Print

မျက်စိဝန်းကျင်က အဖုသေးသေးများ

  30-Oct-2016
Preview Image

အမျိုးသမီးတွေအနေနဲ့ မျက်နှာပေါ်မှာ ဘာအဖုအကျိတ်မှမရှိဘဲ ချောမွေ့လှပချင်ပေမယ့် တချို့အမျိုးသမီးတွေရဲ့ မျက်နှာပေါ်မှာ အထူုးသဖြင့် မျက်နှာဝန်းကျင်မှာ အဖုသေးသေးတွေ မကြာခဏ တွေ့ဖူးပါတယ်။ အဲ့ဒီအဖုသေးသေးတွေကို ဆရင်ဂိုးမား (Syringomas) လို့ ဆေးပညာဝေါဟာရရှိပါတယ်။ ဂရိဘာသာ ဆရင့် (Syrinx) က ဆင်းသက်လာတာပါ။ ဆရင့်ဆိုတာ ပြွန်တို့၊ ပိုက်တို့ကို ဆိုလိုတာပါ။ ကျွန်တော်တို့ မကြာခဏသုံးတဲ့ ဆေးထိုးပိုက်၊ ဆေးထိုးပြွန်တို့ကို ဆရင့် (Syringe) လို့ခေါ်ပါတယ်။ အရေပြားရဲ့ ချွေးပြွန်မှာ ဖြစ်တဲ့ အကျိတ်မို့ ဆရင်ဂိုးမားဆိုပြီး နာမည်တပ်လိုက်တာပါ။ ဒီတော့ ဒီအဖုသေးသေးတွေကို မြန်မာလို ဆီလျော်အောင်ပြောရရင် ချွေးပြွန်အကျိတ်ပေ့ါ။

အကျိတ်ဆိုတာ

ချွေးအိတ်တွေဆိုတာ လူမှာ မရှိမဖြစ်ပစ္စည်းပါ။ အရေပြားရဲ့ အလယ်လွှာ (Dermis) ထဲမှာ ရှိပါတယ်။ စပရိန်လို ခွေနေတဲ့ တစ်သျှူးတစ်မျိုးပါ။ ထွက်လာတဲ့ချွေးတွေကို ချွေးပြွန်က အရေပြားလွှာ (Epidermis) ကို ဖြတ်သန်းပြီးမှ အရေပြား မျက်နှာပြင်ပေါ်ကိုစွန့်ထုတ်ပေးတာပါ။ ချွေးအကျိတ်ကအရေပြားပေါ်လွှာကို ချွေးပြွန်ဖြတ်သန်းသွားတဲ့နေရာမှာ ဖြစ်တာပါ။ ဘယ်လောက်ပဲကြာကြာ အကျိတ်အဖုလေးတွေက ကင်ဆာမဖြစ်တတ်ပါဘူး။ လူကို ဒုက္ခမပေတတ်ပါဘူး။ ယားတာ၊ နာတာလည်း မရှိပါဘူး။ အလှပျက်ရုံသက်သက်ပါ။ စိတ်အနှောက်ယှက်ဖြစ်စေစရာပေါ့။ နောက်ပြီး ပင်အပ်ခေါင်းသာသာ အရွယ်ကနေ မီးခြစ်ဆံခေါင်းလောက် အရွယ်ထက် ပိုကြီးမလာပါဘူး။ သူ့ဘာသာသူလည်း အလိုလိုပျောက် မသွားပါဘူး။

ဘယ်လိုအသွင်သဏ္ဍာန်လဲ?

