် ထိုဖြစ်စဉ်တွင် အဓိကကျပြီး ထုတ်လုပ်မှုနှုန်းကိုလည်း ထိန်းပေးပါသည်။ ဆံပင်ဖြူများတွင် မယ်လင်နင်ထုတ်လုပ်သော မယ်လနိုဆိုက်များ သိသိသာသာ လျော့နည်းနေကြောင်း တွေ့ရှိထားကြသည်။ မယ်လနိုဆုန်း (melanosome) များ မရှိ၊ (သို့) လျော့နည်းနေကြောင်း တွေ့ရှိရပါသည်။ ဤဖြစ်စဉ်သည် oxidative stress ၏ ရလဒ် ဖြစ်နိုင်သည်ဟု ယူဆမှုများရှိပါသည်။ အချို့သော ဖြစ်ရိုးဖြစ်စဉ်မဟုတ်သည့် မယ်လနင်ထုတ်လုပ်မှု ဖြစ်စဉ်များအတွင်းတွင် လွတ်နေသော ဓာတ်တိုးပစ္စည်းများ ထွက်ရှိနိုင်ပြီး ၎င်းတို့ကို ထိထိရောက်ရောက် မဖယ်ရှားနိုင်ပါက စုမိလာပြီး oxidative stress ကို ဖြစ်စေနိုင်သည်ဟု ယူဆကြပြီး ဖြစ်ပါသည်။ Antioxidant system သည် အသက်အရွယ် ရလာသောအခါ ယိုယွင်းလာခြင်းလည်း ဖြစ်နိုင်ပါသည်။

ဆံပင်ဖြူခြင်းသည် အရောင်ရှိသော ဆံပင်များထက် ပိုကြမ်းပြီး ဖြီးသင်ရ ပိုခက်ပါသည်။ ဆံပင်ပုံသွင်းရန်လည်း ပိုခက်ပြီး အရောင်းဆိုးရလည်း ပိုခက်ပါသည်။ ထို့ကြောင့် ဆံပင်ဖြူများတွင် ဆံမျှင်များအတွင်း တည်ဆောက်ပုံ အနည်းငယ်ပြောင်းသွားနိုင်သည်ဟု ခန်းမှန်းကြပါသည်။ ထိုအချက်သည် မယ်လနိုဆိုက်များ အတွင်းမှ မယ်လနင်များကို ဆံပင်ဆဲလ်များအတွင်း လွှဲပြောင်းမှုကိုလည်း ထိခိုက်စေပါသည်။ ဖြစ်နိုင်ခြေတစ်ခုမှာ မယ်လနင်များကို ဆံပင်ဆဲလ်များအတွင်း လွှဲပြောင်းမှုသည်။ ဆံပင်ဆဲလ်များ၏ ပွားနှုန်းကို လျော့နည်းစေပြီး ၎င်းတို့ကို သက်တမ်းရှည်စေခြင်း ဖြစ်ပါသည်။ ဤအချက်ကို ဆံဖြူများသည် ဘေးနားရှိ အရောင်ရှိဆံပင် များထက် ၄ ဆခန့် ပို၍ရှည်မြန်ကြောင်း တွေ့ရှိမှုက ထောက်ခံပါတယ်။အသက်ကြီးသူများ၏ ဆံပင်ဖြူများတွင် အတွင်းသားများ (medulla) များနေခြင်းကိုထောက်၍ အသက်အရွယ်ရလာသောအခါ hair follicles (ဆံပင်ထုတ်ရာ ဆဲလ်အစုအဝေးများ) သည် မိမိဘာသာ ပြောင်းလဲပြင်ဆင်ပြီး ဆံပင်ဆဲလ်များကို ထုတ်လုပ်လာကြသည်ဟုလည်း ယူဆစရာ ရှိပါတယ်။

