Print

ဆောင်းရာသီနှင့်အရေပြား

  30-Oct-2016
Preview Image

ဆောင်းရာသီမှာ ဘာကြောင့်အသားပပ်ရသလဲ။ အသားခြောက်လာလို့ပါ။

ရာသီဥတုအေးတော့ လေထုစိုထိုင်းဆကျတယ်။ အရေပြား ခြောက်လာတယ်။ အသားခြောက်တော့ အသားပပ်တယ်။ ဆောင်းရာသီမှာ အိမ်အပြင်လေက အလွန်အေးပြီး အိမ်ထဲမှာ နွေးနေတဲ့အတွက် လေထုစိုထိုင်းဆ လျော့ကျလာပြီး အရေပြားအပေါ်ယံလွှာခြောက်သွေ့ပြီး တင်းလာတယ်။ ဒါကို အသားပပ်တယ်လို့ ခေါ်တာဖြစ်တယ်။

ဘယ်လိုအသားအရေ ပိုင်ရှင်တွေက ပိုအဖြစ်များပါသလဲ။ ဘာကြောင့်ပါလဲ။

အသားပပ်တာဟာ အလွန်အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ။ လူမျိုးတိုင်း အရွယ်စုံဖြစ်တတ်ပါတယ်။ ဒါပေမယ့် ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေက ပိုအဖြစ်များပါတယ်။ ယောကျ်ားတွေက ပိုဖြစ်တတ်တယ်လို့လည်းဆိုပါတယ်။ ဖြစ်ရင် လက်၊ ခြေ၊ ခါးတစ်ဝိုက် တင်ပါး စတဲ့နေတွေ ပိုအဖြစ်များပါသည်။ 

အရေပြားခြောက်တာကိုကာကွယ်ဖို့ ရေများများပိုသောက်ပေးရမယ်ဆိုတာ၊ မှန်ပါသလား

မှားပါတယ်။

ကျန်းမာရေးနဲ့ အလှအပဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်တွေမှာ အရေပြားခြောက်တာကိုကာကွယ်ဖို့ တစ်နေ့ကို အနည်းဆုံးရေခုနှစ်ခွက်၊ ရှစ်ခွက် သောက်ရမယ်လို့ ညွှန်းထားတာတွေ မကြာခဏ တွေ့ရပါတယ်။ မယုံပါနဲ့၊ ၀မ်းလျှောခြင်း စတဲ့ ရောဂါကြောင့် ခန္ဓာကိုယ်အတွင်းရေဓာတ် ဆုံးရှုံးမှုများရင် အရေပြား ခြောက်လာတာမှန်တယ်။ ဓာတ်ဆားရည်၊ အကြောဆေး စတာတွေကြောင့် ကိုယ်တွင်းရေဓာတ် ပုံမှန်ပြန်ဖြစ်ရင် အရေပြားပြန်စိုလာပါမယ်။ ဒါကတစ်ပိုင်းပေါ့။ ကိုယ်ခန္ဓာအတွင်း ရေဓာတ် ဆုံးရှုံးမှုမရှိဘဲနဲ့ ရာသီဥတုကြောင့် အသားခြောက်တာကို ကာကွယ်ဖို့ ရေများများပိုသောက်ရင် ဆီးများများ ပိုသွားတာပဲ အဖတ်တင်မယ်။ အသားခြောက်တာကတော့ ဘာမှထူးလာမှ မဟုတ်ဘူး။ “ ခြောက်မြဲခြောက်လျက် ဆက်လက်၍သာ ခြောက်သွားမှာ ” လို့ပြောရလိမ့်မည်။