အများစုကတော့ အသားရောင် ဒါမှမဟုတ် အဝါဖျော့ဖျော့ရောင် ပင်အပ်ခေါင်းအရွယ် အဖုသေးသေးလေးပါပဲ။ တချို့ကျတော့ အရည်ကြည် အိတ်သေးသေးလေးလို တွေ့ရ တတ်ပါတယ်။ မျက်နှာပြင်ကလည်း ချောမွေ့ပြောင်လက်နေပါတယ်။ နီရဲရောင်ရမ်းနေတာမျိုး မရှိပါဘူး။ ပါးရဲ့အပေါ်ပိုင်းနဲ့ မျက်လုံးဝန်းကျင်၊ အပေါ်မျက်ခွံ၊ အောက်မျက်ခွံတွေမှာ သိသိသာသာ ပိုများပါတယ်။ ထူးခြားတာက အမြဲတမ်းလိုလို ဘယ်ရော၊ ညာပါဖြစ်လေ့ရှိပါတယ်။ မိတ်ဆွေ စာရေးဆရာမချောချောလေးတစ်ဦးဆိုရင် သူ့မှာရှိတဲ့ ဒီအကျိတ်ဖုသေးသေးတွေကို လူမမြင်အောင် မျက်မှန်လေးတပ်ပြီး ဖုံးထားရှာပါတယ်။ မျက်နှာအပြင်ရှားရှားပါးပါး ချိုင်းတို့၊ ရင်ဘတ်တို့၊ ဗိုက်တို့၊ ကျား/မလိင်အင်္ဂါတို့မှာလလည်း တွေ့ရတတ်ပါတယ်။ ဒါထက် ပိုရှားတာကတော့ ခေါင်းမှာဖြစ်တဲ့ Scalp Syringoma ပါ။ အဲ့ဒီအခါမှာတော့ ဆံပင်တွေပါ ကျွတ်သွားပါလေရော။

ဖြည်းဖြည်းနဲ့မြန်မြန်

သာမန်အားဖြင့် တဖြည်းဖြည်းချင်း တစ်လုံးစ၊ နှစ်လုံးစ မသိမသာပေါ်လာပြီး ကြာမှ အစုအဝေးဖြစ်တတ်သွားတာပါ။ ဒါပေမယ့် ဝုန်းဆို ရုတ်တရက်အဖုတွေ အများကြီးပေါ်လာတဲ့ အမျိုးအစားလည်း ရှိပါသေးတယ်။ Eruptive Syringoma လို့ခေါ်ပါတယ်။ ဒီအမျိုးအစားက မျက်နှာမှာ မတွေ့ရဘဲ လည်ပင်း၊ ရင်ဘတ်၊ ချိုင်း၊ လက်မောင်းနဲ့ချက်ပတ်လည်တွေမှာလည်း တွေ့ရတတ်ပါတယ်။ ပြွတ်ခဲနေတာပါ။ ဒီတော့ ဆစ်ဖလစ်ဆိုတဲ့ ကာလသားရောဂါတစ်မျိုး နှင့်တောင် မှားနိုင်ပါတယ်။ ကလေးတွေမှာ ဒီအဖုမျိုးက မရှိသလောက်ပါ။ လူပျိုဖော်၊ အပျိုဖော်ဝင်ပြီးနောက်မှာသာ တစ်လုံးစ၊ နှစ်လုံးစအဲဒီအဖုအကျိတ်သေးသေးလေးတွေ ပေါ်လာတတ်တာပါ။ နောက်တော်တော်ကြီးကိုကြာမှ တဖြည်းဖြည်းများလာတာပါ။ အမျိုးသမီးတွေမှာ အတွေ့ရများပေမယ့် အမျိုးသားတွေမှာလည်း ရံဖန်ရံခါတွေ့ရတတ်ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားတို့လို အာဖရိကသွေးနှောတဲ့ အမေရိကန်တွေရယ်၊ ကျွန်တော်တို့ အာရှတိုက်သားရယ် အလွန်ကြုံရတတ်တဲ့ ပြဿနာပါ။ အထူးသဖြင့် ဂျပန်မတွေမှာဆို ဒီလိုမျက်လုံးဝန်းကျင်က အကျိတ်လေးတွေဖြစ်မှဖြစ်ပဲ။

ကိုယ်တွင်းရောဂါတွေနဲ့ ပတ်သက်သလား?

