Print

ကီးလွိုက် (သို့မဟုတ်) အမာရွတ်ထူထူ

  30-Oct-2016
Preview Image

ကီးလွိုက်ဆိုတာ အမာရွတ်ထူထူ၊ မာမာ၊ ကြီးကြီးတွေကို ဆိုလိုတာပါ။ နောက်ပြီး တဖြည်းဖြည်းနဲ့ ဘေးကိုလည်း ငှက်ခြေထောက်များလို အစွယ်အပွားထွက် ကြီးပွားတတ် ပါသေးတယ်။ လူမြင်သူမြင်နေရာမှာဆို ဖုံးရခက်၊ ဖိရခက်နဲ့ အနေခက်ပါတယ်။ သာမန် အမာရွတ်ဆိုရင် မိတ်ကပ်၊ သနပ်ခါးစတာတွေနဲ့ ဖုံးဖိလို့ရပေမယ့် ဒီအမာရွတ် အကြီးစားကြီးတွေကတော့ ထင်းခနဲ ပေါ်နေတာပါပဲ။ အမာရွတ်ရဲ့ မျက်နှာပြင်ကလည်း ပြောင်ပြောင်လက်လက်၊ ချောချောမွေ့မွေ့နဲ့ပါ။

ဘာလို့အမာရွတ်က ကြီးတာလဲ

ဖြစ်နိုင်ရင် ဘယ်သူမှ အမာရွတ်တွေ မကျန်စေချင်ပါဘူး။ ကျန်ရင်တောင်မှ မှိန်မှိန်ပျော့ပျော့လေးပဲ ရှိစေချင်တာပါ။ ဒါပေမယ့် တစ်ချို့ကျတော့ ခုပြောခဲ့တဲ့ ကီးလွိုက်ကြီးတွေ အမွေရပါလေရော။ အမှန်အတိုုင်းပြောရရင် ဘာကြောင့် တစ်ချို့သူတွေမှာ အမာရွတ်တွေ အဆမတန် ကြီးသွားရတာလည်းဆိုတာ မသိသေးပါဘူး။ တကယ်တော့ အမာရွတ်ဆိုတာ ကိုလာဂျင်အမျှင်တွေပါ။ ဒီအမျှင်တွေကို ထုတ်လုပ်ပေးသူကတော့ အရေပြားရဲ့ အလယ်လွှာမှာရှိတဲ့ ဖိုက်ဖရို ဘလတ်(စ်) (Fibroblast) ကလပ်စည်းတွေပါ။ ဒီကလပ်စည်းတွေက လိုအပ်တဲ့ ပမာဏထက် ကိုလာဂျင်တွေကို ထုတ်လုပ်ပေးလိုက်လို့ပါ။ ခက်ခဲတာက အနာဖြစ်တာချင်းအတူတူ အများစုကျတော့ ဘာမှမဖြစ်ဘဲ တစ်ချို့မှာသာ ဒီပြဿနာ ကြုံရတာကို ခုထိ တိတိပပအဖြေ မတွေ့သေးတာပါပဲ။ တချို့လေ့လာသူတွေ ကလည်း မျိုးရိုးလိုက်တယ်လို့ဆိုပါတယ်။

ဘယ်နေရာတွေမှာ အဖြစ်များလဲ

အဖြစ်များတဲ့နေရာတွေကတော့ ခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်းပါ။ ရင်ဘတ်အပေါ်ပိုင်း၊ နောက်ကျောအပေါ်ပိုင်း၊ လည်ပင်း၊ နားနဲ့ လက်မောင်းပါ။ မျက်နှာနဲ့လက်ဖဝါး၊ ခြေဖဝါးမှာတော့ အတော်ဖြစ်ခဲ့ပါတယ်။ နားဖောက်ရာကတစ်ဆင့်ဖြစ်တဲ့ ကီးလွိုက်တွေကတော့ မြင်ဖူးကြမှာပါ။ အရွယ်အမျိုးမျိုးပါပဲ။ အညာနယ်က မိန်းကလေးတစ်ယောက် နားဖောက်ရာက တစ်ဆင့်ရလာတဲ့ ကီးလွိုက်ကြီးဟာ လိမ္မော်သီးတစ်လုံးလောက်ရှိတာကို ကြံုဖူးပါတယ်။ 

