Print

အရေပြားမှာ ချိုပေါက်တာလား

  30-Oct-2016
Preview Image

အရေပြားပေါ်မှာ ထိုးထိုးထောင်ထောင် ထွက်လာတဲ့အဖု၊ အသီး၊ အကျိတ်စတဲ့ အသားပိုလေးတွေကို အသက်အရွယ်ရလာတာနဲ့အမျှ တွေ့ရကြုံရတတ်ပါသည်။ အသက်ကြီးသူတွေမှာ အတွေ့များတဲ့ Seborrheic Keratosis လို့ ခေါ်တဲ့ မှဲ့ပုံသဏ္ဍာန် ညိုညိုမည်းမည်းအဖု လေးတွေနဲ့ အသားရောင် အသားပိုလေးတွေ (Skin Tags) ကိုတော့ မကြာခဏ တွေ့ဖူး၊ ကြံုဖူးကြမှာပါ။ ဒီအကြောင်းတွေလည်း ကျွန်တော်မကြာခဏ ဆောင်းပါးရေးဖြစ်ခဲ့ပါတယ်။ အသားပိုတစ်မျိုးဖြစ်တဲ့ ရှားရှားပါးပါး အရေပြားပေါ်က ချို (ဂျို) ပေါက်တဲ့ ကိစ္စကိုလည်း ဒီလမှာ ဆွေးနွေးပါဦးမယ်။

အရေပြားပေါ်က ချို

တိရိစ္ဆာန်တွေဖြစ်တဲ့ နွား၊ ကျွဲ၊ ဆိတ်၊ သမင် စတာတွေမှ ချိုပေါက်တာ မဟုတ်ပါဘူး။ လူမှာလည်း ရှားရှားပါးပါး ချိုပေါက်တတ်ပါတယ်။ Cutaneous Horn တဲ့။ ဦးခေါင်းနဲ့ မျက်နှာမှာ အတွေ့များပါတယ်။ နဖူးမှာလည်း ချိုပေါက်လို့ နောက်ပြောင်ခံရတတ်ပါတယ်။ မျက်နှာအပြင် လက်ဖမိုးပေါ်မှာ တွေ့ရတတ်ပါသေးတယ်။ အရေပြားပါးတဲ့ မျက်ခွံပေါ်မှာလည်း ရှားရှားပါးပါးတွေ့ရတတ်ပါတယ်။ အရွယ်အစားကတော့ အမျိုးမျိုးပေါ့ စပြီးထွက်ခါစမှာ စပါးစေ့တစ်လုံးစာ အရွယ်လောက်ရှိပေမယ့် မကုသဘဲထားရင် နှစ်ကြာတဲ့အခါ ခြောက်လက်မလောက်အထိကို ရှည်ထွက်လာနိုင်ပါတယ်။ တကယ့်ကို တိရိစ္ဆာန်တွေမှာ ထွက်လာတဲ့ ချိုလိုပဲ ထိုးထိုးထောင်ထောင်နဲ့ပေါ့။ ချိုချင်းတော့ အတူတူပါပဲ တကယ်တော့ လူနာပေါက်တတ်တဲ့ အသားပို ချိုအတတ်လေးတွေနဲ့ တိရိစ္ဆာန်တွေရဲ့ ချိုက ဖွဲ့စည်းပုံချင်း အတူတူပါပဲ။ ကာရာတင် (Keratin) ဆိုတဲ့ အလွန်မာကျောတဲ့ ပရိုတင်းဓာတ်တွေနဲ့ အဓိက ဖွဲ့စည်းထားတာပါ။ အဲဒီလိုမာကျော တောင့်တင်းတဲ့အတွက် တိရိစ္ဆာန်တွေဟာ ရန်သူသတ္တဝါတွေနဲ့ တိုက်ခိုက်တဲ့အခါ အသုံးတည့်တာပေါ့။ လူမှာရှိတဲ့လက်သည်း၊ ခြေသည်း ငှက်တွေရဲ့ ခြေစွယ်၊ ခြေတက်တွေဟာလည်း ကာရာတင်နဲ့ပဲ တည်ဆောက်ထားတာမို့ အလွန်မာကျောပြီး လိုအပ်တဲ့အခါ လက်နက်သဖွယ် သုံးလို့ရပါတယ်။

အန္တရာယ်ရှိသလား

တိရိစ္ဆာန်တွေမှာ ထွက်တဲ့ ချိုက သဘာဝအတိုင်း ထွက်လာတာဆိုတဲ့ ဘာမှပြဿနာ မပေးနိုင်ပေမယ့် လူမှာ ထွက်လာတဲ့ သဘာဝမဟုတ်တဲ့ ချိုအစွယ်လေးတွေကတော့ လုံးဝ အန္တရာယ်ကင်းတယ်လို့ မဆိုနိုင်ပါဘူး။ ချိုအတက်တွေရဲ့ ၂ဝ ရာခိုင်နှုန်းက အရေပြားကင်ဆာနှင့် ဆက်နွယ်မှုတွေရှိနေပါတယ်။ ပြောရရင်ချိုရဲ့ အရင်းမှာ တစ်နည်းအားဖြင့် ချိုထွက်လာတဲ့ အထိုင်နေရာမှာ ကင်ဆာဖြစ်နေနိုင်တာပါပဲ။ အထူးသဖြင့် ချိုက နာရင်၊ အရင်းမှာရဲနေရင် ကင်ဆာ မသင်္ကာစရာပေါ့။ တကယ်လို့ ယောကျ်ားလိင်အင်္ဂါတွေမှာ ချိုဖုလေးတွေ ထွက်ရင် အရေပြားကင်ဆာဖြစ်နိုင်ခြေက ၃၇ ရာခိုင်နှုန်းတောင် ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ချိုအသားပိုလေးတွေ ဟိုနားဒီနားထွက်လာရင် ဖြတ်တောက်ပြီး အသားစကို ဓာတ်ခွဲခန်းမှာ စစ်ဆေးသင့်ပါတယ်။ ကင်ဆာ ဟုတ်၊ မဟုတ် သေချာအောင် ခွဲခြားဖို့ လိုပါတယ်။ 