ဒီချွေးပြွန်အကျိတ်သေးသေးတွေက အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ စတဲ့ ခန္ဓာကိုယ်တွင်း ရောဂါတွေနဲ့လည်း ပတ်သက်မှုမရှိပါဘူး။ ကင်ဆာရောဂါတွေနဲ့လည်း မပတ်သက်ပါဘူး။ ဒါပေမဲ့ မွေးရာပါဉာဏ်ရည်နိမ့်တဲ့ရောဂါ (Down Syndrome) ရှိသူတွေမှာတော့ ပိုတွေ့ရလေ့ရှိပါတယ်။ တိတိကျကျ ပြောရရင် အဲ့ဒီရောဂါရှိသူ ၁ဝဝ မှာ အယောက် ၂ဝ လောက်က ဒီလိုအကျိတ်လေးတွေ တွေ့နိုင်ပါတယ်။ တခြားစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့သူတွေ ဆီမှာလည်း ပိုပြီးတွေ့ရတတ်ပါလို့ သိရပါတယ်။ Clear Cell Syringoma ဆိုတဲ့ ရှားပါးချွေးအကျိတ်ကျပြန်တော့ ဆီးချိုရောဂါနှင့် ဆက်နွှယ်မှုရှိတာမို့ ချွေးအကျိတ်တွေရှိတဲ့သူတွေကို ဆီးချိုသွေးချို ရှိ၊ မရှိတော့ စစ်ဆေးသင့်ပါတယ်။ နောက်ပြီး မျက်စိနားမှာဖြစ်တဲ့ အကျိတ်ပေမယ့် အရေပြားရောဂါစစ်စစ်ပါ။ မျက်စိကို တစ်စုံတစ်ရာ ထိခိုက်တာမျိုးလည်း မရှိပါဘူး။ မျက်စိရောဂါတွေနဲ့လည်း ဒီချွေးပြွန်အကျိတ်ငယ်တွေ ဆက်စပ်မှု မရှိပါဘူး။ ဒါကြောင့် စိုးရိမ်စရာမရှိပါဘူး။ မျိုးရိုးလိုက်တတ်ပေမယ့် ရှားပါတယ်။ စိတ်ပူစရာ မရှိပါဘူး။

ချွေးပြွန်အကျိတ်တွေ ဟုတ်၊ မဟုတ်

တကယ်တော့ အရေပြားဆရာဝန်တွေ အနေနဲ့ ဒီရောဂါကို မြင်တာနဲ့ အလွန်သိသာတဲ့ ကိစ္စမို့ အသားစယူပြီး စစ်ဆေးတာကို လုပ်ဖို့တောင်မလိုပါဘူး။ အရှေ့ပိုင်းမှာ ပြောခဲ့သလို ပင်အပ်ခေါင်းသာသာ အသားရောင် ဒါမှမဟုတ် အဝါရောင်ဖျော့ဖျော့ မျက်စိဝန်းကျင်က အကျိတ်ငယ် အဖုငယ်တွေဟာ တခြားအရေပြားရောဂါနဲ့ အတော်မှားခဲ့ပါတယ်။ ဒါပေမယ့်လည်း မျက်နှာမှာမဟုတ်ဘဲ ချိုင်း၊ ချက်ပတ်လည်၊ လည်ပင်း စတဲ့နေရာတွေမှာ တွေ့ရရင်တော့ အသားစစစ်ဆေးပြီး ကြည့်တာက ပိုသေချာပါတယ်။ မျက်နှာမှာတွေ့ခဲ့လို့ အသားစယူရင် အမာရွတ်ထင်ကျန်မှာလည်း စိုးရိမ်ရပါတယ်။ များနို်င်တယ်အခြားအဖုတွေလည်း ရှိတော့ရှိပါတယ်။ ဥပမာ - မွေးညင်းနုအကျိတ် (Tricho epithelioma) ဆိုတာနဲ့ တစ်ခါတလေ မှားတတ်ပါတယ်။ အဲဒီအကျိတ် တဖြည်းဖြည်းနဲ့ အရမ်းကြီးလာတတ်တယ်။ ချွေးပြွန်အကျိတ်လို တည်တည်ငြိမ်ငြိမ် မရှိလှပါဘူး။ နောက်တစ်ခုကတော့ ဇန်သီလက်စမာ (Xanthelasma) ဆိုတဲ့ အဆီကျိတ်နဲ့ မှားနိုင်ပါတယ်။ အဝါရောင် ခပ်ပျော့ပျော့ အဆီ