ဘာပြဿနာပေးသလဲ

အဓိကအချက်ကတော့ မြင်လို့ရှုလို့ မကောင်းတာပါ။ အများစုကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဒုက္ခမပေးပါဘူး။ ဒါပေမယ့် တချို့ကျတော့ ယားတာ၊ နာတာ၊ ပြည်တည်တာတွေ ကြံုတတ်ပါတယ်။ ယားတော့ ကုတ်မိတာပေါ့။ အပ်နဲ့ထိုးလိုက်သလိုမျိုးကို နာတော့ အနေရခက်တာပေါ့။ ပြည်တည်တော့လည်း မန်းရည်လေးတွေ တစ်စက်စက်ထွက်ပြီး နေရခက်တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကီးလွိုက်ဟာ ကင်ဆာဖြစ်မသွားပါဘူး။ နောက်ပြီး ကူးစက်ရောဂါလည်းမဟုတ်ပါဘူး။ တစ်ခါတစ်လေ အဆစ်တွေပေါ်မှာ ကီးလွိုက်ရှိခဲ့ရင်တော့ အဲဒီအဆစ်တွေမှာ အရေပြားအကြောတွေ ဆွဲသွားပြီး လှုပ်ရှားရခက်တာမျိုးတော့ ကြံုနိုင်ပါတယ်။ ဥပမာ ဒူးရဲ့ဘေးမှာ ကီးလွိုက်ရှိခဲ့ရင် ဒူးဟာကွေးလို့ ဆန့်လို့ ခက်တာမျိုးပါ။ အပြည့်အဝ ပုံမှန်လို အကွေးအဆန့်လုပ်လို့ မရတာမျိုး ဖြစ်သွားနိုင်ပါတယ်။

ဘယ်လိုဒဏ်ရာကြောင့်လဲ

ကီးလွိုက်ဖြစ်ချင်သူတွေမှာ ဘယ်လိုဒဏ်ရာရရ၊ ဘယ်လိုအနာဖြစ်ဖြစ် ဖြစ်ကိုဖြစ်မှာပါ။ ဝက်ခြံဖု၊ ခြင်ကိုက်ဖုတွေကို ကုတ်ဆွတာက အနာဖြစ်ပြီးတော့ ကီးလွိုက်ဖြစ်တတ်သလို ဓားချတာ၊ မီးလောင်တာတွေကလည်း ကီးလွိုက်ဖြစ်တာပါပဲ။ အမြတ်အများဆုံးကတော့ နားဖောက်တာတို့၊ လက်မောင်းမှာ ကာကွယ်ဆေးထိုးတာတို့ပေါ့။ နောက်ပြီး ခွဲစိတ်ကုသမှု လုပ်ပြီးလို့ ကျန်ခဲ့တဲ့ ချုပ်ရိုးအကြောင်း တစ်လျောက်မှာလည်း ကီးလွိုက်အစင်းကြောင်းကြီးတွေ ဖြစ်တတ်ပါသေးတယ်။ တစ်ချို့ကျတော့ ဒဏ်ရာ၊ အနာတရ မည်မည်ရရမရှိဘဲကို ကီးလွိုက်ဖြစ်တာမျိုးလည်း ရှိပါတယ်။ အထူးသဖြင့် ရင်ညွန့်နေရာမှာဆို ကီးလွိုက် ကန့်လန့်စင်းတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ 