ဒါဆိုရင်အရေပြား ပြန်လည်စိုပြည်လာအောင် ဘယ်လိုလုပ်ရပါ့မလဲ။

အရေပြားခြောက်တာ အရေပြားမှာ ရေဓာတ်လျော့သွားလို့၊ အရေပြားမှာ ရေဓာတ်ပြန်ပြည့်လာရင် အရေပြားခြောက်တာ လျော့သွားတယ်။ အရေပြားမှာ ရေဓာတ်ပြန်ဖြည့်ဖို့ အကောင်းဆုံးနည်းကတော့ အရေပြားကို ရေစိမ်ပေးတာပဲဖြစ်တယ်။ တစ်ကြိမ်ကို ၁၅ မိနစ်ခန့် (ရေပူမဟုတ် ကြက်သီးနွေးထဲမှာ စိမ်ပေးရင် အရေပြားရေဓာတ် ပြန်ဖြည့်ဝလာလိမ့်မယ်။ ပြီးရင် အစိုဓာတ်ထိန်း Skin Moisturizer လိမ်းထားရင်ရပြီ၊ နေ့တိုင်းရေချိုးစရာ မလိုပါဘူး။ အတိုချုပ်ကတော့ ရေလျှော့ချိုး နေပူရှောင်၊ ရေအေးသုံး။

ဒီလိုရာသီမှာ ဘယ်လို အလှကုန်ပစ္စည်းတွေကို ဘယ်လိုလိမ်းခြယ်သင့်ပါသလဲ။

ဒီရာသီအတွက်တော့ အရေပြားအစို ဓာတ်ထိန်းပေးတဲ့ အလှကုန်ပစ္စည်းတွေ မဖြစ်မနေသုံးသင့်ပါသည်။ အဲဒီအစိုဓာတ် ထိန်း Moisturizer ပစ္စည်းတွေမှာလဲ လိုးရှင်း (lotion) ထက်စာရင် ခရင်မ် Ointment တွေ သုံးသင့်ပါသည်။ အဲဒါတွေက လိုးရှင်းထက်စာရင် အရေပြားဓာတ်ကို ပိုကြာကြာ ထိန်းပေးလို့ဖြစ်တယ်။ တချို့က ဆောင်းရာသီဖြစ်တာကြောင့် မျက်နှာဆေးကြော သန့်ရှင်းခြင်းကို လျှော့လုပ်ကြတယ်။ အမှန်က ပုံမှန်သန့်ရှင်းရေးလုပ်ရပါမည်။ ပြီးမှ အစိုဓာတ်ထိန်းခရင်မ် ပြန်လိမ်းရပါမယ်။ မျက်လုံးတစ်ဝိုက်၊ ပါး၊ ပါးစပ်တစ်ဝိုက်ဟာ ပိုခြောက်သွေ့တတ်လို့ အဲဒီနေရာတွေကို မျက်နှာအစိုထိန်းခရင်မ် (Face Moisturizer) ပိုပြီး များများလိမ်းရပါမယ်။ ပြီးမှ ကိုယ်လိမ်းချင်တဲ့ အလှကုန်ထပ်လိမ်းသင့်ပါတယ်။ ပေါင်တာသုံးတတ်ရင် အတတ်နိုင်ဆုံး လျှော့ရပါမယ်။ မိတ်ကပ်၊ ပေါင်ဒါ၊ မိတ်ကပ်အရည်ထက်စာရင်ခရင်မ် သုံးသင့်ပါတယ်။ ခန္ဓာကိုယ်၊ ခြေ၊ လက်တွေကို သနပ်ခါးလိမ်းလေ့ရှိသူတွေလည်း ဒီရာသီမှာမလိမ်းဘဲ ဒါမှမဟုတ် လျှော့လိမ်းသင့်ပါတယ်။ သနပ်ခါးက အရေပြားကို ခြောက်စေတဲ့ အာနိသင်ရှ်ိတယ်။ သနပ်ခါးအစား ဘော်ဒီလိုးရှင်း၊ Body Moisturizer Cream လိမ်းသင့်ပါတယ်။ လိုးရှင်းထက် ခရင်မ်က ပိုကောင်းတယ်။ တစ်ခါ ခရင်မ်တွေမှာလည်း ဗက်ဆလင်း၊ သံလွင်ဆီ စတာတွေပါတဲ့ ခရင်မ်တွေက ခန္ဓာ၊ ခြေ၊ လက်တွေအတွက် အကောင်းဆုံးဖြစ်တယ်။