ဆံပင်များ အိုမင်းရင့်ရော်လာခြင်းအတွက် ဆေးဝါးများနှင့် အခြားနည်းလမ်းများ-

ဆံပင်ဖြူခြင်းအတွက် ဆောင်ရွက်ဖွယ်ရာများ

p-aminobenzoic acid ထိုးခြင်းသည် ဆံပင်ကို ယာယီ ပြန်မည်းစေနိုင်ပါသည်။ ဆေးထိုးပြီး ၂ လ မှ ၄လ တွင် ဆံပင်များ ပြန်မည်းလာခြင်းမှာ သိသာသော်လည်း ဆေးထိုးခြင်း ရပ်လိုက်ပြီး ၂ ပတ်မှ ၄ ပတ်အတွင်း ပြန်ဖြူသွားသည်ဟု ဆိုပါသည်။ ဆံပင်များ ဖြူခြင်း၊ မည်းခြင်းဖြစ်စဉ် ဖြစ်ပွားပုံကိုအသေးစိတ်နား မလည်ကြသေးပါ။ ဘေးထွက်ဆိုးကျိုးများပြီး အစာအိမ်နှင့်ပတ်သက်သော ပြဿနာများမှာ အဓိကဖြစ်ပါသည်။ ဆံပင်ဖြူများကို သဘာဝအတိုင်း ပြန်မည်းအောင် မလုပ်နိုင်ကြသေးပါ။ ထို့ကြောင့် ယခုအချိန်ထိ ဆံပင်ဆိုးဆေးများသည် ဆံပင်ဖြူခြင်းအတွက် အဓိကအားကိုးစရာများ ဖြစ်ပါသည်။ ဆံပင်ဆိုးဆေးများကို ယာယီဆိုးဆေးများ၊ (အဝတ်အထည်ဆိုးဆေးများ)၊ သဘာဝအရောင်ဆိုးဆေး၊ (henna ခေါ်ဟင်္သာပြဒါး)၊ ရာသက်ပန်တစ်ပိုင်း ဆိုးဆေးများ (low molecular wight direct dyes) နှင့် ရာသက်ပန်ဆိုးဆေးများ (aromatic amines) ဟု ခွဲခြားနိုင်ပါသည်။ ယာယီဆိုးဆေးများသည် ဆံပင်များ၏ cuticle လွှာကို ထိုးဖောက်ဝင်ရောက်ခြင်းမပြူပါ။ အရောင်များမှာလည်း ခပ်ဖျော့ဖျော့သာဖြစ်သဖြင့် ဆံပင်ဖြူများကို လုံးဝမည်းနက်အောင် ဖြစ်စေနိုင်စွမ်း မရှိပါ။ အစမ်းသဘောစမ်းကြည့်ရာတွင် သုံးနိုင်ပါသည်။ ခေါင်းလျှော်လိုက်လျှင် ဆိုးဆေးများ ကျွတ်သွားပါသည်။ Henna သည် သစ်ပင်မှရသော ဆိုးဆေးတစ်မျိုးဖြစ်ပါသည်။ အနီရောင်ရှိသဖြင့် ဆံပင်များကို ဆိုးလိုက်သောအခါ ဆေးဆိုးပြီးနောက် လိမ္မော်ရောင် ဖြစ်စေပါသည်။ ရာသက်ပန်တစ်ပိုင်းဆိုးဆေး များသည် cuticle လွှာကို ထိုးဖောက်ဝင်ရောက်ပါသည်။ သုံးရလွယ်ကူသော မိမိဘာသာ ဆံပင်ဆိုးနိုင်သော ဆိုးဆေးများ ဖြစ်ပြီး ဆေးဆိုးပြီးနောက် ၆ ကြိမ်မှ ၁ဝ ကြိမ်ခေါင်းလျှော်သည်အထိ အရောင်ခံတတ်ပါသည်။ အသုံးအများဆုံးသော ဆံပင်ဆိုးဆေးမှာ ရာသက်ပန် ဆိုးဆေးများ ဖြစ်ပါသည်။ ဤဆိုးဆေးများတွင် အရောင်ဖြစ်စေနိုင်သော ပစ္စည်းများကို hydrogen peroxide နှင့်ဆံပင်များအတွင်း ပေါင်းစပ်ဓာတ်တိုးစေပြီး အရောင်ဖြစ်ပေါ်စေခြင်း ဖြစ်ပါသည်။ အားသာချက်မှာ ဆေးရောင်သည် ခေါင်းလျှော်ခံခြင်း ဖြစ်ပါသည်။ သို့သော် ဆံပင်များရှည်ထွက်လာသောအခါ ဆံရင်းများကို အရောင်ဖြည့်ပေးရန် လိုပါသည်။ ရာသက်ပန် ဆိုးဆေးများကို ကာလရှည် အသုံးပြုခြင်းသည် အချို့သော ကင်ဆာများ ဖြစ်နိုင်ခြေကို တိုးတက်စေနိုင်သည်ဟူသော စိုးရိမ်မှုများရှိသော်လည်း ဆံပင်ဆိုးဆေးများနှင့် ကင်ဆာဖြစ်ပေါ်မှု ဆက်စပ်သည်ဟူသော လုံလောက်သော သက်သေမရှိသေးပါ။ အချို့ဆံပင်ဆိုးဆေး အသုံးပြုသူများတွင် အရေပြားနှင့် ဓာတ်မတည့်မှုများ ဖြစ်နိုင်ပြီး အရေပြားရောင်ရမ်းမှုများမှသည် ဆံပင်ကျွတ်ခြင်းအထိ ဖြစ်နိုင်ပါသည်။

 

Healthcare.com.mm

 

Ref:

ဒေါက်တာခိုင်ခိုင်ဇော်

အရေပြားရောဂါအကြောင်းတစေ့တစောင်း စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18