မှားတော့ မှားနိုင်တယ်

ဒီလိုချိုအသားပိုလေးတွေနဲ့ တခြားအရေပြားရောဂါတွေလည်း မှားချင်စရာပါ။ ဥပမာ ကြွက်နို့တို့၊ Skin Tag လို့ခေါ်တဲ့ အသားပိုလေးတွေနဲ့ မှားချင်စရာပါ။ မှဲ့နဲ့တူတဲ့ Seborrheic Keratosis နဲ့လည်း မှားတတ်ပါတယ်။ ထူးခြားတာက ချိုထွက်တဲ့အတိုင်းပဲ အလွန်မာပါတယ်။ ထိပ်မှာ အချွန်လေးရှိပြီး အရင်းကတော့ တုတ်နေပါတယ်။ ညိုမည်းမည်း အရောင်မဟုတ်ပါဘူး။ ညိုတိုတို၊ ဝါကြန့်ကြန့်အရောင်တွေပါ။ အဲဒီအချွန်လေးက တဖြည်းဖြည်းချင်း ရှည်ထွက်လာပြီး ကြာတော့ တိရိစ္ဆာန်တွေရဲ့့ ချိုလို ကွေးသွားတာပါ။ လူမြင်သူမြင်နေရာမှာရှိရင် စောစောစီးစီး သတိထားမိပေမယ့် ဆံပင်ထူတဲ့ ခေါင်းထဲမှာ ချိုထွက်နေရင်တော့ ကြွက်နို့လိုလို၊ အသားပိုလိုလိုနဲ့ လက်နဲ့ စမ်းကြည့်ရင်း ကြာသွားတတ်ပါတယ်။ ချက်ချင်းဘာမှ ဒုက္ခမပေးဘဲကိုး။

ကုသတာခက်ပါသလား

အမှန်ပြောရရင် ချိုသေချာရင် စောစောစီးစီး ကုရတာ လွယ်လွယ်လေးပါ။ ပိုးသန့်စင်ထားတဲ့ မုတ်ဆိတ်ရိတ်ဓားပါးလေးနဲ့တောင် ဖြတ်လိုက်လို့ရပါတယ်။ ဒါပေမယ့် ချိုရဲ့ အရင်းမှာ ရောဂါရှိ မရှိ သိရအောင် အသားစလှီးထုတ်ပြီး ဘိုင်အိုစီဆိုတဲ့ ဓာတ်ခွဲစမ်းသပ်မှုလည်း လုပ်ကိုလုပ်ရမှာပါ။ တွေ့ရှိတဲ့ ရောဂါပေါ်မူတည်ပြီး ခွဲစိတ်တာ၊ ဓာတ်ကင်တာ၊ ကင်ဆာ လိမ်းဆေးလိမ်းတာ၊ ဒါမှမဟုတ် အလွန်အေးတဲ့ နိုက်ထရိုဂျင်အရည်နဲ့ တို့တာ စတာတွေ လုပ်ရပါတယ်။ နောက်ပြီး ချိုပေါက်တဲ့ နေရာဝန်းကျင်ကိုလည်း သတိထား စောင့်ကြည့်ပေးဖို့ လိုပါတယ်။

သတိထားဖို့ပြောတာပါ

ဇရာအိုတွေမှာ ကြံုနိုင်တဲ့ ရှားပါးတဲ့ ရောဂါဖြစ်ပေမယ့် ကင်ဆာနဲ့ ဆက်စပ်နေတာကြောင့် မပေါ့ဆစေချင်ပါဘူး။ ကုရတာလည်း ခက်ခဲတာမဟုတ်တာကြောင့် စောစောစီးစီး စပါးစေ့လုံးလောက် အရွယ်လေးမှာတင် အမြစ်ပြတ်အောင် ရှင်းစေချင်ပါတယ်။ ဘာသိဘာသာထားခဲ့ရင် ရှေးပိုင်းမှာ ပြောခဲ့တဲ့ ချိုရှည်ကြီးတွေနဲ့ လူထူးလူဆန်းတွေ ဖြစ်သွားနိုင်တာမို့ပါ။ အဲဒီထူးခြားတဲ့ သူတွေထဲက ပြင်သစ်အမျိုးသမီးကြီးရဲ့ ချိုရှည်ကြီးကိုတော့ အမေရိကန်နိုင်ငံ ဖီလဒီဖီးယားပြည်နယ်က မူတာပြတိုက် (Mutter Museum) မှာ ယနေ့အထိ ဖယောင်းရုပ်တုအနေနဲ့ ပြသထားတာမို့ မယုံ မရှိကြပါနဲ့လို့ ပြောချင်ပါတယ်။

 

Healthcare.com,mm

 

Ref:

ဒေါက်တာဦးကျော်ကျော်

(အရေပြားအထူးကု ဆရာဝန်ကြီး)

Arogyam Magazine

November.2013, No.256, Pg.79-81



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18