Print

Pressure sore (or) bed sore (အိပ်ယာနာ)

  30-Oct-2016
Preview Image

အခုဖော်ပြပေးမယ့် အကြောင်းကတော့ အိပ်ယာထဲ ကြာမြင့်စွာနေရင် ရနိုင်တဲ့ အိပ်ယာနာ အကြောင်း ဖြစ်ပါတယ်။

- Coma (သတိလစ်မေ့မြောနေတဲ့သူများ)

- လေဖြတ်နေသူများ

- ခွဲစိတ်ပြီး အရိုးကျိုးပြီး နာကျင်၍ အိပ်ယာထဲလဲနေသူများ

- အရက်သမားများ

- နောက်ဆုံးအဆင့် ကင်ဆာရောဂါခံစားနေရသူများ တို့တွင် အဖြစ်များတတ်ပါတယ်။ 

>>>ဘယ်လိုလူမျိုးတွေမှာ ပိုဆိုးတတ်လဲ...?

သွေးချိုဆီးချို ရောဂါရှိသူများ၊ Steroid စတီးရွိုက်ပါသော ဆေးများသောက်သုံးနေသူများတွင် အနာဖြစ်ခြင်း ပိုဆိုးတတ်၊ ပိုကုရခက်တတ် ပါတယ်။ 

>>>အိပ်ယာထဲ နှစ်ရှည်လများ လှဲရင်ဘာကြောင့် အိပ်ယာနာဖြစ်တာလဲ…?

လေးလံတဲ့ခန္ဓာကိုယ်နဲ့ အကြာကြီး ဖိထားတဲ့အခါ အဖိခံထားရတဲ့ နေရာမှာ သွေးစီးဆင်းမှု လျော့နည်းသွားပြီး ဒီလို အဖိခံထားရတဲ့ နေရာတိုင်းမှာ အနာဖြစ်နိုင်ပါတယ်။ အချိန်မှီ မကုသပါက အနာမှာပို၍ ကြီးလာပြီး ပိုးဝင်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ဒီရောဂါက ကြိုတင်ကာကွယ်လို့လည်းရပါတယ်။

ဘယ်လိုတွေလွယ်ကူစွာ ကာကွယ်လို့ရနိုင်လဲ...?

- လူနာကို အနည်းဆုံး နှစ်နာရီခြားတစ်ခါ ဟိုဘက်၊ ဒီဘက် စောင်းပေးပါ။ (wheelchair လက်တွန်းလှည်း အသုံးပြုသူများ နာရီဝက်တစ်ခါ စောင်းပေးရန်လိုအပ်ပါတယ်)

- လေဝင်လေထွက်ကောင်းသော အိပ်ရာမျိုးသုံးနိုင်ပါတယ်။ (ဥပမာ လေဖောင်းအိပ်ယာ)

- အာဟာရကောင်းမွန်အောင် ကျွေးပါ။ ဂရုစိုက်ပါ။ ပရိုတင်းဓာတ်များများ ပါလေပိုကောင်းလေ ဖြစ်ပါတယ်။ ဝမ်းမချုပ်စေရန် အသီးအရွက်စားဖို့လည်း တိုက်တွန်းပါရစေ။

- နေ့စဉ် အိပ်ယာနဲ့ ထိနေတဲ့ အရေပြားနေရာများကို အနာရှိ၊ မရှိစစ်ဆေးပေးပါ။

- တစ်ကိုယ်ရည်သန့်ရှင်းမကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ (အချို့လူနာတွေမှာ ဆီးဝမ်းမထိန်းနိုင်ဘဲ ထွက်ကျပြီး ဆီးပူ၊ ဝမ်းပူလောင်ပြီး အနာပေါက်နိုင်ပါတယ်) ဒါကြောင့် ဂရုစိုက်ပြီး ပြုစုသန့်ရှင်းပေးဖို့ရန် အရေးကြီးပါတယ်။

အနာဖြစ်ပြီးသွားရင်ရော ဘယ်လိုလုပ်ရမလဲ...?

ကုသခြင်းဟာ ဖြစ်နေတဲ့ အနာအရွယ်အစား၊ ဘယ်လောက်ထိ ပိုးဝင်နေသလဲပေါ် မူတည်ပြီး ကွာခြားပါတယ်။

- ဆိုးဝါးပျက်စီးနေသော အနာနေရာများကို ပြန်လည်သန့်စင်ပေးခြင်း။

- ပိုးသတ်ဆေးပေး၍ ကုသခြင်း

- အနာကျက်အောင်ပြုလုပ်ပေးခြင်း

- ပရိုတင်းဓာတ်များစွာ ဖြည့်တင်းပေးခြင်း

- အနာအလွန်ကြီးမားပါက အရေပြားအစားထိုး ကုသခြင်းများအထိ ပြုလုပ်ရနိုင်ပါတယ်။

 

အိပ်ယာထဲလှဲနေရသော လူနာတွေဟာ ကိုယ်တိုင် ဘာမှမလုပ်ဆောင်နိုင်တဲ့အတွက်၊ စိတ်ရှည်သည်းခံပြုစုပေးခြင်းဖြင့် ကူညီနိုင်ပါတယ်ရှင်။

 

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

 

Written by Dr. hp(Healthcare.com.mm)

Ref: NHS choices & Davidson



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18