အမာရွတ်ပျောက်ချင်တယ်

ဒီလိုမနှစ်မြို့စရာ အမာရွတ်ကြီးကြီးတွေကို လူတိုင်း ကုသဖယ်ရှားပစ်ချင်တာပေါ့။ ခက်တာက ဘယ်နည်းလမ်းနဲ့မှ မိမွေးတိုင်း ပုံမှန်အရေပြား ဖြစ်သွားအောင် အာမခံချက် မရှိသေးပါဘူး။ တစ်ချို့က ခွဲထုတ်ပေးဖို့ တောင်းဆိုလေ့ရှိပါတယ်။ ခွဲလိုက်ကာမှ မူလအရွယ်ထက် ကြီးမားတဲ့ နောက်ထပ် ကီးလွိုက်တစ်ခု ရသွားနိုင်တာမို့ပါ။ အထူးသဖြင့် ရင်ညွှန့်တ်ို့ လက်မောင်းတို့မှာရှိတဲ့ ကီးလွိုက်တွေကို လုံးဝမခွဲသင့်ပါ။ အလှအပအတွက် မဖြစ်မနေ ခွဲဖို့လိုအပ်တယ်ဆိုရင်တောင် ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်များနဲ့ ခွဲပြီးတဲ့နောက် ခွဲထားတဲ့နေရာကို စတီးရွိုက် ထိုးဆေးတွေထိုးတာ၊ ဓာတ်ရောင်ခြည်ကင်ဆာတွေ လုပ်တာမို့ အတော်လက်ပေါက်ကပ်ပါတယ်။ အခြားနည်းတစ်ခုကတော့ ကီးလွိုက်တွေကို လေဆာနဲ့ အရွယ်သေးသွားအောင် လုပ်တဲ့နည်းပါ။ လေဆာစက်တွေ အမျိုးမျိုးရှိတဲ့အနက် Pulsed dye laser ဟာ အတော်ထိရောက်တယ်လို့ဆိုပါတယ်။ အရေပြားဆရာဝန် အများစုသုံးကြတဲ့ နည်းတစ်ခုကတော့ ကီးလွိုက်ဖုထဲကို စတီးရွိုက်ထိုးပြီး ကုသတဲ့နည်းပါ။ ယားတာလည်း သက်သာစေပြီး အရွယ်လည်းကျံု့သွားတာပေါ့။ ကီးလွိုက်ရဲ့ အရွယ်အစားပေါ် မူတည်ပြီး လိုအပ်ရင် တစ်လကြာတဲ့အခါ နောက်ထပ် တစ်ကြိမ်ထိုးရပါသေးတယ်။

ရှောင်စေ၊ ရှားစေ

ထိခိုက်ဒဏ်ရာရသူတိုင်း ကီးလွိုက်အမာရွတ်ထူထူကြီးတွေ ဖြစ်ချင်မှ ဖြစ်တာပါ။ ဘယ်သူ့မှာဖြစ်မယ်၊ ဘယ်သူမှမဖြစ်ဘူးဆိုပြီး ခန့်မှန်းလို့လည်း ရတာမဟုတ်ပါဘူး။ တစ်ကြိမ်တစ်ခါ ကီးလွိုက်ဖြစ်ပြီးရင်တော့ သတိထားပေတော့။ နောက်ထပ် ထိမိခိုက်မိ၊ အနာဖြစ်မိလို့ကတော့ ကီးလွိုက်တွေ တစ်လုံးပြီးတစ်လုံး ရောက်လာမှာပါ။ ဒါကြောင့် အကောင်းဆုံးနည်းလမ်းကတော့ ရှောင်စေ၊ ရှားစေပါပဲ။ ဥပမာ နားဖောက်တာ၊ တက်တူး ထိုးတာ၊ မှဲ့ဖျက်တာ၊ ဝက်ခြံကို ညှစ်တာ၊ ဖဲ့တာစတာတွေပေါ့။ မလိုအပ်ဘဲနှင့် ရင်ဘတ်အပေါ်ပိုင်းနဲ့ လက်မောင်းနေရာတွေမှာ ဘာခွဲစိတ်မှုမှာ မလုပ်စေချင်ပါဘူး။ ကီးလွိုက်ဖြစ်နိုင်ခြေများတဲ့ နေရာတွေဆိုတော့ အတော်သတိထားရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မီးလောင်တာ၊ ပွန်းတာပဲ့တာ၊ အနာဖြစ်တာ၊ ထိုးမိရှမိတာ၊ စတဲ့အရေပြားကို ထိခိုက်ဒဏ်ရာဖြစ်စေတဲ့ အခြေအနေမျိုး ကြံုခဲ့ရင် ဆေးကုသမှု လက်ဦးစေချင်ပါတယ်။ ထိရောက်တဲ့ သောက်ဆေး၊ စားဆေး မှီဝဲရမှာပါ။ အမာရွတ်တစ်ခု ဖြစ်သွားပြီးရင် အမာရွတ်ပျောက်ဆေး ဆိုတာတွေလည်း မကယ်နိုင်ပါဘူး။ ပေါ့ပေါ့ဆဆ မနေကြပါနဲ့လို့ပဲ တိုက်တွန်းပါရစေ။

 

Healthcare.com.mm

 

Ref:

ဒေါက်တာကျော်ကျော်

(အရေပြားအထူးကုဆရာဝန်ကြီး)

Health for all magazine

December 2013, Pg.63-65



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18