အကျိတ်လေးတွေပေါ့။ မျက်ခွံပေါ်မှာ တွေ့ရတာများပါတယ်။ သူလည်း ဒုက္ခမပေးပေမယ့် လူကို အလှပျက်စေပါတယ်။ မီလီရာ (Milia) လို့ ဆေးပညာခေါ်တဲ့ အကြည်ဖုသေးသေးလေးတွေ မျက်စိဝန်းကျင်၊ အထူးသဖြင့် မျက်ခွံတွေမှာ တွေ့ရတတ်တာမို့၊ မှားနိုင်ပါသေးတယ်။ ဒီပြဿနာကလည်း ချွေးပြွန်ကနေဖြစ်တဲ့ အရည်အိတ် (Cyst) ပါ။ အထဲက ဝတ်ဆံကို ပိုးသန့်စင်တဲ့ တစ်ခါသုံးအပ်နဲ့ အသာလေးဖောက်ပေးလိုက်ရင် အလွယ်တကူ ပျောက်ကင်းတဲ့ပြဿနာပါ။

ကုသနည်းမှန်ပါစေ

ချွေးပြွန်အကျိတ်တွေ ရှိတဲ့သူတွေဟာ မှန်ကြည့်တိုင်း စိတ်မချမ်းမမြေ့ ဖြစ်ကြမှာပါ။ အလှဖျက်တဲ့ ဒီအဖုလုံး သေးသေးတွေကို ကုလိုပရပါတယ်။ လျှပ်စစ်ဓာတ်နဲ့ ဖျက်စီးပစ်တာ ရှိပါတယ်။ Electrodesication ပေါ့။ ကျွမ်းကျင်သူတွေမှ လုပ်ပေးလို့ ရပါတယ်။ အခန့်မသင့်ရင် အမာရွတ်တွေ ကျန်ခဲ့မှာကို နောက် လေဆာကုထုံးပေါ့။ ဒါလည်း မျက်စိနားနီးတော့ ကျွမ်းကျင်သူတွေနှင့်ပဲ ကုသမှုခံယူသင့်ပါသည်။ နောက်တစ်မျိုးကတော့ အလွန်အေးတဲ့ နိုက်ထရိုဂျင်အရည်နဲ့ တို့ပေးတဲ့နည်းပါ။ အခုပြောခဲ့တဲ့ နည်းသုံးမျိုးနဲ့ပဲ အမြစ်ပြတ်အောင် ကုပေးလို့ရပါတယ်။ သိပ်ခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သတိပြုစေချင်တာက တွေ့ရာလိမ်းဆေးတွေ၊ ဆေးမြီးတိုတွေနှင့် လက်တည့်မစမ်းမိဖို့ပါ။ မျက်နှာပေါ် အမျက်စိဝန်းကျင်ကို မသိနားမလည်တဲ့ လိမ်းဆေး၊ လူးဆေးတွေ လိမ်းမိရင် အရေပြားပျက်စီးမှု ဖြစ်တတ်ပါတယ်။ ပိုပြီးအလှပျက်သွားနိုင်ပါတယ်။ ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသပြီး မှန်ကန်တဲ့ ကုသနည်းကိုသာ ခံယူသင့်ပါကြောင်း အသိပေး အကြံပြုလိုပါတယ်။

 

Healthcare.com.mm

 

Ref:

ဒေါက်တာဦးကျော်ကျော်

Arogyam magazine

December 2014, No.269, Pg.85-87



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18