Print

နှင်းခူ

  30-Oct-2016
Preview Image

နှင်းခူ၏ယေဘုယျသဘောနှင်းခူသည် အရေပြားကို ထိခိုက်စေသော ဓာတ်မတည့်ခြင်း အခြေအနေတစ်မျိုးဖြစ်သည်။ အရေပြားရောင်ရမ်းခြင်းဖြစ်၍ အသားအရေရောင်ရမ်းနာ ဟုလည်းခေါ်ဆိုနိုင်သည်။ အသားအရေ ရောင်ရမ်းနာ အမျိုးမျိုးရှိသည့်အနက် နှင်းခူဟုဆိုလျှင် လူအများနားလည်လက်ခံကြသည်မှာ ဓာတ်မတည့်ခြင်းကြောင့်ဖြစ် သောအရေပြားရောင်ရမ်းနာ (Atopic Dermatitis) ဖြစ်ပါသည်။ ဤဓာတ်မတည့်ခြင်းသည် အခြားရာသက်ပန် ဓာတ်မတည့်ခြင်းနှင့် သက်ဆိုင်သော ရောဂါများဖြစ်သည့် ပန်းနာရောဂါ (Asthma)၊ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်သော နှာစေး၊ ချောင်းဆိုးရောဂါ (Allergic rhinitis) တို့နှင့် သက်ဆိုင်တတ်ပါသည်။

နှင်းခူသည် အလွန်အဖြစ်များသော အရေပြားရောဂါ တစ်မျိုးဖြစ်သည်။ လူမျိုးမရွေး၊ အသက်ကြီးငယ်မရွေး ဖြစ်နိုင်ပါသည်။ မွေးကင်းစကလေးငယ်များတွင်လည်း ဖြစ်နိုင်ပါသည်။ အရွယ်ရောင်ပြီးသူများ၏ တစ်မှနှစ်ရာခိုင်နှုန်းနှင့် ကလေးငယ်များ၏ ၂၀ ရာခိုင်နှုန်းသည် နှင်းခူရောဂါ ခံစားနေကြရပါသည်။ နှင်းခူရောဂါသည် များသောအားဖြင့် ငယ်ရွယ်စဉ်ကပင် စတင်ဖြစ်ပေါ်လေ့ရှ်ိပြီး ရောဂါခံစားနေရသူအများစုသည် အသက် ၅ နှစ်မပြည့်မီ ပထမအကြိမ် ရောဂါလက္ခဏာများကို ခံစားရလေ့ရှိပါသည်။

အချို့သူများအဖို့ နှင်းခူရောဂါသည် အချိန်ကြာလာသည်နှင့်အမျှ သက်သာလာတတ်ပါသည်။ အများစုအဖို့ နှင်းခူရောဂါသည် နာတာရှည် (သို့) ထပ်ခါထပ်ခါ ဖြစ်တတ်သောရောဂါမျိုး ဖြစ်ပါသည်။ တစ်ကြိမ်တစ်ခါတည်းသာ နှင်းခူဖြစ်ခြင်းမျိုး ရှိနိုုင်သော်လည်း များသောအားဖြင့် နှင်းခူသည် ဘဝတစ်လျှောက်လုံး ပေါ်လိုက်၊ ပျောက်လိုက် (သို့) တောက်လျှေကြ်ရှိနေတတ်ပါသည်။ ယားယံခြင်းကိုကုတ်ခြင်း၊ ပွတ်ခြင်းဖြင့် ဖြေဖျောက်ခြင်းသည် နှင်းခူကို ပို၍ဆိုးစေရုံသာရှိပါသည်။ နှင်းခူကုသမှုများသည် အချိန်လိုအပ်ပြီး အခါခပ်သိမ်း ပြီးပြည့်စုံသော ထိရောက်မှုမပေးနိုင်ချေ။

 

နှင်းခူဖြစ်စေသောအကြောင်းအရင်းများ

အတွေ့ရများသော နှင်းခူဖြစ်စေသည့်အကြောင်းအရင်းမှာ-

- ဆပ်ပြာအမျိုးမျိုး

- သန့်စင်ဆေးရည်များ

- ရာသီဥတု (ပူခြင်း၊ အေးခြင်း၊ စိုထိုင်းခြင်း၊ ခြောက်သွေ့ခြင်း)