နှုတ်ခမ်းခြောက်သွေ့အက်ကွဲတာတွေ မဖြစ်အောင်ကော ဘယ်လိုထိန်းသင့်ပါသလဲ။

နှုတ်ခမ်းဆိုတာ နူးည့ံတဲ့အရေပြား ဖြစ်တာကြောင့် ဆောင်းရာသီအသားပပ်တဲ့အခါနှုတ်ခမ်းခြောက်တာ၊ ကွဲအက်တာ၊ ဖြစ်လေ့ရှိတယ်။ ခွာရင်အနာဖြစ်တတ်တယ်။ ဒါကြောင့် မခွာသင့်ပါဘူး။ နှုတ်ခမ်းကို အဆီမကြာခဏ လိမ်းပေးရပါမယ်။ အဆီဆိုးပြီးမှ အမျိုးသမီးဆိုရင်အရောင်ပါတဲ့ နှုတ်ခမ်းနီဆိုးတာကောင်းတယ်။ နှုတ်ခမ်းအဆီဆိုတာမှာလည်း အဆီအရည်ထက် အရောင်မပါတဲ့ အဆီတောင့်ကပိုကောင်းတယ်။ နှုတ်ခမ်းသားထဲကို ပိုစိမ့်ဝင်စေလို့ပါ။ဆောင်းရာသီမှာ တချို့သူတွေဟာ မျက်နှာမှာ အဖြူကွက်လေးတွေ ဖြစ်လာတတ်တယ်။ 

အဲဒါကိုကောမဖြစ်အောင် ဘယ်လိုကာကွယ်လို့ရပါသလဲ။

အဲဒါဟာလည်း မျက်နှာမှာ အသားပပ်နေတာဖြစ်တယ်။ မျက်နှာအရေပြားဟာ တစ်နေရာနှင့်တစ်နေရာ အထူအပါး မညီဘူး။ အရေပြားပါးတဲ့ ပါးစပ်တစ်ဝိုက်၊ ပါးပြင်စတဲ့ နေရာတွေမှာ အဖြူကွက်တွေ ပိုဖြစ်တတ်တယ်။ ရေနွေးနဲ့ မျက်နှာသစ်၊ ဆပ်ပြာပြင်းပြင်းတိုက် သနပ်ခါးထူထူလိမ်းရင် ပိုဆိုးတတ်တယ်။ ဒါပေမဲ့ မျက်နှာမသစ်လို့လည်း မဖြစ်ပြန်ဘူး။ ဒါကြောင့်ရေနွေးတတ်နိုင်သမျှ လျှော့သုံးပါ။ အဆီပါတဲ့ဆပ်ပြာပျော့ပျော့ကို အသာအယာဖွဖွတိုက်ပါ။ ပြီးရင် Face Moisturizer ထူထူလိမ်းပေးရပါမယ်။ သနပ်ခါးမလိမ်းရရင် မနေနိုင်ဘူးဆိုရင်တော့ သနပ်ခါးရေကျဲကို လိမ်းတယ်ဆိုရုံ လိမ်းသင့်ပါတယ်။ ပါးကွက်ထူထူကွက်တာမျိုး ရှောင်သင့်ပါတယ်။

သောက်သုံးလို့ရတဲ့ ဆေးဝါးတွေရှိပါသလား။

ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဖြစ်တဲ့ ဗီတာမင်အေ၊ စီ၊ အီးပါတဲ့ဆေးတွေက အရေပြားအတွက်လည်းကောင်းလို့ သောက်နိုင်ပါတယ်။ နောက်ဘီတာကယ်ရိုတင်း Evening Primose Oil ပါတဲ့ဆေးများလည်း သုံးနိုင်တယ်။

 

Healthcare.com.mm

 

Ref:

ဒေါက်တာစိုးဝင်းဦး

(အရေပြားအထူးကုဆရာဝန်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18