- ပတ်ဝန်းကျင်ရှိဓာတ်မတည့်ခြင်းများကို ဖြစ်စေနိုင်သောအရာများ

- ကျောက်မျက်ရတနာများ

- ကိုယ်လိမ်းအလှဆီများ

- အစားအစာ ကိုင်တွယ်ခြင်း

- အဝတ်အစား

- ချွေးထွက်ခြင်း

- လက်အိတ်များ

- ပွတ်တိုက်ခြင်း

- ဗက်တီးရီးယားပိုးမွှားများ

- စိတ်ခံစားမှုနှင့် စိတ်ဖိစီးမှုဒဏ်များ စသည်တို့ပါ၀င်ပါသည်။

ပတ်ဝန်းကျင်ရှိ ဖယ်ရှားမရသော ပြင်ပပစ္စည်းများ၏ လှုံ့ဆော်မှုကြောင့်ဖြစ်သော ပြင်းထန်သည့် ဓာတ်မတည့်ခြင်းများသည် ဆိုးရွားသော နှင်းခူပုံစံများကို ဖြစ်ပေါ်စေပါသည်။

 

နှင်းခူလက္ခဏာသွင်ပြင်များ

ဆေးလောကသားများသည် တစ်ခါတစ်ရံ နှင်းခူကို အဖုအပိမ့်ဖြစ်လာသော ယားယံမှုအဖြစ် ရည်ညွှန်းတတ်ကြသည်။ များသောအားဖြင့် နှင်းခူ၏ပထမဆုံးလက္ခဏာမှာ ယားယံခြင်းဖြစ်သည်။ အဖုအပိမ့်သည် နောက်မှပေါ်လာပါသည်။ အနည်းငယ်ထူ၍ အညီမညာဖြစ်လာပြီးနောက် နီရဲ၍ ရောင်ရမ်းနေသော အရေပြားပေါ်တွင် ကြေးခွံ အဖတ်ဖတ်ခွာခွာခြင်း ဖြစ်ပေါ်လာပါသည်။ ယားယံမှု (သို့) မီးနှင့်ထိိုးသကဲ့သို့ ပူလောင်မှုကို ခံစားရပါသည်။ ကုတ်ခြစ်ထားပါက အရည်ကြည်များ စိမ့်ထွက်နေတတ်ပြီး ချိုးကပ်နေသော အလွှာဖြစ်ပေါ်လာပါသည်။ အထူးသဖြင့် ကလေးငယ်များတွင် တွေ့ရတတ်ပါသည်။ အရွယ်ရောက်ပြီးသူများတွင် ပို၍ထူကဲသောအကြေးခွံများကွာထွက်နေသည့် အညိုရောင်အရေပြားပြင်အ ဖြစ် အတွေ့ရများပါသည်။ အချို့သူများတွင်အနီဖုများ (သို့) အရည်ကြည်ဖုများအဖြစ် တွေရတတ်ပြီး ကုတ်ခြစ်ထားပါက စိုစွက်နေတတ်ပါသည်။ အချိန်ကြာလာလျှင် နာကျင်သောအက်ကွဲကြောင်းများလည်း ဖြစ်ပေါ်လာတတ်ပါသည်။ နှင်းခူသည် ကိုယ်ခန္ဓာ၏မည်သည့်နေရာတွင်မဆို ဖြစ်နိုင်ပါသည်။ အဖြစ်များသော နေရာများမှာ မျက်နှာ၊ လက်မောင်းနှင့် ခြေထောက်များ အထူးသဖြင့် အကွေးအဆန့်နေရာများနှင့် လက်၊ ခြေတို့ဖြစ်ပါသည်။ မျက်နှာနှင့် ခြေ၊ လက်များသည် အခြားခန္ဓာကိုယ် အစိတ်အပိုင်းများထက် ပြင်ပပစ္စည်းများနှင့် ထိတွေ့မှုပိုများသဖြင့် ဤသို့ ပိုအဖြစ်များခြင်း ဖြစ်နိုင်ပါသည်။ ယားယံခြင်းမှာ အလွန်ပြင်းထန်လှသဖြင့် အိပ်ကောင်းခြင်းမအိပ်ရ ဖြစ်နိုင်ပါသည်။

 

နှင်းခူကုသမှု

အိမ်တွင် မိမိကိုယ်မိမိ စောင့်ရှောက်ခြင်း

ဓာတ်မတည့်ခြင်းကို ဖြစ်စေသည့် အကြောင်းအရင်းကို ဖယ်ရှားခြင်းသည် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ကုသမှုဖြစ်ပါသည်။ ၄င်းသည် အဝတ်အစား လျှော်ဖွပ်ရာတွင်သုံးသော သန့်စင်ဆေးရည် ပြောင်းလဲခြင်းကဲ့သို့ ရိုးစင်လွယ်ကူသော အရာဖြစ်နိုင်သကဲ့သို့ ရာသီဥတုမတူသော နေရာသို့ ပြောင်ရွှေ့နေထိုင်ရခြင်း၊ အလုပ်ပြောင်းရခြင်းတို့ကဲ့သို့ ခက်ခဲသောအရာလည်း ဖြစ်နိုင်ပါသည်။

အရေပြားခြောက်သွေ့ခြင်းကိုရေနွေး (ရေပူမဟုတ်ပါ) ရေပန်းဖြင့် ရေချိုးခြင်းအားဖြင့် တားဆီးနိုင်ပါသည်။ ကိုယ်ခန္ဓာသန့်စင်ဆေးရည် (သို့) ဆပ်ပြာအနုစား သုံးနိုင်ပါသည်။ သေချယာစွာ ခြောက်သွေ့အောင်သုတ်ပြီး အရေပြားစိုစွတ်မှုထိန်းပေးသော Lotion များ တစ်ကိုယ်လုံးလိမ်းသင့်ပါသည်။ မွှေးရနံ့ပါသော (သို့) လှုံ့ဆော်စေသည့် ပစ္စည်းများပါသော Lotion များ မသုံးသင့်ပါ။ ကြမ်းသော၊ ခြစ်မိနိုင်သော ကိုယ်ကျပ်အဝတ်အစားများ မဝတ်သင့်ပါ။ အနာကို မကုတ်ပါနှင့်။ မကုတ်ဘဲ မနေနိုင်လျှင် အနာကိုပတ်တီးစည်းထားပါ။ လက်အိတ်စွပ်ထားခြင်းဖြင့် ညအခါ အိပ်ပျော်နေရင်း ကုတ်ခြစ်မိခြင်းကြောင့် အရေပြားဒဏ်ရာရခြင်းကို လျှော့ချနိုင်ပါသည်။ ချွေးထွက်စေသော အရာမှန်သမျှသည် အနာကိုလှုံ့ဆော်နိုင်ပါသည်။ နှင်းခူဆိုးနေစဉ်တွင် ပြင်ထန်သော လေ့ကျင်ခန်းလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ ဓာတ်မတည့်ခြင်း ဖြစ်စေသည့်အရာများကို မဖယ်ရှားနိုင်လျှင် (သို့) မသိလျှင် နောက်တစ်ဆင့်မှာ ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သော ရောင်ရမ်းမှုကို လျှော့ချရန် ဖြစ်ပါသည်။

အပျော့စား စတီးရွိက်လိမ်းဆေး (Hydrocortisone) ကို အယားပျောက်စေသော လိမ်းဆေး (Calamine) နှင့် တွဲ၍ လိမ်းနိုင်ပါသည်။ အနာပျောက်သည်အထိနေ့စဉ် မကြာခဏလိမ်းရန်ဖြစ်ပါသည်။ အယားသက်သာစေရန် Diphenhydramine ကဲ့သို့သော ဆေးများသောက်နိုင်ပါသည်။

 

ဆေးကုသမှု ခံယူသင့်သည့်အချိန်

စတီးရွိုက်လိမ်းဆေးများ နေ့စဉ်မှန်မှန်ရက်အတန်ကြာ လိမ်းနေသည့်ကြားမှ နှင်းခူပို၍ဆိုးလာနေလျှင် (ပိုပြန့်လာခြင်း၊ ပိုနှီလာခြင်း၊ နာကျင်ခြင်း၊ ပူလာခြင်းစသည်) တတ်ကျွမ်းသူဆရာဝန်နှင့် ပြသင့်ပါသည်။ နေရထိုင်ရ အလွန်မသက်မသာဖြစ်ပြီး အိပ်ခြင်း၊ အလုပ်နှင့် အခြားနေ့စဉ်လုပ်ငန်းများ လုပ်ဆောင်ရာတွင် နှောက်အယှက်ဖြစ်လာလျှင် တတ်ကျွမ်းသူဆရာဝန်နှင့်ပြသင့်ပါသည်။

ယေဘုယျအားဖြင့်နှင်းခူသည် အရေပေါ်ရောဂါမဟုတ်ပါ။ ပြင်းထန်သော လှုံ့ဆော်မှုကြောင့် အရေပြားပျက်စီးသွားပြီး ပုံမှန်ဆေးကုနေကျဆရာဝန်နှင့် ၂၄ နာရီအတွင်း တွေ့ဆုံနိုင်ခြင်းမရှိသောအခါများ တွင် ဆေးရုံအရေးပေါ်ဌာနသို့ ပြသသင့်ပါသည်။ ကိုယ်ခံအားကျဆင်းနေသူများနှင့် အချို့သောအခြေအနေ (ဆီးချို၊ ကင်ဆာဆေးများ သောက်နေရခြင်း၊ အရက်စွဲခြင်း၊ အေအိုင်းဒီအက်စ်၊ အသက် ရ၀ ကျော်စသည်) တို့တွင်နှင်းခူ၌ ပိုးဝင်သော လက္ခဏာများရှိပါက ဆေးရုံအရေးပေါ်ဌာနသို့ ပြသသင့်ပါသည်။

 

Ref:

ဒေါက်တာခိုင်ခိုင်ဇော်

အရေပြားရောဂါအကြောင်း တစေ့တစောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18